Quantcast
Channel: သက်ဝေ
Viewing all 164 articles
Browse latest View live

အဝါရောင်အလွမ်းများ

$
0
0
မြင်လွှာအောက်တွင် အ၀ါရောင်တောက်တောက် ကျူးလစ်ပန်းခင်းကြီး တစ်ခင်း ရှိနေခဲ့ပါသည်။ စိမ်းရင့်နေသော အရိုးတံများတွင် ပွင့်ဖူးနေကြသော ကျူးလစ်ပန်းများ၊ ပန်းတစ်ပွင့်ခြင်းစီ၏ နူးညံ့သောပွင့်ချပ်များသည် တရိပ်ရိပ်မြင့်တက်လာသော အလွမ်းများ ဖြစ်ကြပါသည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။
ထိုကျူးလစ်ပန်းခင်း၏ အခြားတစ်ဖက် (သို့မဟုတ်) နူးညံ့မှုများ၏ မလှမ်းမကမ်းတွင် ဖွဲ့သီပြ၍ မမှီနိုင်အောင် လှပနုညံ့သော ချစ်ခြင်းများ ရှိနေပါသည်။ လေတစ်ချက်အဝှေ့တွင် အ၀ါရောင်ကျူးလစ်ပန်းကလေးများက တညီတညာထဲ ယိမ်းနွဲ့ကခုန်ကြသည်။ ထိုအချိန်တွင် ဆန္ဒတစ်စုံကြောင့် စိတ်ရှည်လက်ရှည် ဖြီးသင်မွေးမြူထားရသော ဆံနွယ်မျှင်များကလည်း လေပြေနှင့်အတူ လိုက်ပါ ကခုန်ကြသည်။ ထိုဆန္ဒတစ်စုံ၏ နောက်ကွယ်တွင် နာကျင်မှု အစွန်းအစများ ပါဝင်ကောင်း ပါဝင်နေပါလိမ့်မည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။
မကြာခင် ကျူးလစ်ပန်းများဆီမှ ဂီတသံ တိုးသဲ့သဲ့ကို ကြားရသည်။ သူတို့၏ ဂီတသံမှာ တိုးတိမ်သောညင်သာစွာ တီးခတ်လိုက်သော တယောသံနှင့် ဆင်တူပါသည်။ အသံလာရာ ကျူးလစ်အ၀ါပွင့်ကလေးများအနားသို့ တိုးကပ်သွားသောအခါ ပီသသော သီချင်းသံကို ကြားနာရပါသည်။ အသံကိုအားမရသောကြောင့် ခေါင်းကို ငုံ့ကိုင်းရင်း ပန်းကလေးများ အနား တိုးကပ်ကာ အာရုံစူးစိုက်ရင်း နားဆင်မိပါသည်။ ထိုအခါ ဆံပင်ရှည် အဖျားများနှင့် ပန်းဝါ ပွင့်ချပ်ကလေးတို့ အမှတ်မထင် ထိတွေ့မိကြပါသည်။ ထိုအထိအတွေ့၏ တိမ်းမူးဖွယ် ညင်သာမှုကို စကားလုံးများဖြင့် ဖွင့်ပာ မပြတတ်ခဲ့ပါ။ ထိုအခိုက်အတန့်သေးသေးလေးတွင် ဆံပင်ရှည်တွေကို ကိုယ်နဲ့ တွေ့ပြီးမှ ညှပ်ပါနော် ဟု တဖွဖွ မှာကြားတတ်သူတစ်ယောက်ကို ဖျတ်ကနဲ လွမ်းတမ်းတမိပါသည်။ သူ့ အမှာစကားကြောင့် နံနက်စောစော အိပ်ရာထ ဆံပင်ဖြီးသောအချိန်များ လှပစွာ ချိုမြိန်ခဲ့ဖူးသည်ကိုလည်း ပြန်လည်အမှတ်ရလာပါသည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။
သိပ်သည်းလှသော အလွမ်းများဖြင့် ကျူးလစ်ပန်းခင်း အနီးမှ ထကာ ခပ်လှမ်းလှမ်းအရောက်တွင် ရုတ်တရက် နောက်သို့ပြန်လှည့်ကြည့်လိုက်မိပါသည်။ ဝေးကွာသွားသော်လည်း လှပသော ခိုင်မြဲသော ချစ်ခြင်းများက နွေးထွေး လင်းလက်သော နေရောင်ခြည်အောက်တွင် အရောင်တလက်လက် တောက်ပနေမြဲ ဖြစ်ပါသည်။ပန်းကလေးများ၏ မွှေးပျံ့သော ရနံ့များအကြားတွင် မိန်းမူးရင်း စာဖတ်ရန် အိတ်ထဲတွင်ပါလာသော စာအုပ်ကလေးကို ဆွဲထုတ်လိုက်ပါသည်။ စာအုပ်အမည်မှာ ချစ်မိတဲ့အခါ ဟု ခေါ်ပါသည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။

ခြားနားနေသော အကွာအဝေးတစ်ခု၏ ရလာဒ်အဖြစ် ဝန်တိုပူပန်ခြင်းနှင့် လွမ်းဆွတ် သတိရခြင်းတို့က တံခါးကြားထဲ လေတိုးသကဲ့သို့ တကျိကျိနှင့် စိတ်အစဉ်ကို ဝင်ရောက် တိုးဝှေ့ ချယ်လှယ်နေကြပါသည်။ ကျူးလစ်ပန်းတို့၏ ပွင့်ချပ်များက လှသလောက် အလွမ်းများက မလှမပနှင့် တဆိတ် ခါးသက်သက်နိုင်လွန်းလှသည်။ ထိုစဉ် ပွင့်ချပ်တစ်ခုပေါ်တွင် ခိုတွယ်နေသော လိပ်ပြာအနက်ကျားလေး ရုတ်ကနဲ ထပျံသွားပါသည်။ လုံလောက်သော ဝတ်ရည်ချိုမြ ရှာမရသောကြောင့်ဟု အတတ်သိနေခဲ့သည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။မြင်နိုင်ပါလိမ့်မည်။
ဖန်တီးပြုပြင်ထားသော အေးစက်စက် ရာသီဥတု အတုအောက်တွင် အစဉ်သဖြင့် အေးစက်ထုံကျင်နေတတ်သော လက်ဖျားများ ရှိနေခဲ့ပါသည်။ ထိုလက်ဖျားများကို နွေးထွေးစေခဲ့သော လက်တစ်စုံအကြောင်း ဖျတ်ကနဲ တွေးမိပါသည်။ ထိုသို့တွေးမိသော် ရင်တွင်းတစ်နေရာမှ နာကျင်ခံခက်သော ဝေဒနာ တစ်စွန်းတစ်စကို ရရှိပိုင်ဆိုင်လာတတ်ပါသည်။ ထိုဝေဒနာသည် အက်စ်ပရက်စိုတစ်ခွက်ကဲ့သို့ ပြင်းရှ ခါးသက်သော်လည်း မူးယစ်ဆေးသဖွယ် တမ်းမက်စွဲလမ်းချင်စရာအတိ ဖြစ်ပါသည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။
ချစ်ခြင်းတွင် ပျော်ရွင်ချမ်းမြေ့ခြင်းများနှင့်အတူ ခါးသီးသော နာကျင်ခံခက်စရာများ တွဲလျက်ရှိနေသည်ပဲ။ မခံမရပ်နိုင်သော ဝေဒနာများအတွက် ထုံဆေးအနည်းငယ် လိုအပ်ပါလိမ့်မည်။ စမ်းသပ်ကြည့်စေချင်ပါသည်။ နာကျင်ခံခက်စရာများနှင့် တွေ့ကြုံရလျှင် ထုံဆေးကို သုံးလိုက်ပါ။ သက်သာရာ ရနိုင်ပါလိမ့်မည်။ သာယာကြည်နူးမှုများအတွက်တော့ ထုံဆေးအာနိသင်ကို ပြယ်စေလိုက်ပါ။ ကြည်နူး ပျော်ရွှင်သော အရသာကို အပြည့်အဝ ခံစားပါ။ သို့သော် ထုံဆေးပြယ်ချိန်တွင် အနာတရများသည် ပုံမှန်ထက် အဆပေါင်းများစွာ ပိုမို နာကျင်တတ်သည်ကို သတိပြုစေချင်သည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။
ရေးလက်စစာကို ဤနေရာတွင် ရုတ်တရက် ရပ်နားလိုက်ချင်ပြီ။ ဆက်ရေးချင်စရာ စကားလုံးများ ရှိကောင်း ရှိနေနိုင်ပါသေးသည်။ သို့သော် စာရေးခြင်း၊ စာဖတ်ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း၊ သတိရလွမ်းဆွတ်ခြင်း၊ ပျော်ရွင်ကြည်နူးခြင်း၊ ထိခိုက်ကြေကွဲခြင်း အစရှိသော ခံစားမှုများထက် ကျူးလစ်ပန်းများကို တမေ့တမော ငေးမောနေရခြင်းက ပိုအရသာရှိပြီး ပိုစွဲမက်ဖွယ် ဖြစ်လို့နေခဲ့ပါသည်။ စိတ်ထဲတွင် ပြောချင်စရာ၊ ချရေးချင်စရာ စကားလုံးများပေါ်လာတိုင်း ကျူးလစ်ပန်းကလေးများကို တီးတိုး ပြောပြဖြစ်မည်ဟု ယုံကြည်နေပါသည်။ သေချာသည်ကတော့ ထိုကျူးလစ်ပန်းခင်း၏ အခြားတစ်ဖက်တွင် ဖွဲ့သီပြ၍ မမှီနိုင်အောင် လှပ နုညံ့သော ချစ်ခြင်းများ ရှိနေပါသည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။

သက်ဝေ
(၀၃ မေ ၂၀၁၄)

ၾက ာ သ ပ ေ တ း ေ န့ သ ည် ခ ရ မ်းေ ရာ င်

$
0
0
ယနေ့ ကြာသပတေးနေ့ ဖြစ်သည်။ ကြာသပတေးနေ့ကို ကိုယ်စားပြုသော အရောင်မှာ ခရမ်းရောင် ဖြစ်သည်ဟု တိတိကျကျ ဆိုကြသည်။ ခက်နေသည်က သိစိတ်ထဲမှာရော မသိစိတ်ထဲမှာပါ ကြာသပတေးနေ့ကို ချစ်ခင်နှစ်သက်သလောက် ခရမ်းရောင်ကို အနည်းငယ်မျှ နှစ်သက်၍ မရခြင်းပင် ဖြစ်သည်။ ထိုအချိန်လေး အတွင်းတွင် တစ်စုံတစ်ယောက်က ကြာသပတေးနေ့နှင့် ခရမ်းရောင်တို့ အစစ အရာရာမှာ လိုက်ဖက်ညီသည်၊ ကြာသပတေးကို ချစ်လျှင် ခရမ်းရောင်ကိုပါ တတွဲတည်း ချစ်ခင်သင့်သည်ဟု ဆိုလာခဲ့တာ ဖြစ်သည်။ ထိုအဆိုကို မှန်၏ မမှန်၏ ငြင်းချက်မထုတ်သေးမီ ခရမ်းရောင်ကို အနီးကပ်လေ့လာဖို့ လိုသည်ပဲ ဟု ဆုံးဖြတ်လိုက်သည်။



ဆိုခဲ့သည့်အတိုင်း ခရမ်းရောင်ကို အရင် လေ့လာခဲ့သည်။ ခရမ်းရောင်အကြောင်းကို ဖတ်ရှုလေ့လာမိသလောက် ပြောပြရသော် ခရမ်းရောင်သည် အနီနှင့် အပြာတို့၏ ပေါင်းစပ်မှု ရလာဒ်တစ်ခု ဖြစ်သည်။ ခရမ်းရောင်သည် တရားမျှတခြင်းကို ဖေါ်ဆောင်သည်။ ခရမ်းရောင်သည် စိတ်နှလုံး အေးချမ်းငြိမ်သက်မှုကို ကိုယ်စားပြုသည်။ ခရမ်းရောင်သည် သစ္စာတရား၏ ပြယုဒ်တစ်ခု ဖြစ်သည်။ ခရမ်းရောင်ကို ကလေးသူငယ်များကလည်း ချစ်ခင်ကြသည်။ ကလေးတို့ချစ်သော ဝဝဖိုင့်ဖိုင့် ဘာနီအရုပ်သည် ခရမ်းရောင် ဖြစ်သည်။ ထိုအချက်အလက်များအပြင် နာမည်ကျော် လာဗင်ဒါများသည် ခရမ်းရောင်၊ မကြာသေးမီက ကိုယ်တိုင်ကိုယ်ကျမြင်တွေ့ခဲ့ရသော ကျူးလစ်ပန်းတစ်ချို့သည် - အံ့သြဖွယ်ရာ - ခရမ်းရောင်၊ မျက်နှာချင်းဆိုင် အိမ်ခန်းရှေ့တွင် ချိတ်ဆွဲထားသော အောခစ်ပန်းအိုးထဲတွင် ပွင့်အာနေသော ပန်းများသည် ခရမ်းရောင်၊ တိုက်တိုက်ဆိုင်ဆိုင်၊ အနားမှ လှစ်ကနဲ ဖြတ်ပြေးသွားသော ကလေးမလေးတစ်ယောက်၏ ဂါဝန်သည် ခရမ်းရောင်၊ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာခံစားရတိုင်း မလွှဲမရှောင်သာ သောက်သုံးနေရသော အကိုက်အခဲပျောက်ဆေးကဒ်မှ ဆေးလုံးများသည် ခရမ်းရောင်၊ ဆိုးနေမကျသောကြောင့် မှန်တင်ခုံအံဆွဲအောက်ခြေ ထောင့်တစ်နေရာမှာ ကပ်နေသော နှုတ်ခမ်းနီဗူးသည် ခရမ်းရောင်၊ လက်ဆောင်ရထားပြီး မဖေါက်ရသေးသော Bvlgari Omnia ရေမွှေးဗူးနှင့် Coach တံဆိပ် မျက်မှန်ကိုင်းကလေးသည် ခရမ်းရောင်၊ သူငယ်ချင်း ၀ယ်လာပေးသော ဂျက်ကက်ကလေးသည် ခရမ်းရောင်၊ ဘာကြောင့် ရွေးချယ် ၀ယ်ယူခဲ့မှန်းမသိ၊ ၀ယ်ထားပြီး မရေးဖြစ်သေးသော အသစ်စက်စက် ဘောပင်တစ်ချောင်း၏ ကိုယ်ထည်သည် ခရမ်းရောင်…























ဤသို့ဖြင့် ခရမ်းရောင်ကို ကိုယ်နှင့်အနီးအနား နေရာအနှံ့အပြားတွင် အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့သည်။ ထိုမျှသာမက အဆိုတော် မင်းသား၏ ခရမ်းရောင်မိုး၊ ခရမ်းပြာ အိပ်မက်၊ ဝေးခဲ့ပြီ ပန်းးခရမ်းပြာရေ… တစ်ခါတရံမှာ အိပ်မက်လို…ဟူသော သီချင်းစာသား၊ ကာကွယ်ရန်လိုအပ်သော ခရမ်းလွန်ရောင်ခြည်၊ ယုတ်စွအဆုံး ရေခဲသေတ္တာထဲမှ ဟင်းသီးဟင်းရွက်များထားသော အကန့်ငယ်ထဲမှနေ၍ ကိုယ့်ကို လှောင်ပြောင်ဟန်အပြည့်ဖြင့် လှဲလျောင်းနေသော ခရမ်းသီးတစ်လုံး… ဘုရားရေ… မယုံနိုင်စရာ၊ ကိုယ် မနှစ်သက်လှသော ခရမ်းရောင်က သည်မျှ ထင်ရှားနေတာပါလား။ ထို့အပြင် ၀ီကီပီးဒိယ အဆိုအရ အနုပညာမြတ်နိုးသူ အများစု၏ အလေးထား အရေးပေးမှုကို ခံရသောအရောင်မှာလည်း ခရမ်းရောင်ပင် ဖြစ်သည်ဟု သိလိုက်ရသောအခါ ဦးခေါင်းတစ်ခုလုံး အဆမတန်ကြီးသွားသလို ခံစားလိုက်ရသည်။ အတော်အစွမ်းရှိကာ ထင်ပေါ်ကျော်ကြားသော ခရမ်းရောင်ပါပေ။ အဆိုးဆုံးကတော့ ထိုခရမ်းရောင်သည် ကိုယ်ချစ်လှစွာသော ကြာသပတေးနေ့ကို ကိုယ်စားပြုနေခြင်းပင် ဖြစ်တော့သည်။

ကိုယ်ချစ်သော ကြာသပတေးနေ့မှာမူ ခရမ်းရောင်ကဲ့သို့မဟုတ်။ ပကတိ ဖြူစင် ရိုးသားကာ ရှင်းလင်းလှသည်။ ကိုယ်ထင် ကုတင်ရွှေနန်း မဟုတ်ပါလား။ ပြောရလျှင် သောကြာနေ့ မရောက်မချင်းသည် ကြာသပတေးနေ့ပင် ဖြစ်သည်။ (သည်စကားကို - ဟမ် - လိုသူများ- ဟမ် - နိုင်ပါသည်)။ ကြာသပတေးနေ့သည် တနင်္ဂနွေမှ စတင်ရေတွက်လျှင် စတုတ္ထမြောက်နေ့ ဖြစ်သော်လည်း စနေနေ့မှ စတင် ရေတွက်ပါမူ ပဉ္စမမြောက်နေ့သာ ဖြစ်သည်။ ပြက္ခဒိန်ပေါ်တွင် အကွက်ချ ရေတွက်သည့်နေ့အပေါ် မူတည်၍ ပြောင်းလဲရွေ့လျားတတ်သောနေ့ ဖြစ်သည်။ ကိုယ့်အတွက်တော့ ကြာသပတေးနေ့သည် ပါးနီပြေပြေလေး ခြယ်သထားသော မိန်းမပျိုကလေးတစ်ယောက်ကဲ့သို့ လှပလန်းဆန်းနေတတ်သော နေ့တစ်နေ့၊ ထို့အတူ ကြည်နူးဖွယ်ရာများဖြင့် အစဉ် ပြည့်နှက်နေတတ်သော နေ့တစ်နေ့လည်း ဖြစ်သည်။ ကြာသပတေးနေ့သသည် နို့ဆီများများထည့်ကာ ဇွန်းတစ်ချောင်းတပ်ထားသော ကော်ဖီခွက်တစ်ခွက်၏ မမွှေရသေးသော သစ်လွင်မှုနှင့် ဆင်တူသလို အနှစ်မပေါက်သေးသော ကြက်ဥကြော် ၀ိုင်းဝိုင်းကလေးနှင့်လည်း တူသေးသည်။ ဆရာကြီး ဂျွန်စတိန်းဘက်ခ် ရေးသားခဲ့သော စာအုပ်များအနက် ချိုသော ကြသပတေးနေ့ဟူသော စာအုပ်မှာ အလွန်နာမည်ကျော်ခဲ့သည်ကို ပြန်သတိရမိသည်။



 



















ထို့အပြင် လှပအေးချမ်းသော ကြာသပတေးနေ့ နံနက်ခင်းတွင် ပါးဖေါင်းဖေါင်းနှင့် ချစ်စဖွယ်ကောင်းလှသော သားကလေးတစ်ယောက်ကို လူ့လောကထဲသို့ခေါ်ဆောင်လာခွင့် ရရှိခဲ့သည်။ ကိုယ့်ဘ၀အတွက် အရေးအပါဆုံး တစ်ဦးတည်းသောသားကလေးသည် ကြာသပတေးသား၊ အဓိပတိဖွား ဖြစ်သည်ဟူသော အချက်တစ်ချက်နှင့်ပင် ကိုယ် ကြာသပတေးကို အပြည့်အ၀ ချစ်ခင်စွဲလမ်းရန် မလုံလောက်သေးဘူးလား။ ခရမ်းရောင်ကို မချစ်သော်လည်း ကြာသပတေးနေ့ကို စိတ်လွတ်လက်လွတ် ချစ်ခင်စုံမက်ခွင့်တော့ဖြင့် ရှိနိုင်သည် မဟုတ်ဘူးလား။

ပြောရလျှင် ကြာသပတေးနေ့အတွက် ရေးထားခဲ့သော သည်မှတ်စုကို ကြာသပတေးနေ့တွင် အပြီးသတ်မည်ဟု မှန်းထားခဲ့သည်မှာ ဟိုးလွန်ခဲ့သော ကြာသပတေးနေ့ပေါင်း များစွာကတည်းက ဖြစ်သည်။ သို့သော်လည်း ကြာသပတေးနေ့နှင့်အတူ ခရမ်းရောင်အကြောင်းက တတွဲတွဲ(သို့မဟုတ်) ကန့်လန့် ကန့်လန့် ဖြစ်နေခဲ့သောကြောင့် စာမှာ အဆုံးသတ်၍ မရနိုင်ခဲ့ချေ။ ဖြတ်သန်း ကုန်လွန်ခဲ့သော ကြာသပတေးနေ့ပေါင်းများစွာမှာ သည်မှတ်စုကို ဆက်ရေး၍လည်း မရ၊အဆုံးသတ်ဖို့ ဆိုတာ ဝေးလှသည်။ သည်လိုနှင့် တစ်ပတ်ပြီး တစ်ပတ် အချိန်တွေ ကြာလာခဲ့သည်။ အသစ် အသစ်သော နေ့စွဲများ၏ နောက်တွင် များစွာသော ကြာသပတေးနေ့တို့ ဟောင်းနွမ်းဆွေးမြေ့စွာ ကျန်နေရစ်ခဲ့သည်။ ထိုအကြောင်းကို မိတ်ဆွေတစ်ဦးကို ပြောပြမိသောအခါ သူက ပြန်ပြောသည်။ ဘာမှ စိတ်မပူ့ပါနဲ့ မင်းဘ၀မှာ နောက်ထပ် ကြာသပတေးနေ့တွေ အများကြီး ရှိနေသေးတာပဲ… တဲ့။ ကြည့်ပါအုံး… ကျေးဇူးတင်စရာ ကောင်းလိုက်တာ။ သိပ်ဟုတ်တာပဲ… ဘ၀မှာ ကိုယ့်ထံကို ရောက်လာဦးမည့် ကြာသပတေးနေ့ပေါင်း များစွာ ကျန်နေ / ရှိနေလိမ့်ဦးမည် ဆိုသည်ကို အစက ဘာကြောင့်များ မတွေးမိတာပါလိမ့်။

ပြီးတော့ သူက ပြောသေးသည်။ ကြာသပတေးနေ့ကို ချစ်သလို မင်း မနှစ်သက်တဲ့ ခရမ်းရောင်အပေါ်မှာလည်း ကြည်ကြည်လင်လင်၊ သက်တောင့်သက်သာ သဘောထားကြည့်လိုက်ပါ၊ မကြာခင် ခရမ်းရောင်နဲ့ အဆင်တပြေ ဖြစ်လာပါလိမ့်မယ်… တဲ့။ သူ့ပြောစကားကိုသဘောကျ၊ မျက်စိစုံမှိတ်ကာ ကျေကျေနပ်နပ်ကြီး လိုက်နာ ယုံကြည်ပစ်လိုက်သည်။





ထိုယုံကြည်မှုနှင့်အတူ သက်တောင့်သက်သာဖြစ်မှုများတွင် ပျော်ဝင်လာရင်း ကြာသပတေးနေ့နှင့် သူ၏ သင်္ကေတ ခရမ်းရောင်ကိုပါ တဖြည်းဖြည်း နှစ်လို ချစ်ခင်စိတ်တို့ ၀င်လာခဲ့သည်။ တချိန်တည်းမှာပင် ခရမ်းရောင်အဆင်းရှိ အသုံးအဆောင် ပစ္စည်းများကို နှစ်ခြိုက်ခုံမင်စ ပြုလာခဲ့တာ ဖြစ်သည်။ ခရမ်းရောင် အ၀တ်များကို တကူးတက ရှာဖွေဝယ်ယူစ ပြုလာသည်။ မေမေ ယူလာပေးသောခရမ်းဆွဲ ရင်ထိုးကလေးကို ရှပ်ကော်လာ အဖျားလေးတွင် မရဲတရဲ ချိတ်တွယ်စ ပြုလာသည်။ ထို့အပြင်ခရမ်းရောင် လာဗင်ဒါခင်းများ ရှိရာဆီသို့ ခရီးဆန့်ဖြစ်ခဲ့သည်။ ခရမ်းရောင် ကျူးလစ်ပန်းများကို နှစ်လိုစွာ ဓါတ်ပုံရိုက်ကာ မကြာခဏလည်း ပြန်ကြည့်ဖြစ်ခဲ့သည်။ ခရမ်းရောင် Bvlgari Omnia ရေမွှေးဗူးကို ဖေါက်ကာ ဆွတ်ဖြန်းစ ပြုလာသည်။ ပန်းခရမ်းပြာ ဗေဒါလည်း ကမ်းစပ်နားမှာ ငြိတွယ်… နန်းတံတားဖြူ နေရာလေး တေးသံလွှမ်းစေကွယ်… ဟူသော သီချင်းစာသားကို မကြာခဏ တီးတိုး သီဆိုတတ်လာသည်။ ကျေနပ်စရာ။ ချစ်ခြင်းမေတ္တာတွင် သက်တောင့်သက်သာ ဖြစ်မှုသည် မျှော်လင့်ထားသည်ထက် အဆပေါင်းများစွာ ပို၍ အရေးပါသည်ပဲ။




