အခုတလော အပြင်မှာစားဖြစ်သော ရက်တွေ တော်တော်ကို များနေသည်။ ထို့ကြောင့် ဒီနေ့တော့ အိမ်မှာ တခုခုချက်အုံးမှပဲဟု စဉ်းစားကာ ရေခဲသေတ္တာကို ဖွင့်လိုက်သည်။ ခဲနေသော ဘူးများကို တခုချင်းစီ အတင်း ပြုးပြဲ ကြည့်သည်။ ဘာချက်ရရင် ကောင်းမလဲ စဉ်းစားသည်။ သိပ်ဦးနှောက် မခြောက်လိုက်ရခင်မှာ… တနေ့က ဝယ်ထားသော ဝက်အူချိုတဗူး၊ ဝက်အသည်း တဗူးနှင့် အတူ ဟင်းသီးဟင်းရွက်များအကြားမှ ခပ်စိမ်းစိမ်း စိုက်ကြည့်နေသော သရက်သီး အစိမ်းနှစ်လုံးကို တွေ့လိုက်ရသည်။ ထိုအခါ ခေါင်းထိပ်မှာ မီးသီးလေးလင်းသွားသော ကာတွန်းကွက်ကို သတိရသွားသည်။ ဟုတ်ပြီ... ဝက်သားတုတ်ထိုး လုပ်မည်။ သရက်သီးကြော်မည်… သူများတွေ သရက်သီး ငပိချက်ဟု ခေါ်ကြမည် ထင်သည်။ ဒီကတော့ ငပိ မထည့်မှာမို့ သရက်သီးကြော်ဟုသာ လွယ်လွယ် ခေါ်ကြပါစို့…
သရက်သီးတွေကို ဒါးနဲ့ပေါက်
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငြုတ်သီးအကြမ်းမှုန့် နှင့် ပုဇွန်ခြောက်မှုန့်တွေ အသင့်ပြင်
ဆနွင်းမှုန့်၊ ဆီ၊ ငန်ပြာရည် နှင့် အချိုမှုန့်များက သက်ဆိုင်ရာ ပုလင်းတွေထဲမှာ အသီးသီး ရှိနေကြ (ဓါတ်ပုံမရိုက်သော်လည်း မြင်ယောင်ကြည့်ကြစေချင်သည်)
ကြက်သွန်ဖြူ နီ ဆီသတ်
ကြက်သွန်အတော်နွမ်းတော့ ငြုတ်သီးအကြမ်းမှုန့်ထည့် မီးခပ်အေးအေးနဲ့ကြော်
ငြုတ်သီးတွေ ကျက်လောက်ပြီဆိုတော့ ပုဇွန်ခြောက်မှုန့် ထည့် မွှေ
တခဏအကြာမှာ သရက်သီးဒါးပေါက်တွေထည့် (ချက်နေရင်း သွားရည်ကျမှုကို ကာကွယ်ရန် ရေတခွက် သွားသောက်သည်)
ငါးမိနစ်ခန့် မွှေရင်း ငန်ပြာရည် အနည်းငယ်နှင့် (ဘေးဘီဝဲယာကို မသိမသာ ကြည့်ကာ) အချိုမှုန့် တဇွန်း အပြည့် ထည့်ပလိုက်သည်။ ဟော... ဒီမှာ သရက်သီးကြော်ရပြီ (ငြုတ်သီးစိမ်းတောင့်ကလေး တတောင့်တလေမျှပင် အိမ်မှာ မရှိသောကြောင့် သရက်သီးကြော်သည် လှသင့်သလောက် မလှ…)
တချိန်ထဲမှာ သကြား ကြက်သွန်ဖြူ ဂျင်းတို့ကို ဆီသတ်ပြီး ဝက်အူချိုနှင့် အသည်းတို့ကို တပါတည်း ဆီသတ်ကာ Pressure Cooker တွင် ၅ မိနစ်ခန့် ပေါင်းသည်။ ကြက်ဥ ၆ လုံး ပြုတ်သည်။ ပြီးတော့ ခုနက ပေါင်းအိုးထဲ ထည့်၊ အနားမှာ ဘယ်သူမှ မရှိတာ သေချာသည်မို့ အချိုမှုန့် တဇွန်းကို တည်တည်ငြိမ်ငြိမ်ဖြင့် ထည့်လိုက်နိုင်သည်။ ပြီးတော့ ၅ မိနစ်ခန့် ထပ်ပေါင်းသည်။ ထိုအခါ ပုံပါအတိုင်း ဝက်သားတုတ်ထိုး ဆန်ဆန် ဟင်းတခွက်ရ၏။
အားလုံးပြီးစီးသွားသောအခါ ထိုဟင်းနှစ်မျိုးကို စားပွဲပေါ်တင်လိုက်ကာ ရေနွေးကြမ်း နှစ်ခွက်ပါ ပြင်လိုက်ရင်း စားကြမယ်ဟေ့... ဟု ခပ်ကျယ်ကျယ်လေး ခေါ်လိုက်သည်။ မီးဖိုထဲသို့ သူ ဝင်လာသည်။ ထမင်းခူးရန် ပန်းကန်ပြား နှစ်ချပ်ယူကာ ထမင်းအိုးကို ဖွင့်လိုက်သည်။ ဒန်... ဟန်... ဟန်... ထမင်းကား မချက်ရသေးချေ။ သူ လှည့်ကြည့်နေသည်ကို မသိချင်ယောင်ဆောင်နေလိုက်သည်။ ဒီမှာ ဒီလောက် ချက်ပြုတ်ထားတာ ထမင်းချက်ဖို့ မေ့သွားတာ အပြစ်လာမပြောနဲ့… ဟူသော မျက်နှာပေးဖြင့်…
အချိန်ကြည့်လိုက်တော့ ၂ နာရီ ထိုးတော့မည် ခုနေမှချက်လျှင် နောက်ထပ် နာရီဝက်ခန့် စောင့်ရဦးမည်။ ဆန်အဖြူကို ချက်လျှင် ထိုမျှလောက်မကြာ.. သို့သော်အိမ်မှာက ဆန်အညိုစားသည်။ ချက်ရတာ ပိုကြာသည်။ ရှိစေတော့…
ထိုဝက်သားတုတ်ထိုး၊ ကြက်ဥ နှင့် သရက်သီးကြော်ကို ရေနွေးကြမ်း သောက်ရင်း ခပ်တည်တည်ဖြင့် သည်အတိုင်း ထိုင်စားလိုက်ကြသည်။ စားနေစဉ်မှာ သူက သူ့ဖုန်းကို မျက်နှာနား လာထိုးပြသည်။ သူပြလာသော ဓါတ်ပုံကိုကြည့်ကာ အသံထွက် ရယ်မောနေစဉ် သူက နောက်တပုံ ထပ်ပြသည်။ ထိုပုံကိုတွေ့သောအခါတွင်မူ မရယ်နိုင်တော့ချေ။
ပုံ (၁) မှာ ဘေစင်နှစ်ခြမ်းစလုံး ပြည့်နေသော၊ အသုံးပြုပြီး ပေရေနေသော အိုးခွက် ပန်းကန် ယောက်မ ဇွန်း တို့ ဖြစ်ကြပြီး ပုံ (၂) မှာ ချွေးတလုံးလုံးဖြင့် ညစ်ပတ် ပေတူးနေသော အိမ်ရှင်မ ပုံ ဖြစ်ပါသည်။ ထိုပုံများမှာ ပရိသတ်ကြီး မမြင်သင့်သော ပုံများ ဖြစ်နေသောကြောင့် ဝမ်းနည်းစွာဖြင့် ချန်လှပ်ထားခဲ့ရပါသည်။
တော်သေးပြီ…။
![]()