ဒီနေ့ သြဂုတ်လ ၃၁ ရက်နေ့ဟာ ၈ နှစ်မြောက် Blog Day ပါ…
Happy Blog Day လို့ စာရေးဖေါ် ဘလော့ဂါ အားလုံးကို နှုတ်ဆက် ဆုတောင်းပါတယ်…။
Blog Day ရဲ့ အစဉ်အလာ မပျက်… ကြိုဆို မိတ်ဆက်ပေးစရာ ဘလော့ဂ် အသစ် ငါး ခု ရှိပါတယ်…။ ဒီမှာပါ…
၁) ရွှေအိမ်စည်
၂) ကြယ်ပြာရဲ့ အိမ်ကလေး
၃) Adora & etc.
၎) ရိုးမြေကျ
၅) ရင်လှိုင်းခတ်သံ
တော်တော်များများကတော့ သိပြီးသားတွေ ဖြစ်နိုင်ပါတယ်... မသိသေးဘူး... အလည် မရောက်ဖူးသေးဘူးဆိုရင်တော့ သွားလည်ပြီး စာဖတ်ကြဖို့ မိတ်ဆက်ပေးတာပါ...။
Blog တွေရဲ့ ရေစီးကြောင်းနဲ့ Blogger တွေရဲ့ သမိုင်းကြောင်းကို ဝါရင့် ဘလော့ဂါတွေ ဖြစ်ကြတဲ့ ကိုအောင်သာငယ်၊ ကိုရန်အောင်၊ ညီမ ပန်ဒိုရာနဲ့ ညီမ ကေတို့ ရေးထားပြီး ဖြစ်တဲ့အတွက် ကျွန်မ အချောင်ခိုလို့ ရသွားပါတယ်…။ သူတို့ရေးတာတွေ ဖတ်ပြီး ကုန်လွန်ခဲ့တဲ့ အချိန်တွေ… အရှိန်ကောင်းကောင်းနဲ့ စီးဆင်းခဲ့တဲ့ ဘလော့ဂ်ရေစီးကြောင်းနဲ့အတူ ပျောက်နေတဲ့ စာရေးဖေါ် ဘလော့ဂါတွေကိုလည်း သိပ်သတိရမိပါတယ်။
အခုလို Blog Day ဆိုတဲ့ အမှတ်တရ နေ့ကြီးမှာ အဆက်မရှိ အစပ်မရှိနဲ့ ဘာကိုမှ မငဲ့ပဲ ဖွင့်ပြောရမယ်ဆိုရင် လောလောဆယ်မှာ ကိုယ့်ကိုယ်ကိုယ် ဟိုမရောက် ဒီမရောက် ဖြစ်နေတယ် လို့ ခံစားရပါတယ်…။ ကျန်တဲ့ ဘလော့ဂါတွေ ဘယ်လို ခံစားရတယ် ဆိုတာ ကျွန်မ မမှန်းတတ်ပါဘူး…။ ဒါပေမဲ့ ကျွန်မကိုယ် ကျွန်မတော့ တကယ်ပဲ ဟိုမရောက် ဒီမရောက် ဖြစ်နေတယ် လို့ ခံစားရပါတယ်။ ဝါသနာအရ စာရေးခြင်းနဲ့ အတူ ကန့်ကွက်မဲ့သူ မရှိ၊ တားမြစ်မဲ့သူ မရှိ၊ စီစစ်မဲ့သူမရှိ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို ဘလော့ဂ်က ပေးခဲ့တယ်။ ရေးတယ် ဖတ်တယ်… စိတ်ရှိသလို ရေးတယ်… လွတ်လွတ်လပ်လပ် ရေးတယ်… ရေးချင်သလို ရေးခဲ့ပါတယ်…။ ရေးပြီးတဲ့နောက် စာဖတ်သူ မျှော်တတ်တာလည်း ငြင်းစရာ အချက် မဟုတ်ပါဘူး…။ ဟုတ်ကဲ့… ကျွန်မ စာတစ်ပုဒ် ရေး တင် လိုက်တိုင်း စာဖတ်သူ မျှော်တတ်ပါတယ်…။