 



















အချုပ်ဆိုရသော် သည်လို ကြာသပတေးနေ့မျိုးတွင် ရှပ်လက်တို/လက်ရှည် ခရမ်းရောင်များကို ဂျင်းဘောင်းဘီ အရောင်ရင့်ရင့်နှင့် တွဲဖက် ၀တ်ဆင်ထားပြီး၊ ခရမ်းရောင် အသုံးအဆောင်များ ဟိုနားတစ်စ ဒီနားတစ်စ တပ်ဆင် ကိုင်ဆောင်ကာ ပြုံးရယ်ချိုမြ၊ သက်တောင့်သက်သာ ခြေလှမ်းများနှင့် လမ်းလျှောက်နေသူတစ်ယောက်ကို တွေ့ပါက အများကြီး မတွေးပါနှင့်၊ စိတ်ကူးမလွဲပါနှင့်။ သက်ဝေ ဟု သာ ခပ်ကျယ်ကျယ်လေး လှမ်းခေါ်လိုက်ပါ။ ကိုယ့်အိတ်ကလေးထဲမှာ အသင့်ယူဆောင်လာသော ခရမ်းရောင် ကျူးလစ်ပန်းတစ်ပွင့် (သို့မဟုတ်) ခရမ်းရောင် လာဗင်းဒါးပန်းခြောက်တစ်ခက်နှင့်အတူ ခရမ်းရောင်စက္ကူဖြင့် ထုတ်ပိုးထားသာ ကက်ဗျူရီ ချောကလက်တစ်ပြားကို လက်ဆောင်အဖြစ် သင် ရရှိနိုင်မည်ဖြစ်ပါသည်။



(၃ ဇူလိုင် ၂၀၁၄)

ချစ်သော ချစ်သူများ သက်တောင့်သက်သာဖြစ်မှုတွင် အချိန်ပြည့် ပျော်ဝင်စီးမျောနိုင်ပါစေ။

မြင်တွေ့သမျှ ပြောပြပါမည် (၄)

$
0
0
မနက်စောစော အိပ်ရာနိုးတော့ အပြင်မှာ နေသာနေတယ်။ အိပ်ခန်းထဲကနေ အပြင်ကို ထွက်လာတော့ အလှမွေး ငါးကန်ထဲမှာ ထည့်ရတဲ့ အရွက်စိမ်းစိမ်း အပင်ကလေးတွေကို ညှပ်ရှည်ရှည်တစ်ချောင်းနဲ့ ဟိုရွှေ့ ဒီရွှေ့ လုပ်နေတဲ့ အမျိုးသားကို တွေ့လိုက်တယ်။ သူက ကျွန်မကို တွေ့တွေ့ချင်းမှာ မုန့်ဟင်းခါး စားပြီး လဖက်ရည်သွားသောက်ကြရအောင် လို့ လှမ်းပြောတယ်။ မင်္ဂလာ မနက်ခင်းပါ ဆိုတဲ့ နှုတ်ဆက် စကားအစား မုန့်ဟင်းခါးဆိုတဲ့ စကားကြောင့် ဘာပဲဖြစ်ဖြစ် ကျွန်မ ပျော်သွားပါတယ်။ သူက ရုံးပိတ်ရက် မနက်ခင်းတွေမှာလည်း ခါတိုင်း ရုံးတက်ရတဲ့ ရက်တွေလိုပဲ မနက်စောစော နိုးနေတတ်တယ်။ ပြီးတော့ ခါတိုင်းလို ကော်ဖီတွေ ပေါင်မုန့်တွေ မက်ဒေါ်နယ် ဘရိတ်တ်စ်တွေ အစား မြန်မာ မနက်စာကို စားချင်တတ်တယ်။ ကျွန်မက အိမ်မှာ ချက်ပေးမယ် ပြောပေမဲ့လည်း ရန်ကုန်မှာလို မနက်စောစော ဆိုင်မှာထိုင်စားရတဲ့ အငွေ့အသက်ကို လိုချင်ပုံရတာမို့  အိုကေလေသွားကြတာပေါ့လို့ ပြန်ပြောရင်း ရေမြန်မြန်ချိုးလိုက်ပါတယ်။ ပြီးတော့ ကျွန်မတို့နှစ်ယောက် ပန်နီစူလာကို ချီတက်သွားကြပါတယ်။

အမှန်ပြောရရင် ကျွန်မတို့ ပန်နီစူလာကို အတော်လေး သွားခဲပါတယ်။ သွားဖြစ်ရင်လည်း အပေါ်ထပ်ကို မတက်ဖြစ်သလို မုန့်ဟင်းခါးလည်း စားလေ့ မရှိပါဘူး။ အောက်ထပ်က အင်းလေးမှာ ကြေးအိုးဆီချက် ဒါမှ မဟုတ် မြေအိုးမြီးရှည်စားပြီး ပြန်လာကြချည်းတာပါပဲ။ တလောကတော့ မိတ်ဆွေတစ်ယောက်က ရဲရင့်က မုန့်ဟင်းခါး ကောင်းတယ်လို့ ပြောတာမို့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တစ်ခါ သွားစားကြည့်ကြပါတယ်။ မဆိုးပါဘူး စားလို့ကောင်းသားပါပဲ။ လဖက်ရည်လည်း ကောင်းပါတယ်။ ဆိုတော့ဒီနေ့လည်း ရဲရင့်ကိုပဲ ဦးတည်ပြီး သွားကြပါတယ်။ မနက်စောစောဆိုတော့ ဆိုင်မှာ လူရှင်းပါတယ်။ ကျွန်မတို့ ရှေ့မှာ မိန်းကလေးနှစ်ယောက် အစုံသုပ် မှာနေကြတာ ကြားလိုက်ပါတယ်။

ဒါနဲ့ ကျွန်မတို့ နှစ်ယောက် မုန့်ဟင်းခါးနှစ်ပွဲ မှာပါတယ်။ ပဲကြော် မကြိုက်တာကြောင့် တခြား ဘာရသေးလဲ မေးတော့ ကြက်ဥနဲ့ ငါးဖယ်ရတယ် ဆိုလို့ ကြက်ဥနဲ့ ငါးဖယ် နဲ့ မုန့်ဟင်းခါး နှစ်ပွဲ လို့ မှာလိုက်ပါတယ်။ အရောင်းကောင်တာ အနောက်မှာက လူရွယ်တစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ရှိပါတယ်။ လူရွယ်က ဟိုမတ်တပ် ဒီမတ်တပ် လုပ်နေပြီး အမျိုးသမီးကတော့ ခုနက မိန်းကလေးတွေ မှာထားတဲ့ အစုံသုပ် အတွက် ပြင်ဆင်နေပါတယ်။ ညာဖက်လက်မှာ လက်အိတ် စွတ်ထားပါတယ်။ ကျွန်မတို့ကို အဲဒီ လူရွယ်က မုန့်ဟင်းခါးကို ခေါက်ဆွဲနဲ့ပဲ ရမယ်လို့ ပြောပါတယ်။ ညှပ်ခေါက်ဆွဲဖတ်ကို ပြောတယ် ထင်လို့ ရပါတယ်လို့ ပြန်ပြောတော့မဲ့ဆဲဆဲမှာ သူက အဝါရောင် ခေါက်ဆွဲဖတ် (ဂျုံခေါက်ဆွဲ) တွေကို ကောက်ကိုင်ပါတယ်။ အဲဒီတော့ ခုနက အစုံသုပ် ပြင်နေတဲ့ အမျိုးသမီးက မုန့်ဟင်းခါးဖတ်တွေ ရှိတယ်လေ ဟိုမှာ ဆိုပြီး လှမ်းပြပါတယ်။ တကယ်တော့ အဲဒီ မုန့်ဖတ်ဇလုံက မုန့်ဟင်းခါးဟင်းရည်အိုးနဲ့ ကပ်လျက်  သူနဲ့ လက်တစ်ကမ်းတောင် မဝေးတဲ့ နေရာမှာ တည်ရှိတာပါ။

ဒါနဲ့ အဲဒီလူရွယ်က ဟိုကြည့် ဒီကြည့် လုပ်ရင်း ပန်းကန်လွတ် နှစ်ပန်းကန် ယူပြီး မုန့်ဖတ်ထည့် ဟင်းရည် ထည့်ပါတယ်။ မြင်ရတာနဲ့တင် ကျဲတောက်နေတဲ့ မုန့်ဟင်းခါးပန်းကန်ကို ကြည့်ပြီး နည်းနည်းတော့ စိတ်လေသွားပါတယ်။ ထားတော့လေကြက်ဥနဲ့ငါးဖယ်နဲ့ ဆို အသင့်အတင့်တော့ စားကောင်းမှာပဲ ဆိုပြီး ကောင်တာရှေ့မှာ လာချပေးတဲ့ ပန်းကန်တွေကို ယူမလို့ ကြည့်လိုက်တော့ ကြက်ဥ မပါပါဘူး။ ဆီမပါ ပျားမပါ အရောင် ဖြူရော်ရော်နဲ့ မုန့်ပန်းကန်တွေကို သေချာကြည့်ပြီး သူတို့များ မကြားလိုက်လို့လားဆိုပြီး ကျွန်မက ကြက်ဥနဲ့ ငါးဖယ်နဲ့ ထည့်မှာနော်လို့ ထပ်ပြောတော့ အဲဒီလူငယ်က အသုပ်နယ်နေတဲ့ အမျိုးသမီးကို ကြောင်တောင်တောင်နဲ့ လှမ်းကြည့်ပါတယ်။ အမျိုးသမီးက အိုးကြက်ဥတွေက အိုးထဲမှာလေ လို့ပြောတော့ ကျွန်မတို့ မုန့်ပန်းကန်တွေကို ပြန်ယူပါတယ်။ ဟင်းရည်အိုးကို အတန်ကြာမွှေအပြီးမှာ ပန်းကန်ထဲကို ကြက်ဥ တစ်လုံးစီ ထည့်လိုက်ပါတယ်။ ညင်ညင်သာသာ မဟုတ်ပဲ ခပ်လှမ်းလှမ်းကနေ ပစ်ထည့်သလို ဖြစ်တာမို့ ဟင်းရည်တွေ စင်ပြီး ပန်းကန်ပတ်ပတ်လည်မှာ အတော်လေး ပေပွသွားတာကို စိတ်မသက်မသာစွာ တွေ့လိုက်ရပါတယ်။

အကြောင်းသိနေတဲ့ ကျွန်မ အမျိုးသားက မျက်နှာရိပ် မျက်နှာကဲနဲ့ ဘာမှ မပြောဖို့ အချက်ပြပါတယ်။ ကျွန်မ ဘာမှ မပြောပါဘူး။ ဒီလိုပဲ အကြောင်သား ငေးကြည့်နေရင်းက ကောင်တာရှေ့ကို ပြန်ရောက်လာတဲ့ မုန့်ဟင်းခါး နှစ်ပန်းကန်ကို ကြည့်ပြီး ငါးဖယ်ရော လို့ မေးလိုက်တော့ ခုနက လူရွယ်က အော်ဆိုပြီး ပန်းကန်တွေကို ပြန်ယူပါတယ်။ ပြီးတော့ မှန်စင်ကလေးထဲမှာ အခြားဟင်းလျာတွေနဲ့ အတူ လှမ်းမြင်နေရတဲ့ ငါးဖယ်ကြော်ပန်းကန်ထဲက ငါးဖယ်တစ်ခုကို ယူပြီး မုန့်ဟင်းခါး ပန်းကန်ထဲ အချပ်လိုက် ထည့်လိုက်ပါတယ်။

ကျွန်မ ပါးစပ်က "ငါးဖယ်က အချပ်လိုက် ထည့်ရတာလား"ဆိုတဲ့ စကား ချက်ချင်း ထွက်သွားပါတယ်။ အဲဒီတော့ ခုနထဲက ပြင်နေဆဲ အစုံသုပ်ဇလုံကို ကိုင်လျက်သား အမျိုးသမီးက ဟဲ့ ငါးဖယ်က ညှပ်ရမှာလေ လို့ ပြောပါတယ်။ ယောင်နနနဲ့ လူရွယ်ဟာ သူ့လက်အိတ်ကို ဘယ်အချိန်က ချွတ်လိုက်မှန်းမသိလက်ဗလာနဲ့ ဟင်းရည်တွေထဲကို သုံးပုံနှစ်ပုံလောက် နစ်နေပြီဖြစ်တဲ့ ငါးဖယ်ချပ်ကို နှိုက်ယူမလို့ နည်းနည်းလေးပဲ လိုပါတယ်။ ကျွန်မက "ပန်းကန်ထဲကို လက်နဲ့ နှိုက်မလို့လား"လို့ ခပ်မြန်မြန် လှမ်းအော်လိုက်မိပါတယ်။

ပြင်လက်စ အစုံသုပ်ဇလုံကို လက်တစ်ဖက်က ပိုက်ထားတဲ့ အမျိုးသမီးက ဟဲ့ ဟဲ့ ဇွန်းနဲ့ ခပ်၊ ပြီး အသစ်ယူပြီး ကပ်ကြေးနဲ့ ညှပ် လို့ခပ်ကြိတ်ကြိတ် ပြောလည်း ပြော၊ အားနေတဲ့ လက်တစ်ဖက်နဲ့ ကပ်ကြေးကို လှမ်းပေးတာ တွေ့ရပါတယ်။ အတော်လေး စိတ်တိုနေပြီဖြစ်တဲ့ ကျွန်မကို အမျိုးသားက သွားထိုင်နေတော့ သူ ယူလာခဲ့မယ်လို့ ပြောပါတယ်။ ကျွန်မဘေးက အစုံသုပ် မှာထားတဲ့ မိန်းကလေးနှစ်ယောက်ဆီက အမ မြန်မြန်လေး လုပ်ပေးပါ ဆိုတဲ့ အသံကို ကြားလိုက်ရပါတယ်။ ဟုတ်တာပေါ့ လုပ်နေတာ မပြီးနိုင်တော့ဘူး ကြာလိုက်တာ လို့ စိတ်ထဲက မဆီမဆိုင် တွေးလိုက်မိပါသေးတယ်။

ဒါနဲ့ စားပွဲတစ်ခုခုမှာ သွားထိုင်ဖို့ ဇွန်းနှစ်ချောင်းကို လှမ်းအယူမှာ ငါးဖယ်ကြော် အချပ်တွေ ထည့်ထားတဲ့ စတီးလ်ပန်းကန် နှုတ်ခမ်းပေါ်မှာ တစ်လက်မရဲ့ သုံးပုံတစ်ပုံလောက် ရှိတဲ့ ပိုးဟပ်တစ်ကောင် လမ်းလျှောက်နေတာ တွေ့လိုက်ပါတယ်။ စကားစပ်လို့ ပြောရရင် ကျွန်မ ဘဝမှာ အလွန်အင်မတန် ကြောက်တဲ့ အကောင်ဟာ ပိုးဟပ်ပါ။ မြွေကြောက်တယ်ဆိုတာ မှန်ပေမဲ့ မြွေက နီးနီးနားနားမှာ မကြာခဏ မြင်ရလေ့ရှိတဲ့ အကောင်မျိုး မဟုတ်လေတော့ သူ့ကို ကြောက်ပုံက တစ်မျိုးပါ။ အခု ပိုးဟပ်ကတော့ အဆိပ်မရှိ မကိုက်တတ် သော်လည်း၊ ကိုယ့်အိမ်မှာ မရှိသော်လည်း အိမ်အောက်တွေမှာ မကြာခဏ တွေ့ရတတ်တော့ မကြာခဏ ကြောက်ရ အော်ရ ရှောင်ရ တိမ်းရ ထခုန်ရနဲ့။ တိုက်တွေမှာ ပိုးသတ်ဆေး ဆေးဖြန်းတဲ့နေ့တွေဆို တိုက်အောက်တွေမှာ မြင်မကောင်းအောင် ပြန့်ကျဲနေတဲ့ ပိုးဟပ် အသေတွေ နဲ့ မသေမရှင်ဖြစ်နေတဲ့ လှုပ်စိ လှုပ်စိအကောင်တွေကြားမှာ ကျွန်မ လမ်းလျှောက်စရာ နေရာမရှိ၊ ခြေကို ဘယ်လို လှမ်းရမှန်း မသိအောင် သွေးပျက်တတ်တာပါ။ ရွံတာလည်း ပါမယ် ထင်ပါတယ်။

ဒီတော့ ခုနက စကား ပြန်ဆက်ရရင် ပိုးဟပ်ကို တွေ့တွေ့ချင်း အနောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်ပြီး ဘယ်လိုမှ မနေနိုင်၊ ဘာကိုမှလည်း မတွေးနိုင် မမြင်နိုင်၊ ကောင်း မကောင်း သင့်မသင့်လည်း မစဉ်းစားနိုင်တော့ပဲ "အမ အမ ဟိုမှာ ပိုးဟပ် ငါးဖယ်ပန်းကန်မှာ လျှောက်သွားနေတယ်.."ဆိုပြီး ပြောလိုက်မိပါတော့တယ်။ အဲဒီအချိန်မှာ ကျွန်မ အမျိုးသားက သွားတော့ သွားထိုင်နေတော့ ဘာမှ ထပ်မပြောနဲ့တော့ ဆိုတဲ့ သဘောနဲ့ ကျွန်မကို ဆွဲဖယ်ပါတယ်။ အမျိုးသမီးကတော့ အနည်းလေးမှ တုန်လှုပ်ပုံ မရပါဘူး။ သုပ်လက်စ အစုံသုပ်ဇလုံကို ချပြီး အနောက်ထဲ ဝင်သွားပါတယ် ပြန်ထွက်လာတော့ လက်ထဲမှာ ပါလာတဲ့ တစ်ရှူးနဲ့ ပိုးဟပ်ကိုအုပ်ပြီး ဖယ်လိုက်ပါတယ်။ ရုတ်တရက် မျက်စိကို စုံမှိတ်ထားလိုက်မိတာကြောင့် သူ အင်အားသုံး၊ ဖိညှစ်ပြီး ကိစ္စတုံးပလိုက်သလား၊ သူများ အသက်ကို သတ်ရင် ငရဲကြီးမှာစိုးလို့ ဖွဖွလေးပဲ ယူဆောင်သွားသလားဆိုတာ ကျွန်မ မသိလိုက်တော့ပါဘူး။

အဲဒီအချိန်မှာ ကျွန်မတို့ရဲ့ မုန့်ဟင်းခါးပန်းကန်နှစ်ခုဟာ အိုးကြက်ဥ နဲ့ ငါးဖယ် ညှပ်ထားတာတွေနဲ့အတူ ကောင်တာရှေ့ကို ပြန်လည်ရောက်ရှိလာပါတယ်။ ဘယ်လောက်ကျလဲ လို့ အမျိုးသားက မေးလိုက်တဲ့ အသံနဲ့ ခုနက အသုပ်ပြင်လက်စ အမျိုးသမီးက နံနံပင် ထည့်မလား ဆိုတဲ့ အသံဟာ တချိန်တည်း အတူတူ ထွက်လာပါတယ်။ အမျိုးသားက ခေါင်းညိတ်ပြလိုက်တဲ့ အခါ ခုနက လက်အိတ်စွပ်ထားတဲ့လက်၊ လက်အိတ်စွတ်လျက်သားနဲ့ တစ်ရှူးကိုကိုင်ပြီး ပိုးဟပ် ဖမ်းလိုက်တဲ့ လက်၊ အဲဒီလက်နဲ့ပဲ နံနံပင်ကို ကိုင်ယူပြီး ပန်းကန်ထဲ ထည့်ပေးလာတာ ဖြစ်ပါတယ်။

ကျွန်မ ပန်းကန်ရော နံနံပင်ထည့်မလား ဆိုတဲ့ အမူအယာနဲ့ လက်ရွယ်လိုက်တဲ့အခါ ကျွန်မက မထည့်ဘူး လို့ ခပ်မြန်မြန် ပြန်ပြောလိုက်ပါတယ်။ ပြီးတော့ မုန့်တစ်ပွဲ ငါးကျပ်ခွဲနဲ့ နှစ်ပွဲကို ဆယ့်တစ်ကျပ် ကျပါတယ် ဆိုတဲ့ အသံကိုကြားပါတယ်။ (((တကယ်ကို ဆယ့်တစ်ကျပ် ကျတာပါ))) အမျိုးသားက ပိုက်ဆံပေးပြီး ပန်းကန်တွေကို စားပွဲတစ်ခုဆီ သယ်လာပါတယ်။ ကျွန်မလည်း ဇွန်းနှစ်ချောင်းကို လက်က ကိုင်ရက်သား၊ အူကြောင်ကြောင်နဲ့ စားပွဲမှာ ဝင်ထိုင်လိုက်ပါတယ်။

စားပွဲပေါ်က မုန့်နှစ်ပွဲကို ကြည့်ပြီး ဘာစကားမှ မပြောနိုင်တဲ့ ကျွန်မကို အမျိုးသားက တခဏတော့ ကြည့်နေပါသေးတယ်။ ပြီးတော့မှ လာ လာ ဒီတိုင်း ထားခဲ့လိုက်တော့ တခြားဟာ သွားစားကြမယ် လို့ ပြောပါတယ်။ ပြီးတော့ သူက ဆက်ပြောတယ်"ဘာမှ မလုပ်နဲ့ ဘာမှလည်း မပြောနဲ့တော့၊ ဒီတိုင်းလေး အသာလေးပဲ ထားခဲ့လိုက်၊ သွားလည်း လှည့်ကြည့်မနေနဲ့တော့ (ကျွန်မက လမ်းဖက်မျက်နှာမူပြီး အရောင်းကောင်တာကို ကျောခိုင်း ထိုင်နေတာပါ) ဘာမှ သွားမပြောနဲ့တော့နော်..."လို့ တတွတ်တွတ် ပြောပါတယ်။ ပြီးတော့ ကျွန်မတို့ နှစ်ယောက် ရဲရင့်ဆိုင်ထဲကနေ ထ ထွက်လာခဲ့ပါတယ်။ တစ်ခုခုပြောခဲ့ချင်ပေမဲ့ ကျွန်မကိုယ်တိုင်လည်း ဘာပြောရမှန်းကို မသိ၊ ပြောစရာ စကားကို ရှာလို့မရတော့တာပါ။ စိတ်ထဲမှာတော့ မဖြစ်မနေု ပြောချင် ဆိုချင် ရှိနေတာ၊ ပြောကို ပြောရမှဖြစ်မှာမို့ ဘယ်လိုမှ မနေနိုင်ပဲ ဒီစာကို ချရေးဖြစ်ပါတယ်။ မှတ်တမ်းအဖြစ် ဓါတ်ပုံလေးရိုက်ခဲ့ဖို့ကိုတော့ ထွက်လာပြီးမှ သတိရတယ်။

နောက်ကို စနေ တနင်္ဂနွေ မနက်တွေမှာ အစောကြီး အိပ်ရာနိုးနေတတ်ပြီး စားနေကျ ပေါင်မုန့်တွေ ကော်ဖီတွေကို ပုန်ကန်၊ မြန်မာပြည် အလွမ်းပြေ ဆိုင်မှာထိုင်ပြီး မုန့်ဟင်းခါးလေး စားချင်၊ လဖက်ရည်လေး သောက်ချင် ဖြစ်နေတတ်တဲ့ ကျွန်မ အမျိုးသားရဲ့ ချင်ခြင်းတွေ ဒီနေ့ကစပြီး တကြောပြတ်သွားလောက်ပြီ ထင်တာပါပဲ။

သက်ဝေ
(၂၉ နိုဝင်ဘာ ၂၀၁၄)

မြင်တွေ့သမျှ ပြောပြပါမည် (၁)
မြင်တွေ့သမျှ ပြောပြပါမည် (၂)
မြင်တွေ့သမျှ ပြောပြပါမည် (၃)

အဖြူရောင် ကြိုးမျှင်များ

$
0
0
ဖုန်းသံနှင့်အတူ ပေါ်လာသော နံပါတ်များကို ကြည့်လိုက်သောအခါ ကိုယ်နှင့် ရင်းနှီး ကျွမ်းဝင်မှုမရှိသော၊ ကိုယ့်ဖုန်းထဲတွင် မှတ်ထားပြီးသား မဟုတ်သော နံပါတ် ဖြစ်နေလေသည်။ ထိုဖုန်းကို ဖြေရကောင်းနိုး မဖြေရ ကောင်းနိုး ချီတုံချတုံရှိနေဆဲမှာ ဖုန်းခေါ်သံက ရပ်သွားခဲ့သည်။ သို့သော် ချက်ချင်းဆိုသလိုပင် ဖုန်းက နောက်တစ်ကြိမ် ထပ်မြည်လာခဲ့သည်။ ဟဲလို ဟု ဖြေလိုက်သော ကျွန်မအသံ အဆုံးမှာ တဖက်မှ အမျိုးသားတစ်ဦး၏ ဟဲလို ဟူသော အသံ ခပ်တိုးတိုးကို ပြန်ကြားလိုက်ရသည်။ ထိုအသံမှာ တိုးဖွသော်လည်း ကြည်လင် ပီသသည့်အပြင် ထိုအသံထဲမှာ အဓိပ္ပါယ်ဖေါ်မပြတတ်သော အရာတစ်ခုခု ပါဝင် စီးမျောနေသယောင်၊ တစ်ခုခု ထူးခြား ဆန်းကြယ်နေသယောင်။ အတွေးမဆုံးခင်မှာပင် တဖက်မှ ကျွန်မနာမည် နောက်ဆုံးစာလုံးကို ရေရွတ်ရင်း ကျွန်တော် ဘယ်သူပါ ဟု ဆိုလာလေသောအခါ…

* * * * * * *

ကျောင်းနောက်ဆုံးနှစ်မှာ သူ့ကို စတင် တွေ့မြင်ဖူးခဲ့တာဖြစ်သည်။ အတန်းသားများထက် အသက်အနည်းငယ် ပိုကြီးပုံရပြီး ကြည်လင်သော အသားအရေနှင့် ခပ်ပိန်ပိန် အရပ်မြင့်မြင့် သာမာန် ယောက်ျားတစ်ယောက်သာ ဖြစ်သော်လည်း ထူးခြားနေသည်က သူ့မျက်ဝန်းတွေဖြစ်သည်။ ရီဝေသော မျက်ဝန်းမျိုးကို တွေ့ဖူးသည်၊ ထို့အတူ တောက်ပသော မျက်ဝန်းများကိုလည်း တွေ့ဖူးပါသည်။ သို့သော် ရီဝေပြီး တပြိုင်နက်မှာ တောက်ပ စူးလက်နေသော မျက်ဆံညိုညိုများနှင့် လှပသော ယောက်ျားလေးတစ်ယောက်၏ မျက်ဝန်းမျိုးကိုမူ သည်တစ်ခါသာ တွေ့ဖူးခြင်း ဖြစ်သည်။ တိကျပြတ်သားပုံရသော မျက်နှာနှင့် လွန်စွာလိုက်ဖက်ပြီး ကြည့်ကောင်းလှသော မျက်ဆံညိုညိုများလည်း ဖြစ်ကြသည်။ ကျွန်မသူငယ်ချင်းကတော့ သူ့မျက်ဝန်းများကို ကြည့်ရင်း ရုပ်ရှင်မင်းသား James Dean နှင့် တူသည်ဟု ကောက်ချက်ချပါသည်။

နောက်ရက်များမှာတော့ စာသင်ချိန်များမှာ စာကို ကောင်းကောင်း စိတ်မဝင်စားနိုင်ပဲ သူ့အကြောင်းတွေကိုသာ စပ်စပ်စုစု လုပ်နေခဲ့မိပါသည်။ ကျောင်းနှစ်ရှည် ပိတ်ထားချိန်များမှာ နိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီး အခုမှ ကျောင်းပြန်တက်ခြင်းဖြစ်သည်ဟု သိရပါသည်။ ထို့ကြောင့် အတန်းထဲမှာ သူနှင့် သက်တူ ရွယ်တူ ခင်ခင်မင်မင် သူငယ်ချင်းအပေါင်းအသင်း ရှိမနေခြင်းဖြစ်သည်။ စတွေ့ဖူးသည့်နေ့မှ နေ့စဉ်နေ့တိုင်း အတန်းတွေတိုင်းကို တစ်ချိန်မှ မပျက်အောင် ကျောင်းတက်မှန်သော၊ အေးဆေးသော မျက်နှာထား၊ တည်ငြိမ်သော အမူအရာတို့နှင့် သူသည် ဘေးဘီကိုလည်း အနည်းငယ်မျှ သတိထား ဂရုပြု ကြည့်ရှုလေ့မရှိပါ။ အတန်းမစခင် ငါးမိနစ်ခန့်အလိုတွင် ကျွန်မတို့ တက်ရသော အဆောက်အဦးနှင့် မလှမ်းမကမ်းမှာ ကားရပ်ထားခဲ့ပြီး အတန်းပြီးလျှင်ပြီးခြင်း ကားလေးမောင်းကာ ပြန်သွားတတ်သည်။ သူ မောင်းသော ရွှေအိုရောင် ဆလွန်းကားလေး၏ နံပါတ်ကို ယခုချိန်အထိ ကျွန်မ အလွတ်ရနေဆဲ။ သူကတော့ ဘာမှ သိလိမ့်မည် မဟုတ်ပါ။

တစ်ခုသော မနက်ခင်းမှာတော့ သူ ကားရပ်ပြီး အတန်းဆီသို့အသွား၊ ကျွန်မက နွေးအေးမှာ မနက်စာစားပြီး အတန်းရှိရာကို အလာ အမှတ် ခုနှစ် ကျောင်းဆောင်အ၀င်ဝ လှေခါးထစ်တွေနားမှာ သူနှင့် ကျွန်မ နီးနီးကပ်ကပ် ဆုံမိပါသည်။ သူ့အကြောင်းတွေကို သိလိုစိတ်ဖြင့် စိတ်ဝင်တစား စုံစမ်းခဲ့မိသော ကျွန်မ မထင်မှတ်ပဲ သူ့ကို တွေ့လိုက်ရသောအခါ ရုတ်တရက် ဘာလုပ်ရမှန်းမသိ၊ မလုံမလဲနှင့် ခြေလှမ်းတွေ အမှားမှား အယွင်းယွင်း ဖြစ်သွားသော်လည်း သူက အေးအေးသက်သာပင် ကျွန်မကို ကျော်ဖြတ်ကာ အတန်းရှိရာကို ဦးတည်၍ သွားနေခဲ့သည်။ သူ့ပုခုံးတွင် လွယ်ထားသော ကချင်လွယ်အိပ် အနီရဲရဲလေးကို နှစ်သက်စွာ ငေးကြည့်နေရင်း ထိုလှေခါးထစ်တွေနားမှာ ကျွန်မ ခြေစုံရပ် ကျန်နေခဲ့ပါသည်။ ထိုအကြောင်းကို သူငယ်ချင်းကို ပြောပြရင်း နောက်တစ်ခါ သူနှင့်တွေ့လျှင် ပြုံးရယ်ပြကာ နှုတ်ဆက်လိုက်မည်ဟု တီးတိုး တိုင်ပင်ခဲ့ပါသည်။ သို့သော် ဝမ်းနည်းစရာ… သူနှင့် ကျွန်မ နောက်တစ်ခါ တေ့တေ့ဆိုင်ဆိုင် မကြုံကြိုက်ခဲ့ပါ။

နောက် နှစ်ရက်ကြာသောအခါ သူနှင့်ဆင်တူ ကချင်လွယ်အိပ် အနီရောင်လေးကို ကျွန်မ ဝယ်ယူခဲ့မိပါသည်။ လွယ်အိပ်အသစ်နှင့် ကျွန်မကို သူငယ်ချင်းက သရော် လှောင်ပြောင်ရိပ်ကင်းသော အပြုံးစစဖြင့် ချစ်စနိုး ကြည့်ရင်း ခေါင်းတညိတ်ညိတ် လုပ်နေပါသည်။ ထိုအခါ ကျွန်မက အို… ကျောင်းမှာ ကချင်လွယ်အိပ် အနီရောင် လွယ်တဲ့သူတွေ တပုံကြီးမှ တပုံကြီး ဟု ရှက်ရှက်နှင့် မလုံမလဲ ဆင်ခြေပေးမိပါသည်။

နှစ်လည် ကျောင်းပိတ်ရက်များ အပြီး ကျောင်းပြန်ဖွင့်သောအခါ မေဂျာအလိုက် အားကစားပြိုင်ပွဲများ ကျင်းပပါသည်။ ထိုအခါ ကျွန်မတို့လည်း ယှဉ်ပြိုင်သမျှ ပွဲတိုင်းမှာ ကိုယ့်မေဂျာမှ ကိုယ့်မေဂျာ သည်းသည်းလှုပ်အောင် အားပေးခဲ့ကြပါသည်။ တစ်ညနေ ဘတ်စကက်ဘောပြိုင်ပွဲနားကို ရောက်သွားသောအခါ ကျွန်မတို့ လုံးဝ မျှော်လင့်မထားသော ကစားသမားတစ်ယောက်မှာ သူ ဖြစ်နေလေသည်။ လှပ သပ်ရပ်သော သူ၏ ကစားကွက်များကို မင်သက်စွာ ငေးကြည့် အံ့ကြနေမိသူမှာ ကျွန်မသာ။ ထိုနေ့က ကစားပွဲမှာ ကျွန်မတို့ စက်မှုမေဂျာက အနိုင်ရခဲ့ပြီး အိမ်ပြန်ရောက်သောအခါ ကြိမ်းစပ် နီရဲနေသော လက်ဖဝါးများကို ဆေးလိမ်းရပါသည်။ ပြီးတော့ နောက်ထပ် နှစ်ရက် သုံးရက်လောက်အထိ အသံတွေလည်း ဝင်နေခဲ့ပါသေးသည်။

သည်လိုနှင့် နှစ်ကုန်ခါနီး စာမေးပွဲကြီး ဖြေဆိုရန် နီးကပ်လာပါသည်။ ထိုအချိန်မှာတော့ ရီဝေပြီး တောက်ပသော မျက်ဝန်းညိုများကို အသာ မေ့ဖျောက်ကာ အိမ်ကျယ်ကျယ်ရှိသော သူငယ်ချင်းတစ်ယောက်ဆီမှာ ကျွန်မတို့ တစ်ဖွဲ့လုံး စာစုကျက်ကြရပါသည်။ တချို့သော ဘာသာရပ်များမှာ အုပ်စုလိုက် တစ်ယောက်ကို တစ်ယောက် ကူညီ ရှင်းလင်းပေးလျှင် စာကျက်ရ အလွန်လွယ်ကူပါသည်။ ထိုအချိန်မျိုးတွင် ရှင်းပြနေသော စာများကို နားမဝင်နိုင်ပဲ သူငယ်ချင်း အပေါင်းအသင်းမရှိသော သူ ဒီလောက် ခဲရာခဲဆစ် စာတွေကို တစ်ယောက်တည်း ဘယ်လိုများ ကျက်မှတ်နေပါလိမ့်ဟု ပူပူပင်ပင် အတွေးနယ်ချဲ့နေသူမှာ ကျွန်မဖြစ်ပါသည်။ ကျွန်မကသာ စိတ်တွေပူနေတာ… သူကတော့ ဘာမှ သိလိမ့်မည် မဟုတ်ပါ။

ကိုယ်ပိုင် စာကျက်ရက်များ ကုန်ဆုံးကာ နောက်ဆုံးနှစ် စာမေးပွဲရက်များကို ရောက်လာခဲ့သည်။ ဒီစာမေးပွဲများ ပြီးသွားလျှင် နောက်ကို သူနှင့် တွေ့ဆုံရန် အခွင့်အရေး မရှိနိုင်တော့ ဟု ကျွန်မကိုယ်တိုင် သေချာနေခဲ့သည်။ ထို့ကြောင့် စာမေးပွဲ နောက်ဆုံးနေ့မှာတော့ ကြိုတင်ကြံစည်ထားခဲ့သည့်အတိုင်း ကျွန်မ သူ့ကို အရဲစွန့်ပြီး နှုတ်ဆက်ရန် (သို့မဟုတ်) အနည်းဆုံးတော့ ပြုံးပြခွင့်ရရန်၊ သူနှင့် မျက်နှာချင်းဆိုင်ခွင့်ရရန် ကြိုးစားခဲ့မိပါသည်။ သို့သော် ထိုနေ့က ကျွန်မ ကံမကောင်းပါ။ ကျွန်မ စာမေးပွဲခန်းထဲမှ ၁၅ မိနစ်ခန့် စောထွက်ပြီး သူ ထွက်အလာကို စောင့်နေခဲ့သော်လည်း ဘယ်လိုက ဘယ်လိုဖြစ်သွားသည်မသိ၊ သူနှင့်ကျွန်မ လွဲသွားကြသည်။ အတန်းထဲမှာ လူအားလုံးကုန်သည့်အထိ သူ့ကို မတွေ့ရသောအခါ ကျောင်းဆောင်အနောက်ဖက်မှ သူ့ကားလေး ရပ်နေကျ နေရာကို သွားကြည့်မိသည်။ သူရပ်နေကျ နေရာမှာ ကားလေး မရှိတော့ပါ။ ဒါဆို သူ ပြန်သွားပြီပေါ့။ ထိုအချိန်မှာ ကျွန်မ အလွန်အမင်း ဝမ်းနည်းနေခဲ့ပါသည်။

ထို့နောက်မှာတော့ ကျွန်မကိုယ် ကျွန်မ မသိလိုက်ခင်မှာပင် ခြေလှမ်းများက ကျောင်းသားရေးရာဌာနဆီသို့ ဦးတည်နေမိလျက်သား။ ဘာအတွက်ဟု မရေရာ မသေချာသော်လည်း ကျောင်းသားရေးရာဌာနမှ ကျွန်မနှင့် သိနေသော အန်တီကြီးတစ်ယောက်` အကူအညီဖြင့် သူ့အိမ်လိပ်စာကို ရလာခဲ့ပါသည်။ သည်လိုနှင့် ကျောင်းပိတ်ပြီး နှစ်ပတ်ခန့်အကြာတွင် အိမ်ကလူကြီးများ မသိအောင် ကားခိုးမောင်းကာ သူ နေထိုင်ရာ လမ်းထိပ်ကို မယောင်မလည်နှင့် ရောက်သွားခဲမိ့ပါသည်။ သို့သော်လည်း ကားမောင်းတတ်ခါစ ဖြစ်နေသည်က တစ်ကြောင်း၊ အိမ်ကမသိအောင် တိတ်တိတ်လေး ခိုးမောင်းလာသည်က တစ်ကြောင်း၊ လမ်းမှာ အသိမိတ်ဆွေများနှင့် တိုးမည်ကို ကြောက်သောစိတ်၊ သူ နေထိုင်ရာ အနီးအနားကို မဆီမဆိုင် ကျူးကျော် ရောက်ရှိလာသော ကျွန်မကို သူ တွေ့မြင်သွားလေမလားဟု စိုးရွံ့သောစိတ်တို့ဖြင့် လူတကိုယ်လုံး ထူပူကာ ဘေးဘီဝဲယာကို အနည်းငယ်မျှ စောင်းငဲ့မကြည့်ရဲပဲ အိမ်သို့ ပြန်ရောက်လာပါသည်။ ထိုနေ့ညမှ စတင်ကာ တစ်ပတ်တိတိ ကျွန်မ အပြင်းဖျားပါသည်။ သေချာပါသည်… သူကတော့ ဘာဆို ဘာမှ သိလိမ့်မည် မဟုတ်ပါ။

ဘယ်သူမှ မသိလိုက်သော၊ သိဖို့လည်း မကြိုးစားခဲ့မိသော သံယောဇဉ်အပိုင်းအစလေး တစ်ခုသည် ဘယ်သူမှ မသိလိုက်ခင် အချိန်မှာပင် အလိုအလျောက် ပျက်ပြယ်သွားခဲ့ပြီပဲ ဟု တွေးရင်း တချို့သော အချိန်တွေမှာ သူ့ကို သတိတရရှိလိုက်၊ တချို့အချိန်တွေမှာ မေ့မေ့ပျောက်ပျောက်ဖြစ်လိုက်နှင့်။ ထို့နောက်မှာတော့ လှပပြီး သာယာသော ဘဝတခုမှာ အလိုက်သင့် အလျားသင့် စီးမျော ပျော်ဝင်ရင်း... သူ ဘယ်များရောက်နေပါလိမ့်ဟု ရံဖန်ရံခါမှသာ သတိရဖြစ်တော့သည်။ သည်လိုနှင့် ဆယ်စုနှစ်တခုမက ဖြတ်သန်း လွန်မြောက်လာခဲ့ပြီ ဖြစ်သည်။

* * * * * * *

တအံ့တသြမျက်နှာဖြင့် ဖုန်းပြောနေသော ကျွန်မကို အမျိုးသားက အထူးတဆန်း ဖြစ်လို့နေခဲ့သည်။ ဖုန်းပြောအပြီးမှာ ဖုန်းခေါ်လာသောသူသည် နှစ်ပေါင်းများစွာ ကွဲကွာနေသော ကျောင်းနေဘက် ယောက်ျားလေး သူငယ်ချင်းတစ်ယောက် ဖြစ်ကြောင်းနှင့် အဆင်ပြေလျှင် တကြိမ်တခါမျှ တွေ့ဆုံလိုကြောင်း ပြောပြသောအခါ အမျိုးသားက ကြည်ဖြူစွာပင် အိမ်ကို ထမင်းစားဖိတ်ခွင့် ပေးခဲ့သည်။

အိမ်ကို လာလည်သောနေ့မှာ သူ၏ ဟန်ဆောင်မှုကင်းပြီး ရိုးသားသန့်စင်သော မျက်ဝန်းညိုများနှင့် ပျူငှာစကား သွက်လက်စွာ ဆိုတတ်မှုတို့ကြောင့် တခဏအတွင်းမှာပင် ကျွန်မအမျိုးသားနှင့် သူ ငယ်ပေါင်းကြီးဖေါ်များပမာ အကျွမ်းတဝင် ရင်းနှီးကာ စကားလက်ဆုံ ကျသွားလေတော့သည်။ ထမင်းဝိုင်းတွင် ဘေးနားမှနေ၍ လိုအပ်သည်များကို ဖြည့်စွက်ပေးရင်း ကျွန်မက နားထောင်သူ သက်သက်သာ။ သူတို့ပြောနေကြသော အကြောင်းအရာတွေက ကျွန်မ နားမလည်သော နိုင်ငံရေးတွေလည်း ပါသည်၊ သူ လက်ရှိ အလုပ်လုပ်နေသော ဓါတ်ငွေ့တွေအကြောင်း၊ ရေနံချက်စက်ရုံတွေအကြောင်းလည်း ပါသည်၊ ပြီးတော့ သစ်တော ပြုန်းတီးမှုတွေနှင့် အတူ မြန်မာ့ ကျွန်းသစ်တွေအကြောင်းလည်း ပါသေးသည်။

သူတို့ပြောသမျှကို တိတ်ဆိတ်စွာ ငေးမောနေသော ကျွန်မကို သူက သားလေးနှစ်ယောက်ရှိနေပြီဖြစ်သော သူ့မိသားစုလေးအကြောင်း ပြောပြရင်း စကားဝိုင်းအတွင်း အလိုက်တသိ ခေါ်သွင်းခဲ့တာဖြစ်သည်။ သားကြီးက ငါးနှစ်၊ သားငယ်လေးက နှစ်နှစ် တဲ့။ မိန်းမပီပီ သူ အိမ်ထောင်ကျသောခုနှစ်ကို စိတ်ထဲမှာ အပြေးအလွှား ခန့်မှန်းကြည့်မိသေးသည်။ ထိုနေ့က စကားတွေကောင်းပြီး ည ၁၁ နာရီလောက်မှ သူ ပြန်သွားသည်။ မကြာခင် သူ့မိသားစု လိုက်လာကြတော့မှာဖြစ်ပြီး ထိုအခါကျမှ နောက်တစ်ခေါက် လာလည်အုံးမည်ဟုလည်း ပြောသွားသေးသည်။ စကားနည်း အေးဆေးကာ မိတ်ဆွေအပေါင်းအသင်းလည်း နည်းပါးသော ကျွန်မအမျိုးသားက သူ့ကို နှစ်လိုစွာ ရင်းနှီး ခင်မင်သည်ကို တွေ့ရတော့ ကျွန်မ ဝမ်းသာမိပါသည်။

ပြီးတော့… သူ… ကျောင်းတုန်းက ကျွန်မကို စိုးစဉ်းမျှ သတိထားမိလိမ့်မည် မဟုတ်ဟု ထင်ထားသော်လည်း ဆယ်စုနှစ်တစ်ခု မက ကုန်လွန်လာသည်အထိ ကျွန်မကို မှတ်မှတ်ထင်ထင် ရှိနေခြင်းနှင့် ကျွန်မကို သတိတရ ရှာဖွေ ဆက်သွယ်လာခြင်းများအပေါ်မှာ မယုံကြည်နိုင်လောက်အောင် အထူးတလည် မှင်သက် အံ့သြမိနေဆဲ။ နောက်တနေ့မှာ ထို့ထက် ပိုမိုအံ့သြစရာတခုကို သူ ပြုမူခဲ့တာဖြစ်သည်။ ကျွန်မ၏ ဖုန်းထဲကို သူ့သား ဓါတ်ပုံလေးတွေ ပို့လာပြီး သားလေးတွေ၏ အမည်ကိုပါ ရေးပြ မိတ်ဆက်လာခဲ့တာ ဖြစ်သည်။ အံ့သြစရာမှာ သူ့ သားလေးနှစ်ယောက်၏ နာမည်စာလုံး သုံးလုံးအနက်မှ နောက်ဆုံးစာလုံးသည် ကျွန်မနာမည်၏ နောက်ဆုံးစာလုံးနှင့် တထပ်တည်း တူညီနေခြင်းပင် ဖြစ်သည်။

အရာရာကို သေချာချင်သော ကျွန်မသည် အလကားနေရင်း လောဘကလည်း ကြီးချင်နေပြန်သေးသည်။ ထိုဓါတ်ပုံလေးနှင့် နာမည်များကို လက်ခံရရှိပြီးချိန်မှာ ကျေးဇူးတင်စကားပင် ပြန်မဆိုနိုင်ပဲ သိချင်လှသော မေးခွန်းတစ်ခုကို ဒရောသောပါးနိုင်လှစွာ မေးခဲ့မိသည်။ ကျွန်မသိလိုသောအရာကို သူကလည်း ချက်ချင်းပင် မဆိုင်းမတွ အဖြေပေးခဲ့ပါသည်။ ထိုအချိန်မှာ သူ ပြုံးကောင်း ပြုံးနေပါလိမ့်မည်။ ကျွန်မ၏ မေးခွန်းမှာ “ကျေးဇူးပြုပြီး ရှင့် အမျိုးသမီးနာမည်လေးများ ပြောပြနိုင်မလား” ဟု ဖြစ်ပြီး သူပြန်ဖြေလာသော အဖြေထဲမှာ ကလေးတွေနာမည်နှင့် ဆင်ဆင်တူသော စာလုံး တစ်လုံးတစ်ပါဒမှ မပါဝင်ခဲ့ချေ။

လုံးဝ မျှော်လင့်မထားခဲ့ပါ။ ကျောင်းတက်ရက်များထဲမှာ တစ်ယောက်ကို တစ်ယောက် မသိလိုက် မသိဖာသာ နေခဲ့ကြရင်း အကြည့်တစ်ချက်၊ အပြုံးတစ်စ ဖလှယ်ရန် ဝေးစွ၊ မျက်နှာချင်းပင် တည့်တည့် မဆိုင်ခဲ့ဖူးသော၊ ကျွန်မ၏ တိတ်တခိုး ချစ်ခင် နှစ်လိုမှုကို သူသိသာ မြင်သာအောင် မည်သည့်နည်းနှင့်မျှ မဖေါ်ပြခဲ့ဖူးသော၊ အတန်းဖေါ်တွေထဲမှာ ဘာမှ ထူးခြားမှု မရှိသော ကျွန်မလို သာမန် မိန်းကလေးတစ်ယောက်ကို ယခုကဲ့သို့ မှတ်မှတ်သားသား သတိထားမိလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပါ။

အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ် လျှို့ဝှက်နိုင်ခဲ့သော သူ့ထံမှ သံယောဇဉ် တစွန်းတစကို နှစ်ပေါင်း များစွာကြာမြင့်မှ သိခွင့်ရခဲ့ခြင်းအတွက် ကျွန်မ ဝမ်းနည်း ဝမ်းသာ ဖြစ်ရပါသည်။ သို့သော်လည်း ကျွန်မ ကျေနပ်ပါသည်။ လေးနက် လှပသော၊ ပြီးတော့ ဖြူစင် သန့်ရှင်းသော မဖေါ်ပြဖြစ်ခဲ့သော အဖြူရောင် သံယောဇဉ်ကြိုးစများနှင့်အတူ ငယ်ငယ်က နှစ်သက်ခဲ့ဖူးသော သူ့ မျက်ဝန်းညိုများကို ကျွန်မ တစ်သက်စာ အမှတ်တရ သိမ်းဆည်းသွားမည်သာ…။

သက်ဝေ

(ရန်ကုန် စက်မှုတက္ကသိုလ်  ရွှေရတု အထိမ်းအမှတ် အဖြစ် ထုတ်ဝေသော စွယ်တော်ရိပ်မဂ္ဂဇင်းတွင် ဖေါ်ပြပြီးဖြစ်သည်) 


ပထမဆုံးနေ့

$
0
0
လူ့ဘ၀ရဲ့ ပထမဆုံး စက္ကန့် မိနစ်တွေကို အငိုနဲ့ စခဲ့တယ်ဆိုပေမဲ့ သက်ရောက်လာတဲ့ မေတ္တာဓါတ်တွေကြောင့် အတော်အတန်တော့ သက်တောင့်သက်သာ ဖြစ်နေပါလိမ့်မယ်။ အရင်အချိန်တွေမှာ ရထားခဲ့ဖူးတဲ့ နွေးထွးမှုမျိုးနဲ့ မတူနိုင်တော့တာ မှန်ပေမဲ့ လူ့ဘ၀ထဲ ရောက်လာပြီးတဲ့နောက်မှာ ပတ်ဝန်းကျင်ရဲ့ ပြုပြင်မှုတွေကြောင့် အဲဒီလို နွေးထွေးမှုတွေနဲ့ အေးစက်ခြင်းတွေကို အလိုလို ကျင့်သားရလာပါလိမ့်မယ်။ လိုချင်တာကို ရယူနိုင်ဖို့အတွက် ငိုတဲ့ အကျင့်ကို မလုပ်ပါနဲ့။ လိုချင်တာ မရမချင်း ငိုယိုပူဆာတတ်တဲ့၊ ဘယ်တော့မှ မကြီးပြင်းနိုင်တဲ့သူမျိုးတွေ ရှိတယ်။ သူတို့နဲ့ ဝေးဝေးမှာ နေပါ။ အမြဲတမ်း ကြည်လင်စွာ ပြုံးရယ်နေတတ်တဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ပါ။ သူတို့နဲ့ ရင်းနှီးခင်မင်ပါ။ သူတို့ဆီကနေ မှတ်သား သင်ယူပါ။ လူများများနဲ့ စကားပြောကြည့်ပါ။ သူတို့တွေဆီမှာ သင်ခန်းစာ အသစ်တွေ၊ ပုံပြင် အသစ်တွေ၊ ထူးခြားတဲ့ အမြင်တွေနဲ့ မတူညီတဲ့ ရှုထောင့်တွေ ရှိနေတတ်တယ်။ ကိုယ်က သူတို့ပြောတာ နားထောင်ဖို့ အခွင့်အရေး ရှိနေတယ်ဆိုရင် စကားမပြောပါနဲ့။ သူတို့ပြောတာကို ငြိမ်သက်စွာ နားထောင်ပါ။ လျှောက်ရမယ့်လမ်းမှာ အမှတ်တမဲ့ ကျော်ဖြတ်ခဲ့ချိန်တွေ၊ အမှတ်တရ ကြုံတွေ့ရမှာတွေ၊ အကြောင်းအကျိုး အကောင်း အဆိုးတွေနဲ့အတူ ဘယ်လိုမှ ကြိုတင် မမြင်နိုင်တဲ့ အဖြစ်တွေ ရှိနေမယ်။ ဘာကိုမဆို ကောင်းမွန်စွာ လက်ခံပါ ဖြစ်မလာသေးတဲ့အရာတွေကို ကြိုတင် တွေးတောပြီး ပူပန်နေတာ အရှုံးတမျိုးပါပဲ။ အတတ်နိုင်ဆုံး ရှောင်ပါ။ ဘ၀ရဲ့ အချိုးအကွေ့တွေမှာ ထူးခြား ဆန်းကြယ်မှုတွေ အများကြီး တွေ့ရမယ်။ အကောင်းတွေလည်း ရှိသလို အဆိုးတွေလည်း ရှိနေမှာပါပဲ။ အဲဒီလိုအဖြစ်တွေဟာ အစီအစဉ်အလိုက် တလှည့်စီ ပေါ်နေမှာပဲ။ ဒါပေမဲ့ ဘယ်အရာမှ မမြဲဘူး။ တချိန်လုံး ကောင်းမနေနိုင်သလို အမြဲလည်း ဆိုးမနေပါဘူး။ အဆိုးတွေ ကြုံလာရတဲ့အခါ အကောင်းဆုံးတွေ ပိုင်ဆိုင်ခဲ့ဖူးတာကို ပြန်စဉ်းစားပါ။ ကျေးဇူးတင်ပါ။ ပျော်ရွှင်ခဲ့ရတာတွေကို ပြန်စဉ်းစားပါ။ ကျေးဇူးတင်ပါ။ ကိုယ်ပိုင်စိတ်ကူး၊ ကိုယ်ပိုင် အယူအဆ၊ ကိုယ်ပိုင် ဆုံးဖြတ်ချက် နဲ့ အတူ ကိုယ့် ခံစားချက်နဲ့ ကိုယ်ပိုင် အတွေးအခေါ်တွေနဲ့ သတ်သတ်မှတ်မှတ် ရပ်တည်ပါ။ အရာရာကို ရိုးသားပါ။ အကောင်းမြင်ပါ။ ဘဝကို ကျေနပ်ပါ၊ ရှင်သန်နေထိုင်ရခြင်းကို နှစ်လိုပါ။ အစပိုင်းမှာ နည်းနည်းတော့ ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ တဖြည်းဖြည်း အဆင်ပြေသွားမှာပါ။ ကိုယ့်တန်ဖိုးကို ကိုယ်တိုင် ပြန်ရှာတွေ့တဲ့အချိန်မှာ စိတ်ပျော်ရွှင်ရပါလိမ့်မယ်။ လူတစ်ချို့ကို မနှစ်မြို့မိတဲ့အခါ သူတို့ကလည်း ကိုယ့်ကို ခါးသီးစွာ မုန်းတီးကြလိမ့်မယ်။ ပြန်မုန်းရလောက်အောင် မတန်ပါဘူး။ အမုန်းတွေကို အတတ်နိုင်ဆုံး ခပ်ဝေးဝေးကို ပို့ထားလိုက်ပါ။ လှပသိမ်မွေ့တဲ့ ချစ်ခြင်းနဲ့ နူးညံ့တဲ့ မေတ္တာတရားကို ၀မ်းမြောက်ဝမ်းသာ လက်ခံကြိုဆိုပါ။ ကိုယ်တိုင်ကလည်း ကျေကျေနပ်နပ် မျှဝေပါ။ ချစ်ခြင်းမေတ္တာဟာ ကမ္ဘာပေါ်မှာ အင်အားအကြီးမားဆုံးပါပဲ။

ကမ္ဘာမြေပေါ်မှာ ဆက်လက် ရှင်သန်နေထိုင်ရတဲ့ နေ့ရက်တွေတိုင်း အစွမ်းကုန် ချိုမြိန်ပါစေ။

သက်ဝေ
(၆ ဇန်န၀ါရီ ၂၀၁၅)


လမျှားသူရဲ့မှတ်တမ်း

$
0
0
တကယ်ဆိုရင် သူ့ကိုယ်သူ လမျှားသူ လို့ ကြီးကြီကျယ်ကျယ် အမည်တပ်ထားတာ၊ အမှန်ကတော့ သူဟာ ဘာမှ မသိ၊ ဘာမှ မတတ်၊ တစ်ခုခုဆို မထုံတက်တေးနဲ့ပြောလိုက်ရင်လည်း မျက်လုံး အ၀ိုင်းသား၊ ပါးစပ် အဟောင်းသား၊ နားရွက် အကားသားနဲ့အမြဲတမ်း ကြောင်စီစီနဲ့ လိုက်ကြည့်နေတတ်တဲ့ ကြောင်တောင်တောင် အကောင်တစ်ကောင်ပါ။ လမျှားသူရဲ့ ထူးခြားတဲ့ ဂုဏ်ပုဒ်တွေကို ဖေါ်ပြရမယ်ဆိုရင် နားမလည် ပါးမလည်၊ မအူမလည်အူလည်လည်၊ အူတိအူကြောင်၊ အူကြောင်ကြား၊ ထုံထုံထိုင်းထိုင်း၊ တုံးတုံးတာတာ၊ အရိပ်ပြလို့ အကောင်မသိ၊ တစ်တောင်ပြလို့ တစ်မိုက်မမြင်၊ ပြီးတော့ ခပ်တုံးတုံးခပ်လှေးလှေး… အဲဒီလို အရည်အချင်းတွေနဲ့ ပြည့်စုံနေတဲ့ အကောင်တစ်ကောင်ပါ။ ဒီတော့လမျှားသူ ဆိုတဲ့ နာမည်ပိုင်ရှင်ကို သူ့ဖာသာ လ မကလို့ နေ ကိုပဲ မျှားမျှား၊ကြယ်ကိုပဲ မျှားမျှား၊ နောက်ဆုံး အင်္ဂါဂြိုလ် ကိုပဲ မျှားမျှား၊ ဘယ်သူကမှ အရေးတယူမရှိ၊ လူရေး လူရာ ထားပြီး စာရင်းသွင်းတာမျိုးလည်း မရှိကြပါဘူး။

လမျှားသူဟာ နေ့အချိန်တွေမှာဆိုရင် ကောင်းကင်ပေါ်မှာ တိမ်တွေတရွေ့ရွေ့နဲ့ မျောလွင့်နေတာကိုပဲ လှလိုက်တာ… လှလိုက်တာနဲ့ တငေးငေး တသသဖြစ်နေတတ်တာ၊ ဒါတင် ဘယ်ကမလဲ၊ သူ စေလွှတ်လိုက်လို့သာ အဲဒီတိမ်တွေ ကောင်းကင်ပေါ်မှာ အခုလိုပျံသန်းနေခွင့်ရတာမျိုးလိုလိုတောင် စကားကြီး စကားကျယ် ပြောသေးတာ။ ညအချိန်တွေမှာဆိုရင်တော့ မနီးမဝေးက ကမ်းးခြေတစ်နေရာမှာ ထိုင်၊ ကောင်းကင်နက်နက်ပေါ်မှာ ပုံသဏ္ဍာန်အမျိုးစုံနဲ့သာနေတဲ့ လ ကို လှမ်းမျှော်ကြည့်ရင်း သူဟာ လမျှားသူ ပါ၊ သူဟာ Moon Catcher ပါ ဆိုတဲ့စကားတွေကို အကြောင်းမဲ့ တတွတ်တွတ် ရေရွတ်နေတတ်တာမျိုး၊ အဲဒီကောင်းကင်ပေါ်မှာ လှပ တင့်တယ်နေတဲ့လ ကို သူက မျှားတံနဲ့ မျှားနိုင်တယ်ဆိုထဲက သူဟာ လ ထက် မြင့်မားတဲ့နေရာမှာတည်နေနိုင်တယ်ဆိုတာမျိုး၊ လထဲမှာ ထိုင်နေကြတဲ့ ရွှေယုန်ဟာ သူ့ရဲ့ ငယ်ပေါင်းကြီးဖေါ်၊ ပြီးတော့ ပြောမနာ ဆိုမနာ ကစားဖေါ်တစ်ကောင်ဖြစ်ပြီး ဆန်ဖွတ်တဲ့ အဖိုးအိုကတော့ သူ့ရဲ့အရင်ဘ၀က အဖေတော်စပ်ခဲ့ဖူးတယ်ဆိုတာမျိုး… အဲဒါတွေကို ကမ်းစပ်ကနေ ထိုင်ကြည့်ရင်း၊ အနားမှာရှိသမျှ လူတွေကို ပြောဆိုရင်း အခြောက်တိုက် ဘ၀င်လေဟပ်နေတတ်သေးတာ။ သင့်တင့်လျောက်ပတ်မှု မရှိပုံများ ပြောပါတယ်။ 

တစ်ခါတစ်ခါတော့လည်း ညနက်နက်မှာ မှန်ပြောင်းတစ်လက်ထမ်းပြီး ကြယ်စုတွေပဲ တစ်လုံးချင်း ရေတွက်တော့မလိုလို၊ ကြယ်ကြွေချိန်မှာ ကမ္ဘာလောကသားတွေရဲ့ ကောင်းကျိုးချမ်းသာစည်းစိမ်အတွက် ဆုတွေပဲ တောင်းတော့မလိုလိုနဲ့ တစ်ယောက်တည်း အလုပ်များနေတတ်တာမျိုးကလည်း ရှိသေးတယ်။ ပြောသေးတယ်၊ ကြယ်တွေမှာ သောကြာကြယ်၊ ခုနှစ်စဉ်ကြယ် စသည်ဖြင့် နာမည်ကိုယ်စီရှိနေတာ သူပေးထားလို့တဲ့။ ဂြိုလ်တွေရော ဘာထူးသလဲ… သူနာမည်ပေးထားလို့ အင်္ဂါဂြိုလ် ဘာဂြိုလ် ညာဂြိုလ်စသည်ဖြင့် နာမည်တွေ ရှိနေတာဆိုပဲ။ မသိတဲ့သူတွေ ဘေးကကြည့်နေရင် အူကြောင်ကြောင်အကောင်တစ်ကောင်ရဲ့ ထုံးစံ အူကြောင်ကြောင် အပြုအမူတွေကို ရက်ရက်ရောရော ဖေါဖေါသီသီပြုမူနေတာမျိုးသာ မြင်ကြရမှာပါ။ တချို့ သူ့အကြောင်း သိတွေကတော့ ပြောကြတယ်။ ဒီအကောင်ဟာ လူနေချုံကြား စိတ်ဘုံဖျား တဲ့။ ထားပါလေ… လမျှားသူကတော့ ဒါတွေကိုအနည်းလေးမှ ဂရုပြုဟန် မတူပါဘူး။

အဲဒီလို နကန်းတစ်လုံးမှ မသိ၊ နားမလည်တတ်တဲ့အူကြောင်ကြောင် လမျှားသူ ဆိုတဲ့ အကောင်ဟာ ဘယ်ကနေ ဘယ်လို လမ်းမှား မျက်စိလည်ပြီးဒီလို လူ့ပတ်ဝန်းကျင် လူ့အသိုင်းအ၀ိုင်းထဲကို ရောက်လာတယ်ဆိုတာလည်း ဘယ်သူမှမသိခဲ့ရိုး အမှန်ပါ။ ဒါပေမဲ့ သူက အပေါင်းအသင်းတော့ ဆံ့သား။ သူ့ကို ပေါကြောင်ကြောင်အကောင်တစ်ကောင်ပဲ ဆိုပြီး ပတ်ဝန်းကျင်က နည်းနည်းပါးပါးတော့ ခင်မင်ကြတယ်။ အမှန်တော့ပြောမနာ ဆိုမနာ အရူးအပေါတစ်ယောက်လို ခပ်နှိမ်နှိမ် သဘောထားပြီး ခင်နေကြတာပါ။

တကယ်တမ်း လမျှားသူရဲ့ ပင်ကိုယ်စရိုက်ကတော့ အေးချမ်းတယ်။ စကားလည်းနည်းတယ်။ ကောင်းကင်ပေါ်က တိမ်၊ လ၊ ကြယ်တွေ ဂြိုလ်တွေနဲ့ ပတ်သက်မှသာ ကြီးကြီးကျယ်ကျယ်တွေ ထ ထ ပြောတတ်တာ။ အများအားဖြင့်တော့ သူများတွေ စကားပြောနေရင် သေသေချာချာ နားထောင်တယ်။ မှတ်မိသင့်သလောက် မှတ်မှတ်သားသား ရှိတယ်။ စကားဝိုင်းတွေမှာ ဘာတစ်ခုမှပါဝင်ဆွေးနွေးပြောဆိုခြင်း မရှိဘူး။ သူများစကားတွေကို သဘောမတူသည့်တိုင် ပြန်လှန်ငြင်းခုန်ခြင်း၊ အခြေအတင် ပြောဆိုခြင်း မပြုဘူး။ သူ ဘာမှ မကြားသလို၊ မသိသလို နေတတ်တယ်။ သူ့ရဲ့ ကိုယ်ပိုင်ဟန်ဖြစ်တဲ့ မျက်လုံးအ၀ိုင်းသားနဲ့ အားလုံးကို လိုက်ကြည့်နေတာပဲ။ တစ်ခါတစ်ခါများ နားမလည် ပါးမလည်၊ မျက်လုံးလေး ကလယ်ကလယ်နဲ့ သိပ်သနားစရာကောင်းတာ။ အဲဒီအခါမျိုးမှာတုံးတုံးတာတာ အကောင်လေးတစ်ကောင်ရယ်လို့ သူ့ကို ဂရုဏာသက်စရာတောင် ကောင်းသေးတော့။ မသိနားမလည်ရင်လည်း မမေးဘူး။ ဒီတိုင်းပဲ ငေးကြည့်နေတာပဲ။ ဒါကို မကြည့်နိုင်တဲ့သူကစိတ်ရှည်လက်ရှည် ပြန်ရှင်းပြရတယ်။ လမျှားသူ တို့က အဲဒီလို။

ပြောရရင် အားလုံးက မပြည့်တပြည့် ရူးနှမ်းနှမ်းအကောင်လို့ သတ်မှတ်ထားတဲ့ လမျှားသူမှာ တကယ်တမ်းကျ ဘယ်သူမှ အလွယ်တကူ မသိနိုင် မမြင်နိုင်တဲ့အရည်အချင်း တစ်ချို့ရှိနေခဲ့တာ ဘယ်သူမှ မသိခဲ့ကြဘူး။ သူ့မှာရှိတဲ့ အဲဒီ ခပ်သေးသေး စွမ်းရည်လေးတစ်ခုဟာ သူ့ထက်ငါ အပြိုင်အဆိုင် တော်ကြောင်း တတ်ကြောင်း မော်ကြွားကြသူများအားလုံးရဲ့ရှေ့မှာ ဘယ်တော့မှ မပေါ်လွင်ခဲ့ဘူး။ ပေါ်လွင်အောင်လည်း သူ့ဘဝ တလျောက်လုံးမှာ တစ်ကြိမ်တစ်ခါမှ မပြခဲ့ဘူး။ တစ်ယောက်ကို တစ်ယောက် အစွမ်းကုန် လိမ်ညာ ဟန်ဆောင်ပြုံးရယ် ချိုမြနေကြသူများကြားထဲမှာ သူဟာ အစဉ် ရေငုံ နှုတ်ပိတ်နေခဲ့တယ်။ ဒါပေမဲ့သူ သိတယ်။ ဘယ်သူတွေ ဘာတွေ ဘယ်လို လိမ်ညာနေကြတယ် ဆိုတာ၊ ဘာစကားတွေက ဘယ်ကိုရောက်လို့ ဘာကို ဆိုလိုတယ်ဆိုတာ၊ ဘယ်သူတွေက ဘယ်လို ဟန်ဆောင်နေတယ်ဆိုတာအားလုံး သူ သိတယ်။ အားလုံး သူ သိတယ်။ အဲဒီလို။

တစ်ခါကတော့ လမျှားသူဟာ သူနဲ့ အရင်းနှီးဆုံးလို့ဆိုနိုင်တဲ့ မိတ်ဆွေတစ်ယောက်ကို တီးတိုး ပြောပြဖူးသတဲ့။ သူ့ရဲ့ ကိုယ်ပေါ်မှာ၊သူ့လက်နဲ့ မမှီနိုင်သေးတဲ့ နေရာမှာ ဆူးချွန်ချွန်ကလေး တစ်ချောင်း ခပ်နက်နက်စိုက်ဝင်နေတယ်တဲ့။ အဲဒီဆူးကလေးဟာ နေ့စဉ်နဲ့အမျှ သူ့ကိုယ်ထဲကနေ အပြင်ကို တတိတိနဲ့ တိုးထွက်နေတာတဲ့။ အဲဒီဆူးလေးကို တစ်ယောက်ယောက်က အမှတ်မထင် ဆွဲနှုတ်လိုက်လို့ဖြစ်စေ၊ သူ့လက်တွေ ရှည်ထွက်လာလို့ ဆူးကို သူကိုယ်တိုင် လက်လှမ်းမှီပြီး ဆွဲနှုတ်နိုင်တဲ့အခါမှာ ဖြစ်စေ၊ သူဟာ ဒီပတ်ဝန်းကျင်၊ ဒီလောကထဲကနေ အပြီးတိုင် စွန့်ခွာသွားရတော့မှာ၊ သူ ဘဝပြီးဆုံးသွားရတော့မှာပဲ တဲ့။ ဆိုချင်တာကတော့ အဲဒီဆူးလေးဟာ သူ့ အသက်ပဲ။ အဲဒီလိုစွန့်သွားရတော့မဲ့ တစ်နေ့မှာ သူဟာ သူသိသမျှ အကြောင်းအရာတွေ အားလုံးကို ပွင့်ပွင့်လင်းလင်း ဖွင့်ချသွားမယ် တဲ့။ အဲဒီမိတ်ဆွေကတော့ လမျှားသူရဲ့ ကြောင်စီစီ စကားလုံးတွေကို ဟာသပြကွက်တစ်ခု၊ လူရွှင်တော် ပျက်လုံးတစ်ခုလို ဟက်ဟက်ပက်ပက် လှောင်ပြောင်ဟားတိုက် ရယ်မောနေတော့တာပဲ တဲ့။ ဒီကောင်ဟာ သူ့ကိုယ်သူ မျက်လှည့်ဆရာဒေးဗစ်ကော့ပါးဖီးလ်များ မှတ်နေသလား မသိဘူးလို့တောင် ရယ်သွမ်းသွေး လိုက်သေးသတဲ့။

တစ်နေ့မှာတော့ လမျှားသူ ဟာ သူ့လက်နဲ့ ဆူးကို စမ်းကြည့်လိုက်တာမှီလု မှီခင်လေး ဖြစ်နေသတဲ့။ ဒါဆို သူ ဒီပတ်ဝန်းကျင်က ထွက်ခွာသွားရဖို့ အချိန်တွေ နီးလာပြီလို့ သိလိုက်တယ်။ ဒီတော့ သူဟာ သူ ဖွင့်ဟ ပြောပြစရာတွေကို စနစ်တကျ စီကာစဉ်ကာရေးနိုင်အောင် အချိန်ရှိသရွေ့ စဉ်းစား တွေးတောနေတော့တယ်။ သူ သိတာတွေက အများသား။ပြီးတော့ ပြောရရင် ရယ်စရာလည်း အကောင်းသားပေါ့လေ။