အဲဒီလိုနဲ့ ဘလောဂင်း ခဲ့တာ ၆ နှစ်ကျော်ခဲ့ပါပြီ…။ လွန်ခဲ့တဲ့ နှစ်ပိုင်းကစလို့ ဘလော့ဂ်မှာ စာဖတ်သူ သိသိသာသာ ကျသွားပါတယ်… ဆိုရှယ် နက်ဝတ်ကင်း လို့ ခေါ်ရမဲ့ Facebook ကြောင့်ပါ…။ (ကေ ကတော့ နတ်ဆိုးကြီး တဲ့…) ဒါပေမဲ့လည်း မတတ်နိုင်ဘူး… ကိုယ်တိုင်က အွန်လိုင်းမှာ ရပ်တည်နေတဲ့ ဘလော့ဂါတစ်ယောက် ဖြစ်တဲ့အတွက် ခေတ်ရေစီးကြောင်းအတိုင်း လိုက်ပါ စီးမျောရတာပါပဲ…။ ဘလော့ဂ်မှာလည်း စာရေး… FB မှာလည်း တချိန်ထဲ တင်… စာရေးသူ စာဖတ်သူ မိတ်ဆွေတွေ တိုးပွား… ချိုသာစကား ပျူပျူငှာငှာ ပြောဆို… ဒီလိုနေခဲ့ပါတယ်။ ပျော်စရာ ကောင်းသလောက်လည်း ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာကတော့ ဘလော့ဂ်တွေမှာ စာဖတ်သူ သိသိသာသာ လျော့နည်းသွားတယ် ဆိုတာပါပဲ…။
အခုနောက်ပိုင်းမှာ ဘလော့ဂ်ပေါ်မှာ စာရေးသူတွေရဲ့ စာတွေ မဂ္ဂဇင်းစာမျက်နှာတွေပေါ်ကို တစ တစ ရောက်ရှိဖို့ အကြောင်းဖန်လာပါတယ်…။ ကျွန်မ ကိုယ်တိုင်လည်း တချို့စာလေးတွေ မဂ္ဂဇင်းမှာ ပါ လာပါတယ်။ ဘယ်လိုခံစားရလဲ… ဟုတ်လား… ပျော်တာပေါ့… ကိုယ်စာလေးတွေ ပုံနှိပ်စာလုံးနဲ့ မြင်ရတော့ ပျော်တာပေါ့…။ ကြိုးစား ပမ်းစား ရေးချင်စိတ်လည်း ပေါ်လာတယ် ဆိုတာ အမှန်ပါ…။ ဒီလိုနဲ့ တဖြည်းဖြည်း ကိုယ့်စာတွေ စာမျက်နှာ တော်တော်များများမှာ ပါလာတယ်။ ဘလော့ဂါတွေ စုပြီး ထုတ်ကြတဲ့ စာအုပ်တွေလည်း ပေါ်လာတယ်…။ တကယ် ဝမ်းသာစရာပါ။
ဒါပေမဲ့ ဘာဖြစ်လာသလဲ ဆိုတော့ အရင်ကဆို ဘာအကြောင်းအရာလေးပဲ တွေ့တွေ့ စာလေးစီပြီး ဘလော့ပေါ် ချက်ချင်း ချက်ချင်း ပေါ့ပေါ့ပါးပါး တင်ပလိုက်တတ်ပါတယ်…။ အရင်ကဆို ဟင်းတခွက်နဲ့လည်း ပိုစ့် တစ်ပုဒ် ဖြစ်သလို ပန်းတပွင့်နဲ့လည်း ပိုစ့်တစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ တခါ တခါဆို တစ်ရက်ထဲမှာ ပိုစ့် နှစ်ပုဒ် ဖြစ်သလား… ဖြစ်ခဲ့ဖူးပါတယ်…။ အခုတော့ ဒီလိုမဟုတ်တော့ဘူး။ တခုခုဆို ကုန်ကြမ်းတွေ စုထားသလို ရေးစရာရှိတာလေးတွေကို ဘလော့မှာ အကုန် ချမရေးလိုက်ပဲ တေးမှတ်ထားတတ်လာတယ်… တွေ့ရာ မြင်ရာတွေကို ဘလော့မှာ အကုန်ရေးမတင်ပဲ ထိန်းတတ်လာတယ်…။ တခုခုရေးမိပြီဆိုရင်လည်း အချက်အလက်တွေ မမှန်မှာလည်း စိုးရွံ့လာတယ်… ရေးသမျှကို ကောင်းအောင် မှန်အောင် အတင်းကြိုးစားလာတယ်…။ ပြောရရင် ဝါသနာအလျောက် ရေးသားဖန်တီးနေတဲ့ စာတွေကို အမျိုးအမည် နာမည်တပ်လို့မရတဲ့ တစုံတရာကြီးက ထိန်းချုပ်နေသလို ဖြစ်လာတာမျိုး… ဘလော့ဂါ တစ်ယောက် ဘဝကနေ မဂ္ဂဇင်းပေါ် ရေးနေသူ တစ်ယောက်လိုလို စိတ်ကြီးဝင်ချင်လာတာမျိုး… လို့ပဲ ဆိုကြပါတော့။
တခုခု ပေါတိ ပေါတောတွေ ရေးမိရင် ကိုယ့်သိက္ခာပဲ ကျသွားတော့မလို…။ ရောက်တတ်ရာရာတွေ ရေးမိရင်၊ ရယ်စရာတွေ ရေးမိရင် ရှက်ပဲ ရှက်ရတော့မလို… အဲဒီလိုတွေ ဖြစ်လာတယ်…။ တခါတခါမှာ စာတွေ ရေးတယ်… ဝတ္ထု အက်ဆေး စသည်ဖြင့်ပေါ့…။ ရေးပြီး ဘလော့မှာ တင်မယ် ကြံလိုက်တော့ စိတ်က ဒွိဟ ဖြစ်တယ်… ဟယ်… ဒါလေးကို ဟိုကို ပို့လိုက်ရ ကောင်းနိုး… ဒီကို ပို့လိုက်ရ ကောင်းနိုးနဲ့ ချီတုံချတုံဖြစ်လာတယ်… ရေးပြီးသား စာလေးတစ်ပုဒ်ကို ဘလော့ဂ်မှာ တင်လိုက်ရမှာ နှမြောသလိုလို… ဘလော့ဂ်နဲ့ပဲ မတန်သလိုလို စိတ်မျိုး ဝင်လာတယ် ဆိုတာ ကိုယ့်ဟာကိုယ် သတိထားလိုက်မိတယ်…။ တစ်ခါကနေ နှစ်ခါ… နှစ်ခါကနေ သုံးခါ… အဲဒီလိုတွေ သတိထားမိတဲ့ အကြိမ်ပေါင်း များလာတော့ ဘုရား တ မိတယ်…။ တစ်ခုခုတော့ မှားနေမှန်း သိလာတယ်…။
အဲဒီနောက်တော့ ကျွန်မ ကိုယ် ကျွန်မ သေသေချာချာ လေ့လာ သုံးသပ်ပါတယ်…။ အဖြေတစ်ခု ထွက်ပါတယ် အဲဒါကတော့ ကျွန်မ ဟိုမရောက် ဒီမရောက် ဖြစ်နေပြီ ဆိုတာပါပဲ…။ အဲဒီ ဟိုမရောက် ဒီမရောက် ဆိုတဲ့ အနေအထားကနေ ပြောင်းပစ်ပြီး လွတ်လပ်ပေါ့ပါးတဲ့ ရေးဟန်နဲ့ ရေးဖွဲ့ထားတဲ့ စာတစ်ပုဒ် ဖြစ်လာဖို့၊ ထိန်းချုပ် ချည်နှောင်ခြင်း ကင်းတဲ့ စာတစ်ပုဒ် ဖြစ်လာဖို့၊ သဘာဝကျကျ ရိုးသားပြီး လတ်ဆတ် သစ်လွင်တဲ့ စာတပုဒ် ရေးဖွဲ့ဖြစ်ဖို့ ကျွန်မ ပြန်ကြိုးစားတော့မယ်…။ စာရေးခြင်းရဲ့ အစဟာ ဘလော့ဂါ ဘဝကနေ စခဲ့တာမို့ အွန်လိုင်း ဒိုင်ယာရီလေးတစ်ခုနဲ့ တူတဲ့ ဘလော့ဂ်မှာ အတတ်နိုင်ဆုံး စာမှန်မှန် ပြန်ရေးတော့မယ်လို့ တွေးထားပါတယ်။