ပထမဆုံး အစီအစဉ်အရ သူ့ရဲ့ မှတ်တမ်းကို “လမျှားသူရဲ့မှတ်တမ်းလွှာ” လို့ သူ့ ထုံးစံအတိုင်း ကြီးကြီးကျယ်ကျယ် အမည်နာမ ရေးထိုးတယ်။ ပြီးတော့ အမှတ်စဉ်တွေ တန်းစီပြီး တပ်တယ်။ အပေါ်ဆုံး အမှတ်စဉ်မှာ သူ့ကိုအထင်သေးတဲ့သူတွေ၊ သူ့ကို ကြည့်မရတဲ့သူတွေကို တန်းစီရေးချလိုက်တယ်။ ပြီးတော့ ဟက်ဟက်ပက်ပက် ရယ်နေမိတာပေါ့။ ဘာလို့ဆို အဲဒီလူတွေအားလုံးရဲ့ အကြောင်းကို သူ ကောင်းကောင်းကြီးသိနေတာကိုး။ အဲဒီလူတွေရဲ့ နာမည်ဘေးနားက မှတ်ချက် ဆိုတဲ့ အကွက်မှာ တစ်ယောက်ချင်းစီရဲ့ အကြောင်းအရာကို မှတ်ချက်အဖြစ် အတိုကောက်ကလေးတွေ ရေးတယ်။ ဥပမာ ဦးနီ ဆိုရင် သူ့ ဘေးက အကွက်မှာ မဖြူနှင့် တိုးတိုးတိတ်တိတ် ချစ်ကြိုက်နေ၊ မောင်မဲဆိုရင် သူ့ဘေးက အကွက်မှာ တွေ့ရာ အမျိုးသမီးတိုင်းကို သည်းခြေကြိုက် စကားများနှင့် ဖြားယောင်းပြောဆို အရောဝင်နေ၊ ဒေါ်မိ ဆိုရင် သူ့ ဘေးက အကွက်မှာ သူ ၀တ်ထားသော စိန်များ အားလုံးအတုများ ဖြစ်… စသည်ဖြင့်ပေါ့။ ဒီ့ထက် နက်နဲတဲ့ အကြောင်းအရာ၊ ဒီ့ထက် ကလေးကလားဆန်တဲ့ အဖြစ်အပျက်တွေ ပါသေးတယ်။ ဒါပေမဲ့ ဒီနေရာမှာ ထုတ်မပြောချင်တော့လို့ အသာပဲရပ်ထားလိုက်မယ်။

နောက်အမှတ်စဉ်တစ်ခုမှာတော့ ပတ်ဝန်းကျင်မှာ သူများအထင်ကြီးခံချင်တာ တစ်ခုထဲနဲ့ အသားလွတ် ကြွားဝါနေတတ်တဲ့သူတွေ၊ ၀ မရှိပဲ ၀ိ လုပ်ပြီး အောက်ခြေလွတ်နေကြသူတွေ၊ နေရာတကာမှာ ဆရာကြီး လုပ်လိုက်ရမှ နေသာထိုင်သာ ရှိတဲ့သူတွေ။ အိုး… တသီတတန်းကြီးပဲ။ အဲဒီနောက်မှာတော့ ရင်ထဲကမပါပဲ နှုတ်ဖျားလေးကနေ စကားအပိုတွေ တန်ဆာဆင် ပြောတတ်တဲ့သူတွေ၊ နှုတ်ဖျားလေးက ချိုသာပေမဲ့ နောက်ကွယ်မှာ မဲ့ရွဲ့ပြီး စကားတင်းဆိုနေတတ်သူတွေ၊ ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် ရိုးသားမှု မရှိတဲ့သူတွေ၊ သူတပါးကို ခုတုံးလုပ်ပြီး တွန်းတိုက် ကျော်တက်ချင်တဲ့သူတွေ၊ ကိုယ့်အလိုဆန္ဒပြည့်ဖို့ သူများကို မျက်နှာချိုသွေး အတင်း ၀င်လုံးတတ်တဲ့သူတွေ၊ စိန်နားကပ်အရောင်နဲ့ ပါးပြောင်နေကြသူတွေ၊ မိုးခါးရေ သောက်ကြသူတွေ၊ မျက်နှာကြီးရာ ဟင်းဖတ်ပါကြသူတွေ၊ အကျိုးလိုလို့ ညောင်ရေလောင်းနေတဲ့သူတွေ၊ အသားလိုလို့ အရိုးတောင်းသူတွေ… အဲဒီ လူနာမည်တွေကို တန်းစီပြီးချရေးလိုက်သတဲ့။ အဲဒီလို မှတ်တမ်းရေးတဲ့ ပထမဆုံးနေ့မှာပဲ လမျှားသူဟာ အတော်လေးကို ခြေကုန်လက်ပန်းကျသွားတယ်။ ဘယ်လောက်တောင် ပင်ပန်းသွားသလဲဆို နောက်တစ်နေ့ ဒီမှတ်တမ်းကို ဆက်မှ ရေးနိုင်ပါတော့မလားလို့ တွေးနေမိတဲ့အထိပဲ။

ဒါပေမဲ့ နောက်တစ်နေ့မှာ လမျှားသူဟာ သူ့ရဲ့ မပြီးသေးတဲ့ မှတ်တမ်းကို ကြိုးစားပမ်းစား ဆက်ရေးတယ်။ တဖြည်းဖြည်းနဲ့ ရှည်ထွက်လာတဲ့ သူ့ရဲ့လက်ချောင်းတွေကတော့ သူ့နောက်ကျောက ဆူးချွန်လေးကို စမ်းကာ စမ်းကာနဲ့…။ သွားရတော့မဲ့အချိန် နီးနေပြီ ဆိုတာ သူ့ဟာသူ သိနေတယ်။ တိုတိုနဲ့ လိုရင်းကို ပြောရရင် နောက်နှစ်ရက်လောက်မှာ သူ့မှတ်တမ်းကို အဆုံးသတ်လိုက်နိုင်တယ်။ အဲဒီအချိန်မှာသူ့လက်ချောင်းတွေက ဆူးချွန်ကို နှုတ်လို့ရနေတဲ့ အထိ ရှည်နေကြပြီး ဆူးချွန်လေးဟာလည်းအပြင်ကို တော်တော်ရောက်နေပြီ။ သူ သိတယ်။ မနက်ဖြန် နောက်ဆုံးပဲ။ သူ သွားရတော့မယ်။ အားနည်းနေတဲ့ သူ့ရဲ့ခြေထောက်တွေကို အတင်း ဒရွတ်တိုက်ဆွဲပြီး သူ့ မှတ်တမ်းလွှာကို အများမြင်သာအောင် ထားဖို့ နေရာ လိုက်ရှာတယ်။ နောက်ဆုံးမှာတော့ လူခြေတိတ်တဲ့ညအချိန်မှာ လမ်းမကျယ်ကြီး တစ်ခုပေါ်မှာ ဖြန့်ခင်းဖို့ တွေးလိုက်တယ်။

ဒီတော့ နောက်တစ်နေ့ လူခြေတိတ်တဲ့ ညသန်းကောင်အချိန်မှာ သေသေချာချာ ခေါက်လိပ်ထားတဲ့ သူ့မှတ်တမ်းကို အားလုံး ထင်ရှားစွာ မြင်သာတဲ့ အထင်ကရ လမ်းမကျယ်တစ်ခုမှာ အလျားလိုက် ဖြန့်ခင်းလိုက်သတဲ့။ သူ့မှတ်တမ်းဟာ ဘယ်လောက်တောင် ကြီးမား ရှည်လျားသလဲဆိုအနက်ရောင် ကတ္တရာခင်း လမ်းမကျယ်ကြီးကို အဖြူရောင် လမ်းမကြီးတစ်ခုအဖြစ်နဲ့ မျက်စိတစ်ဆုံးကို တွေ့ရတဲ့အထိပဲ။ မှတ်တမ်းကို ဖြန့်ခင်းပြီးတဲ့ အချိန်နဲ့ တည်းတည်းလေးသာ ကျန်တော့တဲ့ သူရဲ့ဆူးချွန်လေး ပြုတ်ကျသွားတဲ့ အချိန်နဲ့က တစ်ချိန်ထဲဖြစ်သွားတယ်။ ဆူးကလေးလည်း ထွက်ကျသွားရော လမျှားသူရဲ့ ခန္ဒာကိုယ်ဟာလည်း တစ်စ တစ်စ ကျုံလှီသေးကွေးပြီး နောက်ဆုံးမှာ အမှုန်အစက်တစ်စက်ကနေ ဘာမှ မရှိတော့အောင် လုံးလုံးလျားလျားကို ပျောက်ဆုံးသွားတော့တာပဲ။

နောက်တစ်နေ့ မနက် မိုးလင်းတော့ အဲဒီမှတ်တမ်းကို လူတွေ တွေ့သွားကြတယ်။ ဘာပြောကောင်းမလဲ… သူတို့ အားလုံးဟာ ရေးထားတဲ့စာကို ဖတ်လိုက်၊ လျှို့ဝှက်ချက်တွေ ပေါ်ကုန်လို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်နဲ့၊ ပြီးတော့ ရန်ဖြစ်တဲ့သူက ဖြစ်၊ ငိုတဲ့သူက ငို၊ ဒေါသထွက်တဲ့သူက ထွက်နဲ့ တလောကလုံး အုံးအုံးကြွက်ကြွက်ကို ဖြစ်လို့။ တချို့ကလည်း ပညာရှိအမျက် အပြင်မထွက်ဆိုတာမျိုးလို ဟန်ဆောင်ပန်ဆောင် လုပ်နေကြတယ်။ ပြောရရင် သူဖေါ်ထုတ်သွားခဲ့တာတွေဟာ ဖြစ်ရပ်မှန်တွေချည်းပဲ ဆိုတော့ အားလုံးလည်း အမျက်ရောအရှက်ပါ ရကုန်ကြတာပေါ့။ အားလုံးရဲ့ အတွင်းရေးတွေကို အားလုံးက သိကုန်ကြ၊ရန်တွေဖြစ်ကြ၊ အရှက်ရကြ၊ တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ရဲကြ။ သူတို့အားလုံးဟာ ဒါ ဘယ်သူ့လက်ချက်လဲ လို့ တွေးနေကြဆဲ တစ်ယောက်က ရုတ်တရက် ထအော်တယ်။ ဟို လမျှားသူဆိုတဲ့ ကြောင်တောင်တောင် အကောင် ဘယ်မလဲ တဲ့။ အားလုံး သတိရသွားကြတယ်။ လိုက်ရှာကြတယ်။ ဒီမှတ်တမ်းဟာ သူ့လက်ချက်ပဲ ဖြစ်လိမ့်မယ်၊ တွေ့ရင် ဒင်းကို အရှင်မထားဘူး အမှုန့်ချေကြိတ်ပစ်မယ် ဆိုပဲ။ သူ တိမ်တွေကို မျှော်ငေးနေကျ နေရာ၊ လကို လှမ်းကြည့်နေကျနေရာ၊ ကြယ်တွေကြည့်လေ့ရှိတဲ့နေရာ… ပြီးတော့ သူ သွားလေ့ရှိတဲ့နေရာတွေ… နေရာအနှံ့ လိုက်ရှာကြတယ်။ဒါပေမဲ့ ဘယ်လိုမှ ရှာမတွေ့ကြဘူး။ ဒီလိုကောင်မျိုး တစ်သက်မှာ တစ်ကောင်ပဲ ရှိပေလို့ပေါ့ကွာလို့လည်း တဖြစ်တောက်တောက်နဲ့ ပြောကြသေးတယ်။

သူတို့တွေ တရားခံကို အဲဒီလို အသည်းအသန် ပိုက်စိတ်တိုက်ပြီးလိုက်ရှာနေကြတဲ့အချိန်မှာ လမျှားသူကတော့ အေးအေးဆေးဆေးပဲ တဲ့။ နေ့အချိန်တွေမှာဆိုဟိုး မိုးကောင်းကင်ပေါ်က တိမ်တွေပေါ်မှာ အေးအေးလူလူ ထိုင်ရင်း၊ လ မသာတဲ့ ညဖက်တွေမှာဆို ကြယ်စုတွေကို ကျောမှီပြီး သက်တောင့်သက်သာ ထိုင်ရင်း၊ လသာတဲ့ ညဖက်တွေမှာဆိုရင်တော့ လ ထက်မြင့်တဲ့ ခပ်ဝေးဝေး တစ်နေရာကနေ အဲဒီလူတွေအားလုံးကို အပေါ်စီးကနေမိန့်မိန့်ကြီး ပြုံးပြီး ကျေကျေနပ်နပ်ကို ငုံ့ကြည့်နေတော့တာပါပဲ။ 

သက်ဝေ
(၂၅ သြဂုတ် ၂၀၁၄)

~ ၂၀၁၅ ဖေဖေါ်ဝါရီလထုတ် နှင်းဆီဖြူ မဂ္ဂဇင်းတွင် ဖေါ်ပြပြီး ဖြစ်သည်


သာတဲ့ ပုဂံမြေ (၁)

$
0
0
လူတိုင်းလိုလို သွားနေကျ ရောက်ဖူး တွေ့ဖူး မြင်ဖူးနေကျ နေရာတခုမို့ ပုဂံခရီးစဉ်ကို မရေးတော့ဘူးလို့ပါပဲ။ ဒါပေမဲ့ ကြိုးစားပမ်းစား ရိုက်လာတဲ့ ဓါတ်ပုံတွေကို တစုတစည်းထဲ ထားချင်တာက တကြောင်း၊ မိတ်ဆွေတချို့ကလည်း ရေးပါ လို့ တိုက်တွန်းကြတာက တကြောင်းမို့ အမှတ်တရ အနေနဲ့ ရေးလိုက်ပါတယ်။ ခရီးသွားပိုစ့်ရဲ့ ထုံးစံအတိုင်း စာနည်းနည်း ဓါတ်ပုံ များများပေါ့နော်…း)
ခရီးစဉ်ကတော့ ရန်ကုန် နေပြည်တော် ပုပ္ပါးနဲ့ ပုဂံ ညောင်ဦးပါ။ နှစ်ဖက်သောမိဘများနဲ့ အတူ သွားရတာမို့ အင်မတန်ပြည့်စုံပြီး နှစ်သက် ကျေနပ်စရာ၊ ပျော်ရွှင် ကြည်နူးစရာအတိပြီးတဲ့ ခရီးတခုဖြစ်တဲ့အပြင် ကိုယ့်ကားနဲ့ ကိုယ် သွားကြတာဆိုတော့ နားချင်တဲ့နေရာ နား၊ စားချင်တဲ့နေရာ စား၊ အေးအေးဆေးဆေး သက်တောင့်သက်သာ ရှိလှပါတယ်။
နေပြည်တော်ကနေ မနက် စောစော ထွက်လာပြီး လမ်းတဝက်မှာ ပုပ္ပါးကို ရောက်တယ်။ အဲဒီဒေသတဝိုက်ကတော့ မိုးခေါင်ရေရှားနေရာတွေမို့ အတော်လေး ခြောက်သွေ့တယ်။ သစ်ပင်စိမ်းစိမ်းတွေလည်း သိပ်မရှိတော့ဘူး။ တောင်တွေကလည်း အားလုံး တောင်ကတုံးတွေချည်းပဲ ဖြစ်နေတာ မြင်ရတာ စိတ်မကောင်းစရာ။ 
ဟိုးအနောက်မှာ မြင်နေရတာက ပုပ္ပါးတောင်မကြီးပါ။
ပုပ္ပါးတောင်ကလပ်ပေါ်မှာ တည်ထားတဲ့ ဘုရားဖူးဖို့ အမိုးအဆင့်အဆင့်လေးတွေရှိတဲ့ စောင်းတန်းတလျောက် လှေခါးထစ် ခပ်မတ်မတ်တွေကနေ တက်ကြရတယ်။ လူကြီးတွေကတော့ တောင်ခြေမှာပဲ နေ့လည်စာ စားရင်း စောင့်ကျန်ခဲ့ကြတယ်။ အသက်က စကားပြောလာပြီ ဆိုတော့ တက်မှ တက်နိုင်ပါ့မလားလို့ တွေးပူပြီး မရဲတရဲနဲ့ တက်သွားတာ။ ရောက်တော့ ရောက်သွားသား။ 
ဒါက ပုပ္ပါးတောင်ကလပ်ပေါ်ကနေ လှမ်းမြင်ရတဲ့ တောင်အောက် မြင်ကွင်းပါ။
လမ်းမှာကလည်း သူတို့လို အဖေါ်အပေါင်းတွေနဲ့ တွေ့ရသေးတာဆိုတော့ ပျော်ပါတယ်... ဟိ
လွယ်မယ်လို့ ထင်ထားတဲ့ အဆင်းက အတက်ထက် ပိုပင်ပန်းတယ်။ အောက်ရောက်တော့ စကားမပြောနိုင်တော့ဘူး မောလိုက်တာ ဆိုတာ။ အဖေတွေ အမေတွေက ကြက်သားကြော်လေးနဲ့ အုန်းစိမ်းရည်လေး အသင့်မှာပြီး စောင့်နေလို့သာ တော်တော့တယ်။ မောမောနဲ့စားလိုက်တာ ဓါတ်ပုံတောင် မရိုက်လိုက်နိုင်ဘူး။ နေ့လည်စာ စားပြီးတော့ ပုပ္ပါး Resort ကို ခဏသွားလည်ပြီး ကော်ဖီသောက်ကြသေးတယ်။ အင်မတန်သာယာအေးချမ်းပြီး တိတ်တိတ်ဆိတ်ဆိတ်နဲ့ လှလည်း တော်တော်လှတဲ့ နေရာပဲ။ အေးအေးဆေးဆေး လာ အနားယူဖို့ ကောင်းတဲ့နေရာလို့ စိတ်ထဲက တေးထားလိုက်တယ်။ နောက်တခေါက်ပေါ့… 
ပုပ္ပါး Resort ကနေ ပုပ္ပါးတောင်ကလပ်ပေါ်က ဘုရားကို လှမ်းဖူးလို့ရတယ်။ 
ကော်ဖီသောက်ပြီး ပိုက်ဆံရှင်းတော့ ဘေလ်က ဒေါ်လာနဲ့ လာတာ။ မြန်မာငွေနဲ့ ပြန်တွက်ပြီး ပေးရတယ်။ မြင့်တယ်နော်။
ပုဂံရောက်တော့ ညနေစောင်းနေပြီ။ ပုဂံ သံတဲဟိုတယ်မှာ Check-in ဝင်၊ ပြီးတော့ River Side လို့ ရေးထားတဲ့ လမ်းညွှန်ဆိုင်းဘုတ်ကလေးတွေ အတိုင်း လျှောက်လာပြီး ကိုယ်နေရမဲ့ အခန်းလေးတွေဆီ ရောက်လာခဲ့တယ်။ ဧရာဝတီမြစ်ကမ်းကို မေးတင်ပြီး ဆောက်ထားတာ၊ ဝင်းဝါနေတဲ့ ကျွန်းသစ်တွေ ပေါပေါများများများသုံးပြီး ပြင်ဆင်ထားတဲ့ ကျယ်ကျယ်ဝန်းဝန်နဲ့ ချစ်စရာအခန်းလေးတွေ။ အခန်းကနေ လှမ်းကြည့်လိုက်ရင် အရှေ့မှာ မြေပဲခင်း စိမ်းစိမ်းတွေ ပြီးတာနဲ့ ပြာလဲ့လဲ့ ရေပြင်ကြီးဟာ ဧရာဝတီပဲ။ ပြီးတော့ သဲသောင်တွေ…။ 

လှမ်းမြင်နေရတဲ့ ဧရာဝတီမြစ်ရဲ့ တဖက်ကမ်းမှာက တန့်ကြည်တောင်… နေဝင်ပြီး မှောင်စပျိုးလာတော့ တန့်ကြည်တောင်ပေါ်က ဘုရားမီး တလက်လက်လေးကို တွေ့ရတယ်။ Zoom ဆွဲကြည့်ကြပါ... တွေ့ရလား မသိဘူး... မတွေ့ရလဲ တွေ့ရတယ်လို့ မှတ်ပေးပါ။ 
အခန်းရောက်တော့ ပစ္စည်းတွေနေရာချ၊ ခဏနား ရေချိုးပြီးတော့ ညစာစားဖို့ ထွက်ရင်းနဲ့ အနီးနားက ဘုရားတွေ ဖူးဖို့ စီစဉ်ကြတယ်။ ညစာကို သရပါ မှာ စားကြတယ်။ မှိန်ဖျော့ဖျော့ ဖယောင်းတိုင်မီးလေးတွေနဲ့ သရပါမှာ ထမင်းတွေ ဟင်းတွေ မှာမစားကြတော့ပဲ ထမင်းကြော် ထမင်းပေါင်း ခေါက်ဆွဲကြော် ကြာဆံကြော်တွေကိုပဲ တယောက်တမျိုး လွယ်လွယ်ကူကူ မှာစားကြတယ်။ စားစရာတွေလာချတော့ အားလုံး တယောက်မျက်နှာ တယောက် ကြည့်ဖြစ်ကြတယ်။ ဘုရားရေ… တပွဲတပွဲကို အများကြီးပဲကိုး။ တကယ်ဆို နှစ်ယောက်ကို တပွဲစားလို့ရအောင်ကို များလွန်းတာ။ ဒါနဲ့ပဲ ကုန်သလောက် စားကြတာပေါ့။ 
ပထမဆုံး ဖူးရတဲ့ဘုရားကတော့ ဗူးဘုရားပါ။ ငယ်ငယ်က ရေဒီယိုမှာ လာနေကျ "...ထူးခြားစွာ ဖူးသွားပါ ဗူးဘုရားမှာ နေခိုရင်းနဲ့ ရွှေလိုဝင်းတဲ့ ဧရာဝတီ မြစ်ရိုးတလျှောက်ကိုလေ…"ဆိုတဲ့ နွဲ့ယဉ်ဝင်းရဲ့ သီချင်းကို သတိရမိတယ်။ ညဖက်ဆိုတော့ နေခိုစရာ မလို၊ ဧရာဝတီလည်း ရွှေလို မဝင်းနိုင်ပဲ မှောင်နေပြီ။ 
မီးရောင်အောက်မှာ အင်မတန် သပ္ဗါယ်တဲ့ ထီးလိုမင်းလိုဘုရားပါ။ ဒီဓါတ်ပုံဟာ ကိုယ် ရိုက်ဖူးသမျှ Night Shot တွေထဲမှာ အကြိုက်ဆုံးနဲ့ စိတ်တိုင်းအကျဆုံး ဓါတ်ပုံတပုံလို့ ပြောရမှာပါ။ အလုပ်အရှုပ်ခံပြီး Tripod သယ်သွားတဲ့ အကျိုးဆိုရင်လည်း မမှားပါဘူး။ 
ထီးလိုမင်းလိုဘုရား ပြီးတော့ ရွှေစည်းခုံဘုရားကို သွားဖူးကြပါတယ်။ ရွှေစည်းခုံ ဘုရားစောင်းတန်း တလျှောက်မှာ ဆိုင်ကလေးတွေ တန်းစီလို့ ဘုရားပွဲလိုပဲ ပျော်စရာ။ အဲဒီဈေးတန်းလေးမှာ ရောင်းတာတွေကတော့ ဇီးယို ဇီးထန်းလျက် စတဲ့ စားစရာတွေ၊ ယွန်းထည်တွေ ပြီးတော့ မြန်မာဖြစ် ချည်ထည်တွေ ခေတ်မီပုံဆန်းတွေနဲ့ အသင့်ချုပ်ပြီးသား အဝတ်တွေ စုံလို့ပါပဲ။ ရွှေစည်းခုံဘုရားကနေ ပြန်တော့ ည ကိုးနာရီခွဲပြီးပြီ။ လူကြီးတွေလည်း ပင်ပန်း၊ လူငယ်တွေလည်း ပင်ပန်းနေပြီမို့ အိပ်ချိန်လို့ သတ်မှတ်လိုက်ပါတယ်။ 
နောက်တနေ့မနက်မှာ ဧရာဝတီမြစ်ထဲက မော်တော်ခုတ်သံနဲ့ အတူ အစောကြီး ပြီးတော့ ဟောလီးဒေးတို့ရဲ့ ထုံးစံအတိုင်း ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း နိုးလာခဲ့ပါတယ်။ အခန်းအပြင်ထွက် ကြည့်တော့ မှောင်နေတုန်းပဲ။ ဧရာဝတီမြစ်ထဲမှာ ခပ်ဖြည်းဖြည်း မောင်းနှင်နေတဲ့ မော်တော်နှစ်စင်းတွေ့ရတယ် မီးရောင်တလက်လက်နဲ့။ ဒါနဲ့ပဲ အခန်းထဲပြန်ဝင်၊ အနွေးထည်ထပ်ဝတ်၊ ကင်မရာယူပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။

သက်ဝေ
(၈ ဖေဖေါ်ဝါရီ ၂၀၁၅) 

သာတဲ့ ပုဂံမြေ (၂)

$
0
0
နောက်တနေ့မနက်မှာ ဧရာဝတီမြစ်ထဲက မော်တော်ခုတ်သံနဲ့ အတူ အစောကြီး ပြီးတော့ ဟောလီးဒေးတို့ရဲ့ ထုံးစံအတိုင်း ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း နိုးလာခဲ့ပါတယ်။ အခန်းအပြင်ထွက် ကြည့်တော့ မှောင်နေတုန်းပဲ။ ဧရာဝတီမြစ်ထဲမှာ ခပ်ဖြေးဖြေး မောင်းနှင်နေတဲ့ မော်တော်နှစ်စင်းကို လှမ်းတွေ့ရတယ် မီးရောင်တလက်လက်နဲ့။ ဒါနဲ့ပဲ အခန်းထဲပြန်ဝင်၊ အနွေးထည်ထပ်ဝတ်၊ ကင်မရာယူပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။

အလင်းရောင်လုံးဝမရှိသေးပဲ မှောင်နေတုန်းဆိုတော့ ဟိုတယ်နဲ့ သိပ်ဝေးဝေးလည်း မသွားရဲဘူး။ မတော် လမ်းပျောက်နေရင် ခက်မယ် ဆိုတော့ အနီးအနားပဲ ဟိုလျှောက် ဒီလျှောက်ပေါ့။ ကိုယ်ကသာ စိုးရိမ်နေတာ နိုင်ငံခြားသူနှစ်ယောက်က မြေပုံစာရွက်တွေ ကိုင်လို့ ကိုယ့်အနားက ခပ်သွက်သွက် ဖြတ်လျှောက်သွားပြီး မလှမ်းမကမ်းက ဆိုင်လေးမှာ Electronic Bike (E-Bike) လို့ခေါ်တဲ့ ဘီးတွေ ငှားနေကြတယ်။ ခဏကြာတော့ နှစ်ယောက်သား ဘီးကိုယ်စီနဲ့ ထွက်သွားကြတာ တွေ့လိုက်ရတယ်။ ဆိုင်နားကို မယောင်မလည် သွားကြည့်တော့ စက်ဘီးငှားခက တရက်ကို မြန်မာငွေ ရှစ်ထောင်တဲ့။

သူတို့ကို ကြည့်ရင်း လျှောက်လာလိုက်တာ ကန်တော့ပလ္လင်ဘုရားနားကို ရောက်လာတယ်။ အမှောင်ပြယ်စပြုလာပြီ။ မနက် အာရုံတက်ချိန်မှာ သဘာဝအလင်းရောင် တ၀က်၊ မီးအလင်းရောင် တ၀က်နဲ့ လှနေတဲ့ ကန်တော့ပလ္လင်ဘုရားပါ။ ရိုက်လာတဲ့ ပုံတွေထဲမှာ ဒီပုံကိုလည်း သဘောကျမိပါတယ်။
လမ်းလျှောက်ရင်းနဲ့ တဖြည်းဖြည်း မိုးလင်းလာပြီ။ ခုနက ဘုရားမီးတွေလည်း မှိတ်သွားပြီ။ ဒါတွေကတော့ ဟိုတယ်တဝိုက် လမ်းလျှောက်ရင်း တွေ့ရတဲ့ ဘုရားတွေပါ။
လူသူရှင်းပြီး တိတ်ဆိတ်နေတဲ့ လမ်းကလေးတွေ...
ဒီပုံမှာ ကြည့်ပါအုံး၊ ဘယ်လောက်စောစောထဲက ဒီပေါ် ရောက်နေတယ် မသိ… အေးအေးလူလူ ရှိလိုက်တာ။ ဒါပေမဲ့ အဲဒီလိုကြီးတွေ့ရတော့ စိတ်ထဲ တမျိုးပဲ... သိပ်မကြိုက်ချင်သလိုလို။
နာရီကြည့်လိုက်တော့ မနက် ခုနှစ်နာရီ ကျော်နေပြီမို့ ဟိုတယ်ပြန်ပြီး မနက်စာ စားပါတယ်။ ပုဂံသံတဲဟိုတယ်ရဲ့ မနက်စာက တော်တော်လေး ကောင်းပါတယ်။ ပဲများများသုံးပြီး ချက်ထားဟန်တူတဲ့ မုန့်ဟင်းခါးကို ဘူးသီးကြော် ကြက်သွန်ကြော် ကြက်ဥပြုတ်တွေနဲ့ စားချင်စဖွယ်ပါ။ ပြီးတော့ အညာဓလေ့အတိုင်း ကောက်ညှင်းပေါင်းနဲ့ အကြော်။ ခေါက်ဆွဲကြော်၊ အရွက်စုံကြော်၊ နောက် ထုံးစံအတိုင်း ဥရောပစတိုင် မနက်စာ၊ ကော်ဖီ လဖက်ရည် လိမ်မော်ရည် ဘာညာ၊ ပြီးတော့ သစ်သီးတွေ။ ကျွန်မကတော့ ဘယ်တော့မှ မရိုးနိုင်တဲ့ မုန့်ဟင်းခါးကို ကြက်သွန်ကြော်နဲ့ စားပြီး ကော်ဖီသောက်ပါတယ်။
မနက်စာစားပြီးတော့ အခန်းပြန်၊ ရေချိုး ပြီး ဒီနေ့အတွက် ခရီးစဉ် ပြန် စ ပါတယ်။ ပထမဆုံး ဖူးရတဲ့ဘုရားက စွယ်တော်လေးဆူအနက်က တဆူဖြစ်တဲ့ လောကနန္ဒာ စွယ်တော်ဘုရားပါ။ ဘုရားပေါ်ကနေ ဧရာဝတီကို မြင်ရတဲ့ မြင်ကွင်းကလည်း သိပ်လှတယ်။ အခုလို သောင်တွေ မပေါ်ပဲ ရေတွေပြည့်နေရင် ပိုလှမှာ။
ဒါကတော့ အားလုံး သိကြတဲ့ မနူဟာဘုရားပါ။ စိတ်မကောင်းစရာ သနားစရာ ကျဉ်းမြောင်းကြပ်တည်းတဲ့ ခံစားချက်တွေနဲ့ ဖူးခဲ့ရတဲ့ဘုရားဆိုလည်း မမှားပါဘူး။ မနူဟာမင်းက ဒီဘုရားကို တည်ထားရာမှာ "ငါသည် သံသရာဝယ် ကျင်လည်သရွေ့  သူ နိုင်မည်ကို မဖြစ်လို"လို့ ဆုတောင်းခဲ့တယ်လို့ မှတ်သားရပါတယ်။
ဂူထဲမှာ ပြည့်လုနီးပါး ဆင်းတုတော်ကြီး တဆူ၊ ပြီးတော့ အရန်စေတီ နှစ်ဆူနဲ့အတူ အလျားပေ ကိုးဆယ်ရှိတဲ့ လျောင်းတော်မူဘုရားတဆူကိုလည်း အခုလို ဖူးတွေ့ရပါတယ်။ ဘုရားရဲ့ မျက်နှာတော်ဟာ အနည်းငယ် မဲ့နေတယ်လို့ မခံစားရဘူးလား။ ကြည့်ပါအုံး…
ဒါကတော့ မြစေတီ ဘုရား၊ မြစေတီ ကျောက်စာတိုက်နဲ့ ဘုရားဝင်း အနီးတဝိုက်က ဘုရားလေးတွေပါ။
နေမြင့်လာတော့ နည်းနည်းပူသလို ထင်ရတယ်။ ဒါပေမဲ့ ဧရာဝတီကိုဖြတ်ပြီး ညင်ညင်သာသာတိုက်နေတဲ့ လေလေးကတော့ အေးနေတာပဲ။ မြစေတီဘုရားမှာ ခဏနားပြီးရင်တော့ မြင်းလှည်းလေး တလှည့်စီးပြီး ဘုရားတွေ ဆက်ဖူးကြအုံးစို့…။
သက်ဝေ
(၁၀ ဖေဖေါ်ဝါရီ ၂၀၁၅)

အက်စ်ပရက်စ်ဆို တစ်ခွက် နှင့် စကားပြောခြင်း

$
0
0
ကော်ဖီ အချိုးအစားပါဝင်မှု အားပြင်းပြီး အလွန်တရာ ထူထဲသိပ်သည်းကာ ခါးသက် ပြင်းရှသော၊ ကော်ဖီ ခွက်များထဲတွင် အရွယ်အစား အသေးငယ်ဆုံးသော ခွက်ဖြင့် ထည့်ရသော၊ ကော်ဖီ တခွက်လျှင် ကော်ဖီရည် တအောင်စ ပါဝင်ကာ Solo (သို့မဟုတ်) Single Shot အမည်ရသော၊ ကော်ဖီ တခွက်လျှင် ကော်ဖီရည် နှစ်အောင်စ ပါဝင်ကာ Doppio (သို့မဟုတ်) Double Shot အမည်ရသော၊ အခြား ကော်ဖီအမျိုးအစားများဖြစ်ကြသော ကဖေးလာတေး၊ ကက်ပူချီနို၊ မိုခါး၊ အမေရီကာနို အစရှိသည်တို့အတွက် အဓိကအကျဆုံး အခြေခံ လိုအပ်ချက်ဖြစ်သော၊ ကော်ဖီ အမျိုးအစား အားလုံးထဲတွင် ကဖိန်းဓါတ် ပါဝင်မှုနှုန်း အမြင့်ဆုံးနှင့် အများဆုံး ဖြစ်ပြီး အဆီပါဝင်မှု နှင့် ကိုလက်စထရောပါဝင်မှုမှာမူ သုည ရာခိုင်နှုန်းသာရှိသော ထိုကော်ဖီကို အက်စ်ပရက်စ်ဆို ဟုခေါ်ပါသည်။ 
ကော်ဖီ တမျိုးတည်းကို အဓိကထား ရောင်းသော ဆိုင်တဆိုင်တွင် အက်စ်ပရက်စ်ဆို တခွက်ကို သင် မှာယူမည်ဆိုပါစို့။ ကော်ဖီမှာယူချိန်တွင် တခါတည်း ငွေရှင်းရသော ကောင်တာရှေ့တွင် တန်းစီရပ်တန့်ပါ။ သင့်အလှည့်ကျလာပါက ကောင်တာနောက်မှ အရောင်းစာရေးကို အက်စ်ပရက်စ်ဆိုတခွက် ရနိုင်မလား ဟု မေးလိုက်နိုင်ပါသည်။ ဤနေရာတွင် အရောင်းစာရေးဟူသည် တခါတရံ ဖြူဖြူပိန်ပိန် အမျိုးသား ခပ်ငယ်ငယ်တယောက် ဖြစ်နိုင်ပြီး တခါတရံတွင် အိုင်းလိုင်နာ ထူထူခြယ်ထားသော အသားညိုညို အမျိုးသမီး တဦးလည်း ဖြစ်နေနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ကောင်တာနောက်မှ အရောင်းစာရေးက သင့်အား Single လား Double လား ဟုမေးပါလိမ့်မည်။ တခါတရံတွင်မူ Solo လား Doppio လား ဟုလည်း မေးကောင်းမေးနိုင်ပါသည်။ သင် သို့မဟုတ် သင့်ခန္ဗာကိုယ်က အက်စ်ပရက်စ်ဆို တအောင်စ သာ အလိုရှိလျှင် Single သို့မဟုတ် Solo ဟု မှာကြားနိုင်ပြီး သင့်ခန္ဗာကိုယ်က အက်စ်ပရက်စ်ဆို နှစ်အောင်စကို တောင့်တမိပါက Double သို့မဟုတ် Doppio ဟု သက်တောင့်သက်သာ ဖြေဆိုလိုက်ပါ။ ထိုအခါ အရောင်းစာရေးက ဒီမှာ သောက်မှာလား… အပြင်ကို သယ်ဆောင်သွားမှာလား… ဟု ခပ်တိုးတိုး မေးပါလိမ့်မည်။ သင် လိုအပ်ချက်အတိုင်း ဆိုင်မှာထိုင်သောက်ရန် သို့မဟုတ် အပြင်ကို သယ်ဆောင်သွားရန် တခုခု ဖြေကြားပေးလိုက်ပါ။ ထို့နောက် ကျသင့်ငွေကို ပေးချေပြီးလျှင် မိနစ်အနည်းငယ်အတွင်း စွဲမက်ဖွယ်အတိပြီးသော အက်စ်ပရက်စ်ဆို ကော်ဖီ ခွက်ငယ်ကလေးတခွက် သင့်ရှေ့မှောက်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာမည် ဖြစ်ပါသည်။
ကော်ဖီခွက် သေးသေးလေး ထဲတွင် တအောင်စ သို့မဟုတ် နှစ်အောင်စ မျှသာ ပါဝင်သော အညိုရင့်ရောင် အက်စ်ပရက်စ်ဆို ကော်ဖီအရည်ကလေးသည် သင် မျှော်လင့်ထားသည်ထက် အဆပေါင်းများစွာ ပိုမို ခါးသက် ပြီး သင် ထင်ထားသည်ထက် ပြင်းရှ ကောင်း ပြင်းရှ နေပါလိမ့်မည်။ သို့သော် သူကပေးသော စွဲမက်ခြင်းများနှင့် သူ၏ အာနိသင်များကိုမူ သင် စိုးစဉ်းမျှ ခါးသက် ပြင်းရှလိမ့်မည် မဟုတ်ဟု ခိုင်မာစွာ အာမခံဝံ့ပါသည်။
အမြင်အာရုံကို ငြိတွယ်စေသော ညိုရင့်ရင့် အဆင်း၊ နှာခေါင်းဝတွင် လာရောက်ရိုက်ခတ်သော မွှေးမြရှတ သင်းရနံ့၊ လျှာဖျားတွင် စွဲမြဲရစ်သော၊ နှုတ်ခမ်းဖျားတွင် ထင်ကျန်ရစ်သော ခါးသက်သက် အရသာတို့က အက်စ်ပရက်စ်ဆိုကော်ဖီ၏ ထူးခြားသော ဂုဏ်အင်္ဂါများဖြစ်ကြပြီး နောက်ထပ် တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်… ကြိမ်ဖန်များစွာ ထပ်ခါတလဲလဲ သောက်ချင်လာအောင် သင့်အား လှလှပပ ညှို့ယူ ခေါ်ငင် ဆွဲဆောင်ပါလိမ့်မည်။
တိတ်ဆိတ်ငြိမ်သက်သော ကော်ဖီဆိုင်တဆိုင်၏ အတွင်းဖက် ထောင့်တနေရာ၊ လေအေးပေးစက်မှ အအေးဓါတ် အနည်းငယ်၊ မလင်းလွန်း မမှောင်လွန်းသော ၀ါကျင့်ကျင့် မီးပွင့်အောက်မှ စားပွဲဝိုင်းငယ်တလုံးသည် အက်စ်ပရက်စ်ဆို ကော်ဖီတခွက်နှင့် တရင်းတနှီး မိတ်ဆွေဖွဲ့ရန် အလွန်သင့်တော်သော အနေအထား ဖြစ်ပါသည်။ ပြောရလျှင် အက်စ်ပရက်စ်ဆိုကော်ဖီက ပေးသော စွဲမက်ဖွယ်ရာများသည် မိတ်ဆွေကောင်းတယောက်နှင့် စကားလက်ဆုံကျရသည်နှင့် ဆင်ဆင်တူပါသည်။ သင့်ဘဝတွင် ဝါသနာတူ၊ စိတ်ကူးတူ၊ အတွေးတူ၊ ရင်ခုန်သံ ဘာသာစကားချင်းလည်း တူညီသော မိတ်ဆွေတယောက်နှင့် အချိန် တနာရီခန့် သို့မဟုတ် တနာရီထက် ပို၍ စကားပြောဖူးပါသလား။ သင်သည် နေ့စဉ်နှင့်အမျှ အလုပ်တာဝန်များ၊ လူမှုရေး တာဝန်များ၊ အထွေထွေ လိုအပ်ချက်များတို့ဖြင့် အချိန်အား ရှာမရ ဖြစ်ကောင်း ဖြစ်နေနိုင်ပါလိမ့်မည်။ သို့သော် လေးနက်စွာ တိုက်တွန်းလိုပါသည်။ အချိန်အား အနည်းငယ်ကို မဖြစ်မနေ ကြိုးစားရှာဖွေ၍ မိတ်ဆွေတယောက်နှင့် စကားပြောကြည့်ပါ။
စကားလုံးများတွင် ရင်းနှီးမှု အချိုးအစား အားပြင်းပြီး အလွန်တရာ ထူထဲသိပ်သည်းသော နားလည်မှုများ ပါဝင်လိမ့်မည်။ စကားလုံးများတွင် ခါးသက်ပြင်းရှပြီး မွှေးပျံ့စွာ နှစ်သက်ဖွယ် ကောင်းသော စွဲမက်တမ်းတမှုများ ပါဝင်လိမ့်မည်။ စကားလုံးများတွင် နှလုံးသားဖြင့်သာ ခံစားနားထောင်နိုင်သော အတွေးစိတ်ကူးသစ်များ ပါဝင်လိမ့်မည်။ စကားလုံးများတွင် သာမန်မျက်စေ့ဖြင့် မတွေ့ မမြင်နိုင်သော စိမ်းစိုလတ်ဆတ်သည့် အဖြူရောင် ကြိုးမျှင်များပါဝင်လိမ့်မည်။ စကားလုံးများထဲတွင် အမြင့်တနေရာမှ ပြောင်းပြန် ထိုးဆင်းသွားသော ရိုလာကိုစတာတစီးကဲ့သို့ စိတ်လှုပ်ရှားစရာများလည်း ပါဝင်ကောင်း ပါဝင်နေလိမ့်မည်။
စကားလုံးများတွင် မျက်စိတဆုံး ပြေပြစ် ကျယ်ပြောသော စိမ်းလဲ့ မြက်ခင်းပြင်နှင့်အတူ စိမ်းညို့ညို့ သစ်ရွက်များ ပြည့်နှက်နေသော တောအုပ်ထူထူတခု ပါဝင်နေလိမ့်မည်။ စကားလုံးများတွင် အေးမြလန်းဆန်းသော လေနုအေးများနှင့် ပြာလဲ့နေသော အဆုံးအစမဲ့ ကောင်းကင်ပြင်ကြီး ပါဝင်နေလိမ့်မည်။ စကားလုံးများတွင် ဖွေးဆွတ် ဖြူစင်နေသော ရွှေ့ပြောင်း တိမ်စိုင် တိမ်လိပ်များလည်း ပါဝင်ကောင်း ပါဝင်နေပါလိမ့်မည်။ 
သေချာသည်ကတော့ စွဲလမ်း မူးယစ်စေတတ်သော ပစ္စည်းတခုကဲ့သို့ အကြိမ်ကြိမ် အခါခါ ထပ်မံအသုံးပြုလိုသော ဆန္ဒတစုံကို မလွဲမသွေ ပိုင်ဆိုင်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် အချိန်အနည်းငယ်ကို ကြိုးစားရှာဖွေပါ။ အက်စ်ပရက်စို တခွက် ၀ယ်ယူပါ။ မိတ်ဆွေကောင်းတယောက်နှင့် စကားပြောကြည့်ပါဟု ထပ်မံ တိုက်တွန်းလိုပါသည်။

ပြောနေရင်းမှာ မေ့လျော့ကျန်လုဆဲဆဲဖြစ်နေသော အချက်တခု ရှိပါသေးသည်။ ထိုအချက်မှာ အက်ပရက်စ်ဆိုကော်ဖီတခွက်ကို စနစ်တကျ သုံးဆောင်ရန် နည်းလမ်းပင် ဖြစ်ပါသည်။ အက်ပရက်စ်ဆို Single Shotဆိုလျှင် ခွက်ကလေးတွင် ပါဝင်သမျှကို တချက်တည်း အကုန် မော့ချလိုက်ရန်ဖြစ်ပြီး Double Shot ဖြစ်ပါမူ နှစ်ကြိမ်ခွဲ၍ သောက်သုံးရန် ဖြစ်ပါသည်။ ထိုသို့ နည်းလမ်းတကျ သောက်သုံးရန် လိုအပ်သော အက်ပရက်စ်ဆိုကို တစက်ချင်း နှစ်စက်ချင်း ဖြေးညှင်းစွာ သောက်နေမိခြင်းက မှားယွင်းမှုများ အားလုံး၏ အစပင် ဖြစ်နေပါသည်။ ထိုသို့ မှားယွင်းပြီးသောအခါတွင် အရာရာကို အစ မှ ပြန်လည် စတင်လိုက်ပါ။

- - -
- - -
- - -
အချိန်အား အနည်းငယ်ကို ရှာပါ။ မိတ်ဆွေကောင်းတယောက်ကို ရှာပါ။ အက်စ်ပရက်ဆို တခွက် ဝယ်ပါ။

- - -
- - -
- - -

ကော်ဖီ အချိုးအစားပါဝင်မှု အားပြင်းပြီး အလွန်တရာ ထူထဲသိပ်သည်းကာ ခါးသက် ပြင်းရှသော၊ ကော်ဖီခွက်များထဲတွင် အရွယ်အစား အသေးငယ်ဆုံးသော ခွက်ဖြင့် ထည့်ရသော၊ ကော်ဖီ တခွက်လျှင် ကော်ဖီရည် တအောင်စ ပါဝင်ကာ Solo (သို့မဟုတ်) Single Shot အမည်ရသော၊ ကော်ဖီတခွက်လျှင် ကော်ဖီရည် နှစ်အောင်စ ပါဝင်ကာ Doppio (သို့မဟုတ်) Double Shot အမည်ရသော၊ အခြား ကော်ဖီ အမျိုးအစားများဖြစ်ကြသော ကဖေးလာတေး၊ ကက်ပူချီနို၊ မိုခါး၊အမေရီကာနို အစရှိသည်တို့၏ အခြေခံ လိုအပ်ချက်ဖြစ်သော၊ ကော်ဖီအမျိုးအစားအားလုံးထဲတွင် ကဖိန်းဓါတ် ပါဝင်မှုနှုန်း အမြင့်ဆုံးနှင့် အများဆုံးဖြစ်ပြီး အဆီပါဝင်မှု နှင့် ကိုလက်စထရော ပါဝင်မှုမှာမူ သုည ရာခိုင်နှုန်းသာရှိသော၊ ထိုကော်ဖီကို အက်စ်ပရက်စ်ဆို ဟု ခေါ်ပါသည်။

- - -
- - -
- - -

သို့သော် အက်ပရက်စ်ဆိုကော်ဖီတခွက်ကို စနစ်တကျ သုံးဆောင်ရန် နည်းလမ်းရှိသေးသည်ကိုလည်း သတိချပ်စေချင်ပါသည်။ Single Shot ဆိုလျှင် တချက်တည်း အကုန် မော့ချလိုက်ရန်ဖြစ်ပြီး Double Shot ဖြစ်ပါမူ နှစ်ကြိမ်ခွဲ၍ သောက်ရန် ဖြစ်ပါသည်။ ထိုသို့ နည်းလမ်းတကျ သောက်ရန် လိုအပ်သော အက်ပရက်စ်ဆိုကို တစက်ချင်း နှစ်စက်ချင်းဖြေးညှင်းစွာ သောက်နေမိခြင်းက မှားယွင်းမှုများ အားလုံး၏ အစပင် ဖြစ်နေပါသည်။ ထိုသို့ မှားယွင်းပြီးသောအခါတွင် အရာရာကို အစ မှ ပြန်လည် စတင်လိုက်ပါ။ အရာရာကို အစ မှ ပြန်လည် စတင်လိုက်ပါ။

သက်ဝေ
(၁၇ ဒီဇင်ဘာ ၂၀၁၄)

- ၂၀၁၅ မတ်လ - Idea Magazine တွင် ဖေါ်ပြပြီးဖြစ်သည်။

 

တွ ယ် ငြိ တ တ် သ ည်

$
0
0
ကျွန်မတို့နှစ်ယောက်တွင် ထင်ထင်ရှားရှား တူညီနေသော အချက်မှာ ကိုယ်ယုံကြည်သော အကြောင်းအရာများအပေါ်တွင် အလွန် ခေါင်းမာတတ်ခြင်း ပင်ဖြစ်သည်။ တခါတရံတွင် ထိုတူညီမှုအပေါ် သက်တောင့်သက်သာ ရယ်ပွဲဖွဲ့နိုင်ခဲ့သော်လည်း သေသေချာချာ ပြန်စဉ်းစားကြည့်လျှင်မူ ထိုခေါင်းမာမှုကြောင့် ကတောက်ကဆ ဖြစ်ရသည်ကသာ များပါသည်။ အခုလည်း ထိုခေါင်းမာမှုကို အခြေခံရင်း ကျွန်မတို့ စိတ်အခန့်မသင့်၊ စကားပြော အဆင်မပြေဖြစ်နေသည်မှာ တလကျော် နှစ်လနီးပါး ကြာခဲ့ပြီ။ အရင့် အရင် အချိန်များမှာလည်း အခုလို သဘောထား မတိုက်ဆိုင်မှုများ၊ အငြင်းပွားမှုများ ရှိခဲ့ဖူးသော်လည်း တရက် နှစ်ရက်အတွင်း ပြေလည်ခဲ့ကြသည်ချည်းသာ။ သည်တခါမှာတော့ ပြဿနာက မျှော်လင့်ထားသည်ထက် ပိုမို ပြင်းထန်ခဲ့သည်။ သူ တင်းတင်းမာမာ ညွှန်ပြ တားမြစ်ခဲ့သော ကိစ္စတခုကို ကျွန်မက အသေးအဖွဲဟု ယူဆကာ မရပ်တန့်ပဲ ရှေ့ဆက်တိုးခဲ့သည်။ ထိုအခါ သူက သဘောမတူနိုင်ပဲ အပြစ်တင် ကန့်ကွက်ခဲ့သည်။ ပြင်းပြင်းထန်ထန် ပြောဆိုသည်။ သည်လိုနှင့် အခါများစွာကလိုပင် ကျွန်မတို့နှစ်ယောက် သဘောထား ကွဲလွဲကြပြန်သည်။ အဆက်အသွယ် ရပ်တန့်ခဲ့ကြပြန်သည်။