ကျွန်မ ဆက်လက် ဖန်တီးမယ့် စာတွေထဲက ဇာတ်ကောင်ဟာ ကိုကိုလည်း ဖြစ်နိုင်သလို မောင်လည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ကျွန်မရဲ့ လက်ရှိဘဝနဲ့ ဘာမှ မသက်ဆိုင်တဲ့ ဇာတ်ကောင်စရိုက်မျိုးတွေလည်း ပါကောင်း လာပါလိမ့်မယ်…။ ဒီအခါမှာ စာတစ်ပုဒ်ကို ဖတ်ပြီး စာရေးသူနဲ့ ယှဉ်တွဲ ကြည့်မြင်တတ်တဲ့ အမြင်လေးတွေကို ဖျောက်ပေးဖို့ စာဖတ်သူတွေကို တောင်းဆိုရပါလိမ့်မယ်…။
နောက်တခုက ဘလော့ရေးကြတဲ့ အထဲမှာ ယနေ့ထိတိုင် ဘလော့ဂင်းရဲ့ သဘော သဘာဝအတိုင်း ဘာကိုမှ ဂရုမစိုက်ပဲ သူ့ ရပ်တည်ချက်နဲ့သူ၊ သူ့ ယုံကြည်ချက်နဲ့သူ ဘလော့ဂါတယောက် ပီသစွာ မပျက်မကွက် ရေးနေသူကတော့ ချစ်ရတဲ့ အမ မခင်ဦးမေပါ…။ မမကိုလည်း ဒီနေရာကနေ Happy Blog Day လို့ နှုတ်ဆက်ပါတယ်နော်…။
တနေ့က ကျွန်မ လက်ကိုက်တာကို အကြောင်းပြုပြီး အိတ်မှောက် ဖာသွန် နှစ်ဆယ့်ခွန် ဆိုတဲ့ ပိုစ့်ရေးခဲ့ပါတယ်…။ ပြီးတော့ မနော်နဲ့ မချစ်က အစပြုလို့ စာရေးဖေါ် မောင်နှမတွေ အချင်းချင်း Tag လိုက်ကြတာ ပုံစံစုံ ဒီဇိုင်းစုံ အရောင်စုံ အသွေးစုံ အိတ်တွေ သွန်ကြ မှောက်ကြတာ တပျော်တပါးကြီး မြင်တွေ့ရပါတယ်။ အိတ်မှောက် ဖာသွန် နှစ်ဆယ့်ခွန် ၊ အိတ်မှောက် သွန်ပစ် နှစ်ဆယ့် ရှစ် ၊ အိတ်မှောက် သွန်ထိုး နှစ်ဆယ့်ကိုး ၊ အိတ်ကလေး ပြင်တယ် ရက်သုံးဆယ် ၊ အိတ်ကို ထုတ်စစ် သုံးဆယ့်တစ်…. စတဲ့ ခေါင်းစဉ်တွေနဲ့ Tag Post လေးကို ချစ်ခင်စွာ ရေးသားကြတဲ့ စာရေးဖေါ် မူလလက်ဟောင်း ဘလော့ဂါ အဟောင်းများ နဲ့ မကြာသေးမီကမှ ခင်မင်သိကျွမ်းခဲ့ရတဲ့ ဘလော့ဂါ အသစ် ညီမငယ်များ အားလုံးကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ၂၀၁၃ ခုနှစ် Blog Day မှာ အမှတ်တရ မှတ်တမ်းတင်အပ်ပါတယ်။
ချစ်မိတ်ဆွေ ဘလော့ဂါများ အားလုံးအတွက် Happy Blog Day ဖြစ်ကြပါစေ…။
![]()