တညနေကတော့ ကိုယ်တို့ စကားပြောကြရအောင် ဟု သူက ဆိုလာခဲ့သည်။ ရုတ်တရက် ကျွန်မ ငြင်းလိုက်ရန် ကြိုးစားလိုက်သေးသည်။ ဒါပေမဲ့ ကျွန်မ သူ့ကို တိတ်တိတ်ကလေး လွမ်းနေခဲ့မိသည်လေ။

ကျွန်မတို့ တွေ့ဆုံနေကျ ကော်ဖီဆိုင်၏ အတွင်းကျကျ ထောင့်စားပွဲကလေးသည် လူသူကင်းမဲ့လျက် ကျွန်မတို့အလာကို စောင့်မျှော်နေသလိုပင်။ တွေ့တွေ့ချင်း ကျွန်မကို "မင်း ပိန်သွားတယ် အိပ်ရေးပျက်ခံပြီး စာတွေဖတ်နေသလား…"ဟု မေးပါသည်။ သူ့အမေးကို ပြန်မဖြေပဲ ဘာမှ မဖြစ်လေဟန်ဖြင့် ပုခုံးတချက် တွန့်ပြလိုက်သောအခါ သူ ဘာမှ ဆက်မမေးတော့ပါ။

မျက်နှာချင်းဆိုင် ထိုင်နေရင်းမှာပင် အေးစက်သော ဝေးကွာမှုကို ကျွန်မ ခံစား၍ ရနေခဲ့သည်။ သို့သော် သူကတော့ သက်တောင့်သက်သာ၊ အခါများစွာကလိုပင် ကျွန်မ၏ အေးစက်စက် ဖြူဖျော့ဖျော့ လက်ချောင်းများကို ဆွဲယူကာ နိဒါန်းမပါ ဘာမပါဖြင့် စကား စလာခဲ့သည်။

“မင်း စွန်လွှတ်ဖူးသလား... ဒါမှမဟုတ် စွန်လွှတ်နေတဲ့သူတယောက်ကို အချိန်ပေးပြီး သေသေချာချာ ထိုင်ကြည့်နေခဲ့ဖူးသလား။ စွန်တကောင်ကို ထိန်းကျောင်းရတာ အင်မတန် လှပပြီး သိပ် ပညာသားပါတာ။ ရစ်လုံးကနေ စွန်ကြိုးကို ထိန်းပြီး ကိုယ်နဲ့ အဝေးကြီး လေထဲမှာ ပျံဝဲနေတဲ့ စွန်ကလေးကို အလိုက်သင့်လေး အတိုး အလျော့ လုပ်ရတာ။ စွန်တကောင်ဟာ အမြင့်ကို ရောက်လေ ကို်ယ်နဲ့ ဝေးသွားလေ၊ သူ သွားနေတဲ့ လေကြောင်းကို မှန်းရခက်လေ၊ ထိန်းချုပ်ရခက်လေပဲ။ သူ အမြင့်ကို ဆက်တက်နိုင်ခြေရှိရင် ကြိုးတွေကို များများ ဖြေလွှတ်ပေးလိုက်၊ အန္တရာယ် အရိပ်အရောင်ကို မြင်ရင် အသာလေး ပြန်ပြီး တုံ့ ဆွဲလိုက်... အဲဒီလို ထိန်းရတယ်။ အချိန်ရတဲ့ တနေ့ကျရင် မင်းကို ကိုယ် ကွင်းပြင်ကျယ်ကျယ်တခုကို ခေါ်သွားပြီး စွန်လွှတ်ပြအုံးမယ်... မင်း လိုက်ကြည့်မယ် မဟုတ်လား....”


အမေးစကားဖြင့် အဆုံးသတ်လိုက်သော်လည်း သူ့အမေးကို ကျွန်မ ပြန်မဖြေမိပါ။ နှုတ်ခမ်းပါးများကို လိုအပ်သည်ထက်ပို၍ တင်းတင်း စေ့ပိတ်ထားလိုက်မိသည် ထင်၏။ သူ့ စကားလုံးတို့က အနည်းငယ် မာကျော ပြတ်တောက်သယောင် ထင်ရသော်လည်း သူ့အသံကတော့ တိုးတိုးညင်သာ။ သူ့မျက်နှာကို တချက် မော့ကြည့်ရင်း မသိမသာ အကဲခတ်မိသည်။ စိတ်တို စိတ်ဆိုးနေသော အလိုမကျသော အရိပ်အယောင် စိုးစဉ်းမျှ မတွေ့ရ။ အေးချမ်းငြိမ်သက်နေသော မျက်နှာကိုသာ တွေ့ရသည်။ သို့သော် ခပ်ဝေးဝေးကို ငေးကြည့်နေသော သူ့မျက်လုံးအစုံမှာမူ နာကျင်မှု အနည်းငယ်ကို မြင်နေရသလိုပင်။ ကျွန်မ အထင် မှားကောင်း မှားနိုင်ပါသည်။

သည်လိုသာ ပြောကြစတမ်းဆိုလျှင် ကျွန်မကရော မနာကျင်ရဘူးလား၊ မနာကျည်းရဘူးလား။ ပြီးတော့ ကျွန်မက သူ့ပုံပြင်ထဲက ဇာတ်လိုက်လို စွန်တကောင်မှ မဟုတ်တာပဲ။ ထားပါတော့ သူပြောသလိုပဲ… ကျွန်မဟာ စွန်တကောင်ပဲ ဖြစ်အုံးတော့… ကျွန်မကို စွန်တကောင် လွှတ်တင်သလို၊ စွန်တကောင်ကို ထိန်းကျောင်းသလို နည်းအမျိုးမျိုးနဲ့ လိုသလို အတိုးအလျှော့ လုပ်နေခဲ့သူ၊ တကယ့်ကို ကြိုးကိုင် ချယ်လှယ်နေချင်ခဲ့သူတယောက်ကို ကျွန်မ နည်းနည်းလေးမျှပင် မနာကျည်းရတော့ဘူးတဲ့လား။ သည်မေးခွန်းကို စိတ်ထဲမှာ ကြိမ်ဖန်များစွာ ပဲ့တင်ထပ်အောင် မေးနေမိခဲ့သည်။

“ကိုယ် ဒီစကားတွေပြောလိုက်လို့ မင်း စိတ်ထဲမှာ ဘာတွေ တွေးနေမလဲ၊ ဘာမေးခွန်းတွေ ရှိနေမလဲ ဆိုတာ ကိုယ် မှန်းကြည့်လို့ရပါတယ်။ တကယ်တော့ ကိုယ်ဟာ မင်းထင်နေသလို မင်းကို ချုပ်ကိုင်နေတာ မဟုတ်ပါဘူး မင်း ယုံချင်မှ ယုံပါ။ မင်းဟာ စွန်ကလေးတကောင်ဆို ကိုယ်က မင်း ဘယ်လောက် မြင့်မြင့်တက်နိုင်မလဲဆိုတာ အရိပ်လို ကြည့်နေမဲ့သူပါ… မင်းပြောသလို ရစ်ဘီးကို ကိုင်ထားတယ် မင်းကို ထိန်းချုပ်နေမိတယ် ဆိုရင်လည်း မင်း အစွမ်းရှိသလောက်၊ ကိုယ်နဲ့ အဝေးကြီးကို တက်သွားနိုင်သလောက် ကြိုးတွေကို စိတ်လိုလက်ရ ဖြေလျှော့ပေးနေမှာပါ… နောက်ဆုံး မင်းကသာ ဆန္ဒရှိတယ် ဆိုရင်၊ မင်းက ကိုယ်နဲ့ အဝေးဆုံးကို ပျံသန်းသွားလိုက်ချင်တယ် ဆိုရင် ကိုယ် မင်းကို မမြင် မတွေ့နိုင်တော့တဲ့ အကွာအဝေးအထိ… မင်းကို အမှုန်အစက်ကလေးဘ၀နဲ့တောင် မမြင်နိုင်တော့တဲ့အထိ ကိုယ် လွှတ်ပေးနိုင်ပါတယ်…”

“တခုပါပဲ… မင်းအနားကို ရောက်လာမဲ့ အန္တရာယ် အရိပ်အရောင်တွေကို မြင်ရင်တော့ ကိုယ် ဒီတိုင်း လက်ပိုက်ကြည့်မနေနိုင်ဘူး… တနည်းနည်းနဲ့ ကိုယ် မဖြစ်မနေ တားမြစ်ရလိမ့်မယ်… တားနေတဲ့ကြားက ပိုဆိုးလာရင် ဖြစ်တဲ့နည်းနဲ့ ကာကွယ်ရလိမ့်မယ်။ ဒီအတွက် မင်းကိုယ့်ကို အထင်လွဲစိတ်နဲ့ နာကျည်းနိုင်တယ် မုန်းတီးနိုင်တယ်၊ အဲဒါတွေတင်မက အနိုင်ယူတယ် ကြိုးကိုင်တယ်လို့ ထင်မယ်ဆိုရင်လည်း ထင်နိုင်ပါတယ်။ မင်း အဲဒီအန္တရာယ်တွေကနေ ကင်းဖို့အတွက်ဆို ကိုယ် ဘာမဆို လက်ခံနိုင်ပါတယ်… နောက်ဆုံး မင်း စိတ်ဆိုး နာကျည်းပြီး မုန်းသွားလည်း ကိုယ် ကျေကျေနပ်နပ် လက်ခံရမှာပါပဲ....”

သူ့စကားအဆုံးမှာ ရုတ်တရက် ကျွန်မ ဆွံ့အ သွားခဲ့သည်။ သူ ဘာကို ဆိုလိုသည်ကို နားလည်နိုင်သလို ရှိပြီး တချိန်ထဲမှာပင် ကျွန်မ နားမလည်နိုင်သော အစိတ်အပိုင်းများလည်း အနည်းငယ် ရောထွေး ပါဝင်နေခဲ့သေးသည်။ ကျွန်မ မေးလိုသော မေးခွန်း၊ ပြန်လှန် ခွန်းတုန့်ပြန်လိုသော စကားလုံးများ လည်ချောင်းဝတွင် တန်းစီနေရာမှ အတန်ငယ် ငြိမ်သက်သွားသည်ကို သတိထားလိုက်မိသည်။ ထို့အတွက် ကျွန်မကိုယ် ကျွန်မ မယုံကြည်နိုင်အောင် ဖြစ်ရပြန်သည်။

“တကယ်တော့ ကိုယ်ဟာ စွန်လွှတ်နေချင်တဲ့သူ၊ စွန်တကောင်ကို အရိပ်တကြည့်ကြည့်နဲ့ လိုက်လံ ထိန်းကျောင်းနေလိုတဲ့သူ တယောက်လည်း မဟုတ်ပါဘူး။ မင်းက စွန်ကလေးတကောင်ဆို ကိုယ်လည်း မင်းလိုပဲ ဘဝတူ စွန်တကောင်အဖြစ်နဲ့ ဟိုး ကောင်းကင်ပြာပြာပေါ်က မိုးတိမ်တွေထဲမှာ၊ သက်တန့်ကွေးလေး အနားမှာ၊ လိပ်ပြာလေးတွေ ဘေးမှာ ပန်းရနံ့တွေ သင်းပျံ့နေတဲ့ လေထုထဲမှာ အတူတူ ပျံဝဲနေချင်တာပေါ့…”

“ထားပါလေ… လက်ရှိအနေအထားအရ ဒါဟာ ဖြစ်နိုင်ခြေနည်းပါးတဲ့ ကိစ္စတခုမှန်း ကိုယ် သိပါတယ်… တနေ့ မင်းမှာ ရှိတဲ့ အားအင်တွေ ကုန်ဆုံးပြီး အမြင့်ကို ဆက်မတက်နိုင်တော့တဲ့အခါ၊ လေထုထဲမှာ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ရပ်တည်ဖို့တောင် ခွန်အားမရှိတော့တဲ့အခါ… အဲဒီလို အချိန်မျိုးမှာ ကိုယ် အဖြစ်ချင်ဆုံးအရာက အကိုင်းအခက်တွေ ဝေေ၀ဆာဆာနဲ့ အတန်အသင့် သန်စွမ်းတဲ့သစ်ပင်လေး တပင်ပဲ… ”

“ဟုတ်တယ်… မင်းအတွက် စိမ်းစိုလှပတဲ့ သစ်ပင်လေး တပင် ဖြစ်ပေးချင်ပါတယ်… ”


ကျွန်မမျက်နှာကို တည့်တည့်ကြည့်နေသော၊ ပြီးတော့ ကျွန်မ မျက်လုံးတွေထဲကို ထိုးဖေါက်နိုင်သော သူ့အကြည့်များကို တွေ့လိုက်ရချိန်မှာ ရုတ်တရက် ကျွန်မ မျက်နှာကို တဖက်သို့ လွှဲလိုက်မိပါသည်။ မိန်းကလေးပီပီ ရှက်ရွံ့စွာဖြင့် မျက်လွှာချလိုက်တာမျိုး ကျွန်မ မလုပ်တတ်ခဲ့ပါ။

“ကိုယ် ဘာလို့ သစ်ပင်လေး တပင် ဖြစ်ချင်သလဲဆိုတာ မင်း မသိချင်ဘူးလား… မင်း မမေးပေမဲ့လည်း ကိုယ် ပြောပြရလိမ့်အုံးမယ်… ဒီလိုလေ… ကိုယ် အတိုးအလျော့လုပ်ပြီး ထိန်းကိုင်ထားတဲ့ ကြိုးကနေ မင်း အတင်း ရုန်းထွက်သွားတဲ့အခါ၊ မင်းမှာ ရှိသမျှ အစွမ်းအစလေး အင်အားလေးနဲ့ ကြိုးကို ဖြတ်ချသွားခဲ့တဲ့ အခါ… ကိုယ် ချက်ချင်း လက်ထဲက ရစ်ဘီးကို လွှတ်ချပြီး သစ်ပင်ကလေး တပင် ဖြစ်လိုက်မှာပါ… တစ်ချိန်မှာ အကြောင်းတစ်စုံတရာကြောင့် အမြင့်မှာ အဆင်မပြေဖြစ်လို့ မင်း ပြန်ကျလာတဲ့အခါ မြေပြင် ဒါမှမဟုတ် ကျောက်သားတွေရဲ့ မာကျောကျော အေးစက်စက် အထိအတွေ့တွေ၊ ရေပြင်တခုခုအောက်မှာ တအိအိနဲ့ နစ်မွန်းပြီး စုံးစုံးမြုတ်မဲ့ အခြေအနေတွေ၊ ဘယ်လိုနာကျင်မှု တစုံတရာကိုမှ မင်း မခံစားရစေချင်ဘူး… အမြင့်ကနေ အခန့်မသင့်လို့ ပြန်ကျလာတဲ့အခါ စိမ်းစိမ်းစိုစို သစ်ပင်လေး တပင်ရဲ့ အကိုင်းအခက်တွေပေါ်မှာ သက်တောင့်သက်သာနဲ့ အဆင်သင့် နားခို တွယ်ငြိနေစေချင်တာ… မင်း သိရဲ့လား…”



ထိုစကားများ သူ ဆိုနေချိန်မှာ ကျွန်မကိုယ် ကျွန်မပင် မသိလိုက်ပဲ ရီဝေနေသော သူ့မျက်နှာကို တမေ့တမော ငေးနေခဲ့မိသည်။ ကျွန်မ သူ့ကို အချိန်ဘယ်လောက်ကြာအောင် ငေးမောနေမိသည် မသိပါ။ ထိုအချိန်မှာပဲ သူက ကိုယ်ကို ငုံ့ကိုင်းကာ ဆံစများဖြင့် ကွယ်ကာ ဖုံးအုပ်နေသော ကျွန်မရဲ့ ဘယ်ဖက် နားထင်စပ်ကို ဖွဖွညင်သာ နမ်းရှိုက်ခဲ့တာဖြစ်သည်။ သည်လိုနည်းနဲ့ ကျွန်မ စိတ်ပြေလိုက်ရတော့မှာလား။ ဟင့်အင်း… ကျွန်မ နာကျင်မှုတွေဟာ သည်လောက်နဲ့ ပြေသွားနိုင်မှာ မဟုတ်ပါဘူး။ ကျွန်မ ခေါင်းခါလိုက်မိသည် ထင်၏။ သူက ကျွန်မကို ဆက် ပြောသည်။

“မင်း သိပ်ခေါင်းမာတယ် ဆိုတာ ကိုယ် ကောင်းကောင်း သိပါတယ်… မင်းကို ကိုယ် သိပ်သိပါတယ်… ဒါကြောင့်လည်း မင်းကို ကိုယ် ယုံကြည်နေရက်က စိတ်မချဖြစ်နေရတာ… ယုံကြည်တာကတော့ မင်းသိက္ခာကို အထိခိုက် အပွန်းပဲ့ခံပြီး မင်း ဘာမှ မလုပ်ဖူးဆိုတာ... စိတ်မချဖြစ်တယ် ဆိုတာကတော့ မင်း ခံစားရသမျှတွေကို ဖုံးကွယ်၊ မာနနဲ့ တင်းခံထားပြီး အဲဒီမာနကြောင့် မင်း ခံစားနေရ၊ နောင်တရ နေရမှာကိုပဲ…”

သူ ပြောစကားမှာ မှန်လွန်းနေသောကြောင့် ကျွန်မ လှစ်ကနဲ တချက်ပြုံးလိုက်မိသည်။ ဒါကို သူကလည်း မြင်ဖြစ်အောင် မြင်သွားခဲ့ပါသည်။ ခေါင်းတညိတ်ညိတ်လုပ်ရင်း ပြုံးနေသော သူ့ကို တွေ့လိုက်ရသောအခါ ကျွန်မ စိတ်မဆိုးနိုင်တော့ပဲ အသံထွက် ရယ်မောလိုက်မိပါသည်။ သည်လို မရယ်ရတာ ကြာပြီဟု သတိထားမိချိန်မှာ သူက မှန်ပြတင်းမှ တဆင့် မြင်နေရသော ကောင်းကင်ပြာပြာကို လက်ညှိုးညွှန်ပြလေသည်။

“စွန်ကလေးနဲ့တူတဲ့ မိန်းကလေးရေ… ဟိုမှာ ကြည့်လိုက်ပါအုံး… အဲဒါ မင်း သွားချင်တဲ့ လမ်း၊ မင်း ရောက်ချင်တဲ့ နေရာလေ… တွေ့တယ်မဟုတ်လား သိပ်လှတယ်နော်… တဖြည်းဖြည်းနဲ့ အမြင့်ကို ပိုရောက်လာလေ ပိုပြီး လှပလေပဲ… ကောင်းကောင်းသွား ပြီးတော့ ပေါ့ပေါ့ပါးပါးသွားလိုက်ပေါ့… မင်း ပျော်မှာပါ… ကိုယ် ဆုတောင်းပေးနေမှာပေါ့… ဟုတ်ပြီလား…”

“ကဲ… ကိုယ်ပြောချင်တာ အဲဒါပါပဲ… သိပ်နောက်ကျနေအုံးမယ်… ပြန်ကြရအောင်… မင်းအလိုရှိရင် မင်းအိမ်နားအထိ ရောက်အောင် ကိုယ် ပြန်ပို့ပေးပါ့မယ်…”

သူ တခုခုကို ယတိပြတ် ဆုံးဖြတ်လိုက်ဟန်ဖြင့် စကားဝိုင်းကို ရုတ်တရက် သိမ်းလိုက်သည်။ သို့သော် သူ့စကားသံနှင့် စကားလုံးများမှာ ပြေပြေပြစ်ပြစ် မဟုတ်လှ၊ ကြိုးစား၍ အဆင်ပြေအောင် စီစဉ်ပြောဆိုနေရသလို၊ တဆိတ်တော့ ထိုးထိုးထောင့်ထောင့် ဖြစ်နေခဲ့သည်။ စကားအဆုံးမှာ သူ ထိုင်နေရာမှ ထရပ်လိုက်သည်။ ကျွန်မ သူ့ကို မော့ကြည့်ရင်း တခုခု ပြောလိုက်ချင်သော်လည်း စကားရှာမရခဲ့ပါ။ သူ့ကို အကြောင်သား မော့ကြည့်နေခဲ့သည်ဟု ထင်မိ၏။ ထိုတခဏလေးတွင်… ဘာကြောင့်မှန်းမသိ သူ ပြန်ထိုင်လိုက်ပြီး ကျွန်မကို စူးစူးစိုက်စိုက်ကြည့်ကာ မင်းမျက်လုံးတွေက ဘာကို ပြောချင်နေတာလဲ ဟု အဓိပ္ဗါယ်ရသော အင်္ဂလိပ်စကား တခွန်းကို ခပ်တိုးတိုး ပြောလိုက်တာ ဖြစ်သည်။ သူ့အမေးကို ကျွန်မ မဖြေတတ်ပါ။

“သိလား… မင်းကို ကိုယ် ချစ်တာလည်း အဲဒီမျက်လုံးလေးတွေပဲ… ပြီးတော့ ကိုယ် ကြောက်တာလည်း အဲဒီမျက်လုံးလေးတွေပဲ… မျက်လုံးလေးတွေမှာ တခုခု ပြောချင်တာ ရှိနေသလိုပဲ… မင်း ဘာပြောချင်တာလဲ ပြောလေ… ကိုယ်နားထောင်မှာပေါ့…”

တိမ်ဝင်သွားသော သူ့စကားအဆုံးတွင် ကျွန်မကိုယ် ကျွန်မ ရှာလို့ တွေ့သွားခဲ့သည်။ ကျွန်မ ဘာပြောချင်မှန်း ကျွန်မ သေသေချာချာ သိသွားခဲ့သည်။ နောက်ထပ် စက္ကန့်အနည်းငယ် အားယူအပြီးမှာ ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်လောက်အောင်ပင် စကားတခွန်းကို ချောချောမွေ့မွေ့ ပြောဖြစ်ခဲ့သည်။

“ကျွန်မနဲ့ ဆင်တူ စွန်ကလေးတကောင်ပဲ လုပ်ပါနော်… ပြီးတော့ ဟိုးကောင်းကင်ပေါ်က တိမ်လိပ်တွေထဲမှာ ဘာတွေရှိသလဲ ဆိုတာ ကျွန်မတို့နှစ်ယောက် အတူတူ သွားကြည့်ကြတာပေါ့…”

ထိုစကားကို ပြောပြီးချိန်မှာ မိန်းကလေးပီပီ ရှက်ရွံ့စွာဖြင့် မျက်လွှာချခြင်း ဟူသော အတတ်ပညာကို ဘယ်သူမှ မသင်ကြားရပါပဲနှင့် အလိုအလျောက် ကျွန်မ တတ်မြောက်သွားခဲ့တာ ဖြစ်သည်။

သက်ဝေ
(၂၆ စက်တင်ဘာ ၂၀၁၄)

- ၂၀၁၅ ဧပြီလ - စုံနံ့သာ စာပေအနုပညာ မဂ္ဂဇင်း တွင် ဖေါ်ပြပြီးဖြစ်သည်။

သာတဲ့ ပုဂံမြေ (၃)

$
0
0
နေမြင့်လာတော့ နည်းနည်းပူသလိုထင်ရတယ်။ ဒါပေမဲ့ ညင်ညင်သာသာတိုက်နေတဲ့ လေလေးကတော့ အေးနေတာပဲ။ ကြည့်ပါအုံး ခြောက်သွေ့မှုနဲ့ စိန်းလမ်းမှု ရောယှက်နေတဲ့ကြားမှာ ဘယ်လောက် လှတဲ့ ပုဂံလဲ ဆိုတာ။
မြစေတီဘုရားပြီးတော့ ဖူးရတဲ့ဘုရားကတော့ ထုမှာ ဓမ္မရံ လို့ ဆိုကြတဲ့ ဓမ္မရံကြီးလှိုဏ်ဂူတော်ကြီးပါ။ ပုဂံမှာ ရှိတဲ့ ထုထည်အကြီးမားဆုံး ဘုရားတွေထဲမှာ တခုအပါအဝင်လို့ သိရပါတယ်။
ဒီလှိုဏ်ဂူတော်ကြီးရဲ့ ထူးခြားချက်ကတော့ အုတ် အင်္ဂတေ ပန်းရန် ဗိသုကာ လက်ရာပါ။ အုတ်စီပုံစီနည်းက ဓါးစီခုတ် လို့ခေါ်တဲ့ ဓါးနဲ့ ရွေခုတ်ပြီးမှ အင်္ဂတေ ညှပ် စီတာဖြစ်လို့ အပ်တောင် ထိုးလို့မဝင်အောင် စေ့စပ်တယ်၊ ပေါင်းကူးနဲ့ နံရံတွေလည်း အင်မတန် ခိုင်ခံ့တယ်လို့ သိရပါတယ်။ ကြည့်ပါအုံး ဘယ်လောက်တောင် ခန်းနားလှပသလဲ ဆိုတာ…
ဓမ္မရံကြီးလှိုဏ်ဂူတော်ကြီးက အပြန်မှာ တုရင်တောင် စွယ်တော်ရှင်စေတီကို သွားဖူးရမယ်လို့ သိရပါတယ်။ တုရင်တောင်ကို အသွားလမ်းမှာ ဝင်ရောက်ဖူးမျှော်ခဲ့ရတာကတော့ စူဠာမဏိ စေတီပါ။ မှန်နန်းမဟာရာဇဝင်တော်ကြီးမှာ ပြည်သူ လူတကာတို့ စီးပွားကို ဆောင်တော်မူ၍ နိဗ္ဗာန်မဂ်ဖိုလ် အလို့ငှာ လိုဏ်နှစ်ဆင့်ရှိသော ကြီးစွာသော ကောင်းမှုတော်ကို တည်တော်မူ၍ စူုဠာမဏိဟူသော အမည်ကို သမုတ်တော်မူ၏ လို့ ရေးထားကြောင်း မှတ်သားခဲ့ရပါတယ်။
ဒါကတော့ စုဠာမဏိစေတီ အဝင် လမ်းကလေးပါ။
စူဠာမဏိ စေတီက အထွက်မှာ ကြေးစည်လေးတွေနဲ့ ခေါင်းလောင်းတွေ ရောင်းတဲ့ ဆိုင်လေး တွေ့ခဲ့ရတယ်။ အင်မတန်မှ အသံသာတဲ့ ကြေးခေါင်းလောင်း ညိုဝါဝါလေးတွေ။
ချစ်စရာ ခေါင်းလောင်းလေးတွေကို ဓါတ်ပုံရိုက်ပြီးတော့ စွယ်တော်ရှင်စေတီကို ဖူးမျှော်ဖို့အတွက် တုရင်တောင်ကို ဆက်မောင်းရပါတယ်။ တုရင်တောင်ရောက်ဖို့ တော်တော်လေး သွားရတယ်။ တောင်ပေါ်ရောက်တော့ စွယ်တော်ရှင် အလိုတော်ပြည့် စေတီကို အခုလို သပ္ဗါယ်စွာ ဖူးတွေ့ရပါတယ်။ 
ပြီးတော့ မြကန်သာ… တုရင်တောင်ပေါ်က တွေ့ရတဲ့ မြကန်သာပါ။
မြကန်သာ တောင်ကျ ချောင်းတေး ရေဝင်ပြေးလှည့် ရေအေးကြည်စွာ လို့ ဖတ် မှတ်ခဲ့ရဖူးတယ်။ အခုတော့ ဒီလိုပဲ မြင်ခဲ့ရပါတယ်။
တုရင်တောင် အပြန်လမ်းတနေရာမှာ တွေ့ခဲ့ရတဲ့ ထန်းတောတွေပါ။
တုရင်တောင်ကနေ ပြန်လာတော့ မဟာငှက်ပစ်တောင် မြတ်စွာဘုရားကို ဝင်ဖူးပါတယ်။ အဲဒီဘုရားအတွင်းဖက်မှာ တနေရာနဲ့ တနေရာကို ဥမင်လိုဏ်ခေါင်း နိမ့်နိမ့်လေးတွေနဲ့ ဆက်သွယ်ထားပါတယ်။ အရင်ကတော့ ငှက်တွေ ရှိတယ် လို့ ပြောတယ်။ အခုတော့ ဘာငှက်မှ မတွေ့ခဲ့ရပါဘူး။ ပုံထဲမှာ တွေ့တဲ့ ငှက်ကြီးသို့ ဆိုတဲ့ စာပဲ တွေ့ခဲ့ရပါတယ်။
အဲဒီကအပြန်မှာ ရှင်အရဟံ အုတ်ကျောင်းကို ရောက်တော့ ငြမ်းတွေနဲ့ အဆောက်အဦးကို ပြန်လည်ပြင်ဆင်နေတာမို့ အထဲမဝင်နိုင်ခဲ့ပါဘူး။
အဲဒီကနေ ဆက်သွားဖြစ်တာကတော့ မင်းကျန်စစ်ရဲ့ ကောင်းမှုတော် အာနန္ဒာလိုဏ်ဂူ ဘုရားပါ။
ဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူခဲ့ပြီးဖြစ်တဲ့ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဘုရားလေးဆူကို ရည်မှန်းထုလုပ်ထားတဲ့ ပေသုံးဆယ်ခန့် အမြင့်ရှိတဲ့ မတ်ရပ်ရုပ်ပွားတော်ကြီး လေးဆူကို ဖူးတွေ့နိုင်ပါတယ်။ (အလင်းအမှောင်ကြောင့် ရုပ်ပွားတော်တွေရဲ့ အရောင်ကို တညီတညာထဲ တူအောင် ညှိလို့မရ ဖြစ်သွားပါတယ်။)
ပျဉ်ပြားမင်းဟာ ပုဂံမြို့ကို ကျုံး မြို့ရိုး အပြည့်အစုံနဲ့ တည်ထားခဲ့ရာမှာ ပုဂံမြို့ရိုးမှာ စုစုပေါင်း တံခါးပေါက် တဆယ့်နှစ်ခု ရှိခဲ့ဖူးပါတယ်။ ဧရာဝတီမြစ်ရဲ့ တိုက်စားမှုကြောင့် အခုအခါမှာ အရှေ့ဖက် တံခါးပေါက် တခုသာ ထင်ထင်ရှားရှား ကျန်ပါတယ်။ အဲဒီတံခါးပေါက်ကို သရပါ လို့ အမည်တွင်စေပါတယ်။ သရပါ ဆိုတာ မြားကို ဆီးကာသော တံခါး လို့ အနက်ရှိကြောင်း မှတ်သားခဲ့ရပါတယ်။

ဘယ်နေရာကို ရောက်ရောက် ပြတင်းပေါက်တွေနဲ့ တံခါးတွေကို အမြဲသဘောကျလေ့ရှိတဲ့သူမို့ သရပါတံခါးကို ဓါတ်ပုံတွေ အများကြီး ရိုက်ဖြစ်ပါတယ်။ ကားတွေ လူတွေ စက်ဘီးတွေ မြင်းလှည်းတွေ  ဥဒဟို ဖြတ်သန်းသွားလာနေတာမို့ ဓါတ်ပုံရိုက်ဖို့ အချိန်တော်တော် စောင့်ရပါတယ်။ ရိုက်ဖြစ်တဲ့ပုံတွေထဲမှာတော့ အခုလို မြင်းလှည်းလေးတစီးထဲ ရှင်းရှင်းလင်းလင်း ပါအောင် စောင့်ရိုက်ထားတဲ့ ဒီပုံလေးကို အကြိုက်ဆုံးပါပဲ။
သရပါကနေ ပြန်တော့ နေ့လည်စာ စားဖို့ အချိန်တောင် အတော် လွန်နေပြီ။ ဒါနဲ့ အဲ့ဒီအနီးအနားမှာ ရှိတဲ့၊ ဟင်းအမည်စုံုံစုံလင်လင်ရတယ်လို့ နာမည်လည်း ကြီးတဲ့ မျိုးမျိုး ထမင်းဆိုင်လေးမှာ ဝင်စားကြပါတယ်။

ထမင်းစားပြီးရင် ခဏနားမယ်နော်… နေကလည်း အတော်လေး ပူနေပြီ။ ညနေစောင်းမှ ဘုရားဖူးပြန်ထွက်ကြတာပေါ့။

သက်ဝေ
(၂ မေ ၂၀၁၅)

သာတဲ့ ပုဂံမြေ (၄)

$
0
0
နေ့လည်စာ ထမင်းစားပြီး ပထမတော့ ဟိုတယ်ကို ပြန်နားကြမလို့ပဲ နောက်တော့ သိပ်လည်း မပင်ပန်းကြတာမို့ ဘုရားတွေ ဆက်ဖူးကြဖို့ စိတ်ကူးတယ်။
သရပါတံခါးကနေ နည်းနည်း ဆက်သွားတော့ Golden Palace လို့ ခေါ်လို့ရတဲ့ နန်းတော်ရာ ကို ရောက်တယ်။ နန်းတော်ရာ ဆိုပေမဲ့ မြို့တော်ရဲ့ အလယ်တည့်တည့်မှာ မရှိပဲ နန်းမြို့ရိုးနဲ့ ကျုံးအနားမှာ ဖြစ်နေပါတယ်။ ဘာမှ ထင်ထင်ရှားရှား များများစားစားတော့ မတွေ့ခဲ့ရပါဘူး။ သစ်ပင်ပေါင်းပင်တွေ ထူထပ်စွာ ပေါက်ရောက်နေပြီး ပျက်စီးနေတဲ့ အုတ်ပုံတွေကိုသာ အခုလို တွေ့ရပါတယ်။ 
နန်းတော်ရာကနေ ရွှေဂူကြီးဘုရားကို ဆက်သွားကြပါတယ်။ ရွှေဂူကြီးဘုရားကတော့ ပုဂံမြို့အ၀င် သရပါတံခါးရဲ့ အတွင်းပိုင်း အနောက်ဘက်မှာ တည်ရှိပါတယ်။ အမြင့် ဆယ့်နှစ်ပေရှိတဲ့ အုတ်ခုံထက်မှာ တည်ထားပါတယ်။ အဲဒီရွှေဂူကြီးဘုရားကို အလောင်းစည်သူမင်းက သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်မှာရှိတဲ့ ကန္ဓကုဋိတိုက် ပုံစံကို အတုယူပြီး တည်ဆောက်ထားတာဖြစ်တယ် လို့ သိရပါတယ်။
ရွှေဂူကြီးဘုရားမှာ လှေခါးသေးသေး ကျဉ်းကျဉ်းလေးတွေကတဆင့် အပေါ်ပစ္စယံတွေကို တက်လို့ရတာမို့ ခဏတက်ပြီး ဓါတ်ပုံရိုက်ပါတယ်။ ဒါကတော့ ရွှေဂူကြီးဘုရားကနေ လှမ်းတွေ့ရတဲ့ ပုဂံ ရှေးဟောင်းသုတေသန ယဉ်ကျေးမှုသမိုင်းပြတိုက်ပါ။
ဒီပုံတွေကတော့ ရွှေဂူကြီးဘုရားကနေ လှမ်းတွေ့ရတဲ့ ပုဂံ မြင်ကွင်းပါ။
ဒါကတော့ (ကျွန်မ မှတ်လာတာ မမှားဘူးဆိုရင်) ရွှေဂူကြီးဘုရားကနေ လှမ်းဖူးတွေ့ရတဲ့ သဗ္ဗညုပါ။
ရွှေဂူကြီးဘုရားကနေ အပြန်မှာ အခုနက အဝေးကနေ လှမ်းဖူးမျှော်ခဲ့ရတဲ့ သဗ္ဗညုဘုရားကို ဆက်သွားကြပါတယ်။ သဗ္ဗညုဘုရားဟာ အလောင်းစည်သူမင်းရဲ့ ကောင်းမှုတော်ဖြစ်ပါတယ်။ ပုဂံတ၀ိုက်မှာ ထုထည်ကြီးမားပြီး ဥာဏ်တော်အမြင့်ဆုံး ဂူဘုရားကြီးဖြစ်လို့ အဝေးကနေ လှမ်းကြည့်ရင်တောင် ထင်ရှားစွာ ပေါ်လွင်နေတာကို တွေ့နိုင်ကြပါတယ်။ သဗ္ဗညုဘုရားဟာ ဥာဏ်တော် ပေနှစ်ရာခန့် အမြင့်ရှိပြီး ရှေးခေတ်က ရဟန်းသံဃာတော်တွေ ပရိယတ္တိစာပေလေ့လာဖို့ ပိဋကတ်တိုက်သဖွယ် အသုံးပြုခဲ့ကြတာလို့ သိရှိရပါတယ်။ သဗ္ဗညုဘုရားကြီးဟာ ဘေးတက် လှိုဏ်ဂူဘုရားကြီးဖြစ်ပြီး ဆင်းတုတော်ထားရှိတဲ့ ကန္ဓကုဋိတိုက် ခေါင်မိုးပေါ်မှာ အုတ်တွေနဲ့ပဲ တည်ဆောက်ထားတာမို့ ထူးခြားတဲ့ ဗိသုကာလက်ရာလည်း ဖြစ်ပါတယ်။
သဗ္ဗညုဘုရားဖူးပြီးတော့ ဘုရားလည်း ဖူး၊ နေ၀င်ချိန် သိပ်လှတဲ့ ပုဂံရှူခင်းကို ကြည့်ဖို့ ရွှေဆံတော်ဘုရားကို ဆက်သွားကြပါတယ်။ ရွှေဆံတော်ဘုရားကို အနော်ရထာမင်းကြီးက တည်ထားကိုးကွယ်ခဲ့တယ်လို့ သိရပါတယ်။ အနော်ရထာမင်းမြတ် ဥသာပဲခူးမှာ ခမာလူမျိုးတွေ တိုက်ခိုက်ဝင်ရောက်ခဲ့စဉ်က စစ်ကူပေးခဲ့အတွက် ဥသာမင်းဆက်သတဲ့ ဆံတော်ကို ဌာပနာပြုပြီး ရွှေဆံတော်ဘုရားကို တည်ထားကိုးကွယ်ခဲ့တာလို့လည်း မှတ်သားရပါတယ်။ ရွှေဆံတော်ဘုရားဟာ ကျဉ်းမြောင်းမက်စောက်တဲ့ လှေကားထစ်တွေကနေ တက်ရတာဖြစ်ပြီး ပုဂံပတ်ဝန်းကျင်တခုလုံးက ဘုရားတွေကို အပေါ်စီးကနေ လှပစွာ မြင်တွေ့ ဖူးမျှော်နိုင်တာရယ်၊ ဧရာဝတီမြစ်ထဲကို နေလုံးကြီး ငုတ်လျှိုးသွားတဲ့ နေ၀င်ချိန်မြင်ကွင်းရယ်တို့ကြောင့် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ အလွန်သဘောကျ နှစ်သက်တဲ့ နာမည်ကျော် ဘုရားတဆူပါ။
အဲဒီအချိန်လေးမှာပဲ ပုဂံနဲ့ အကျွမ်းတ၀င်ရှိလှတဲ့ သူငယ်ချင်းက တကူးတက ဖုန်းဆက်ပြီး လှမ်းပြောပါတယ်၊ ဒီနေ့ ညနေ ငါးနာရီ မိနစ်လေးဆယ်မှာ နေ၀င်မယ်တဲ့။ နေ၀င်ချိန်ဓါတ်ပုံ လှလှရအောင် ရိုက်ခဲ့နော်တဲ့။ ရွှေဆံတော်ဘုရား အောက်ခြေကို ကျွန်မတို့ ရောက်သွားတဲ့အချိန်မှာ ဘုရားပစ္စယံတွေမှာ နေ၀င်ချိန်ကို စောင့်ကြည့်၊ ဓါတ်ပုံရိုက်မဲ့ ခရီးသွားတွေနဲ့ ပြည့်နေပါပြီ။ ကျဉ်းမြောင်း မတ်စောက်တဲ့ လှေခါးသေးသေးလေးကို ကြည့်ပြီး အပေါ်တက်ရင် ကောင်းမလား၊ မတက်ရင် ကောင်းမလား တွေးနေရင်းနဲ့ ရောက်ပြီးမှတော့ တက်တာပေါ့လေ လို့ အားတင်းလိုက်ပါတယ်။ ဒါနဲ့ အများသူငါတွေနဲ့ ရောနှောပြီး လက်ရန်းကို မြဲမြဲကိုင်လို့ ကြောက်ကြောက်နဲ့ တက်သွားလိုက်ပါတယ်။ ပစ္စယံ ဒုတိယအဆင့်ကို ရောက်တော့ ဆက်မတက်ချင်တော့ဘူး။ ဒီလောက်ကနေ ရိုက်ရင်လည်း ရတာပါပဲလေ လို့ တွေးပြီး ဟိုဟိုဒီဒီ ကြည့်ပြီး ရှာလိုက်တော့ နေ၀င်ချိန် ဓါတ်ပုံရိုက်စရာ တကိုယ်စာ နေရာလေး ရပါတယ်။ ထရိုက်ပေါ့ထ် မပါသော်လည်း အုတ်ဘောင်ကလေးတခုပေါ်ကို ကင်မရာ ငြိမ်အောင် ထားလို့ရတဲ့ နေရာလေးမို့ အဆင်ပြေပါတယ်။ ပြီးတော့ ကင်မရာကို ဆက်တင်တွေ ဘာတွေ ချိန်၊ ဟိုကြည့်ဒီကြည့် ဟိုရိုက်ဒီရိုက်နဲ့ပေါ့။

အဲဒီအချိန်မှာ အပေါ်က လက်ခုပ်တီးပြီး လှမ်းခေါ်သံကြားလို့ မော့ကြည့်တော့ ဖေဖေ ဖြစ်နေပါတယ်။ သူက အပေါ်ဆုံးပစ္စယံကနေ အောက်ကို ငုံ့ကြည့်ပြီး အပေါ်ကို တက်ခဲ့ဖို့ လှမ်းခေါ်နေတာပါ။ ကျွန်မစိတ်ထဲ ဖေဖေ လိုက်တက်မလာဘူး၊ မေမေတို့နဲ့ အောက်မှာပဲ နေကျန်ခဲ့တယ်လို့ ထင်ထားတာ။ ဘယ်လိုလုပ်များ အပေါ်ဆုံးထိအောင် ရောက်သွားပါလိမ့်လို့ တွေးလည်းတွေး ဒီလိုအတက် အဆင်းတွေမှာ မတော်တဆ မူးမိုက်သွားမှဖြင့်လို့ စိတ်လည်းပူနဲ့ ကျွန်မလည်း အပေါ်ကို လိုက်တက်ရပါတော့တယ်။ အပေါ်ကို ရောက်တော့ ဓါတ်ပုံရိုက်စရာ နေရာမရှိတော့ပါဘူး။ နေရာကောင်းတွေမှန်သမျှ လူတွေ ပြည့်လို့။ နေကလည်း ၀င်တော့မယ်… နေလုံးကြီးကို အလုံးလိုက် အ၀ိုင်းလိုက်ရအောင် ဘယ်လိုများ ရိုက်ရပါ့မလဲ တွေးပြီး ဟိုကြည့်ဒီကြည့်နဲ့ ကြည့်နေရင်းမှာ နိုင်ငံခြားသူတယောက်က ကျွန်မကို တကိုယ်စာလေး နေရာကျုံ့ပေးပါတယ်။ ကင်မရာတင်စရာ နေရာလေးရအောင်လည်း ကြိုးစားပြီး ဖယ်ပေးပါတယ်။ အဲဒီအမျိုးသမီးကို ကျေးဇူးတင်စကား ပြောပြီး နေ၀င်ချိန်ကို စောင့်ပါတယ်။ ဒါကတော့ နေမ၀င်ခင် ကင်မရာ မျက်နှာမူရာကို ရိုက်ထားတဲ့ ပုံလေးတွေပါ။ 
ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပါဘူး။ တိမ်ထူထပ်တဲ့ ညနေခင်းတခုဖြစ်တာကြောင့် နေဝင်တဲ့အခါ နေလုံးကြီးကို တိမ်တွေက ကွယ်ထားပါတယ်။ နောက်ဆုံးမှာ နေလုံးကြီးဟာ တိမ်တွေကို အကွယ်အကာယူပြီး တောင်တန်းတွေရဲ့ အနောက်ကို တစ တစနဲ့ ငုတ်သျှိုး ပျောက်ကွယ်သွားပါတော့တယ်။
နေဝင်ချိန်ကို ဓါတ်ပုံရိုက်ဖို့ စောင့်နေကြသူများလည်း အားမလို အားမရဖြစ်နေတဲ့ မျက်နှာလေးတွေနဲ့ အောက်ကို ပြန်ဆင်းကြရပါတယ်။ တကယ်ကျတော့ အဆင်းဟာ အတက်ထက် ပိုပြီး ကြောက်စရာကောင်းတာကို တွေ့ရပါတယ်။ လက်ရမ်းတွေကို ကိုင်ပြီး ခပ်ဝေးဝေးကို ငုံ့မကြည့်ပဲ ဘေးတိုက်အနေအထားနဲ့ တထစ်ချင်း အသက်ပြင်းပြင်းမရှူရဲပဲ ဆင်းရပါတယ်။ တချို့အမျိုးသမီးတွေ တကယ်ပဲ ကြောက်ရွံ့တုန်လှုပ်ပြီး ချွေးသီးချွေးပေါက်တွေကျလို့ အဆင်းခက်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ကျွန်မစိတ်ပူနေတဲ့ ဖေဖေကတော့ ကျွန်မတို့ရော သူများတွေပါ နေ၀င်ချိန်စောင့်နေတုန်း၊ လှေခါးမှာ လူရှင်းနေတုန်း အောက်ကို ဆင်းသွားခဲ့ပါပြီ။
အောက်ကို ချောချောမောမော ရောက်တော့မှ ကိုယ် တက်ခဲ့တဲ့ လှေခါးနဲ့ ကိုယ် ရောက်သွားခဲ့တဲ့ နေရာကို ပြန်မော့ကြည့်မိပါတယ်။ အတော်တော့ မြင့်သား… ချစ်စရာ ပုဂံရဲ့ မြင်ကွင်းလှလှ ရှူခင်းလှလှတွေကို မှတ်တမ်းတင် ဓါတ်ပုံရိုက်ချင်တဲ့ ဇောက များနေတော့ ကြောက်ရမှန်းမသိခဲ့တာ။ ဒါပေမဲ့ အဲဒီလှေခါးကနေ မတော်တဆ လိမ့်ကျ ပြုတ်ကျခဲ့ဖူးသူ တဦးတယောက်မှ မရှိတဲ့အကြောင်း သိရတော့ ရွှေဆံတော်ဘုရားရဲ့ ဘုန်းတန်ခိုး ကြီးမားပုံကို သတိပြု ဆင်ခြင်မိပါတယ်။
ပထမတော့ ဒီပိုစ့်မှာ ပုဂံခရီးစဉ်ကို အပြီးသတ်မလားလို့… ဒါပေမဲ့ နောက် ဂေါတော့ပလ္လင်ဘုရားတဆူ ကျန်သေးတာရယ်၊ နောက်တနေ့မှာ ရိုက်လာတဲ့ ဓါတ်ပုံတွေ တင်ချင်သေးတာရယ်ကြောင့် စာနည်းနည်း ဓါတ်ပုံများများနဲ့ နောက်တပိုစ့် ဆက်ပါအုံးမယ်။ လာကြည့်ကြပါအုံးနော်။

သက်ဝေ
(၂၆ မေ ၂၀၁၅)

သာတဲ့ ပုဂံမြေ (၅)

$
0
0
 ရွှေဆံတော် ဘုရားကနေ ပြန်တော့ ကန်တော့ပလ္လင် (ဂေါတော့ပလ္လင်) ဘုရားကို သွားဖူးဖြစ်ပါတယ်။ အလောင်းစည်သူမင်းလက်ထက်က မိဘ ဘိုးဘွားတွေကို ကန်တော့ရာနေရာမှာ တည်ထားကိုးကွယ်ခဲ့တာဖြစ်လို့ ကန်တော့ပလ္လင် လို့ဆိုကြရာက နောင် ကာလရွေ့လျောလာတဲ့အခါမှာ ဂေါတော့ပလ္လင်လို့ ခေါ်တွင်ကြကြောင်း သိရပါတယ်။
ထုထည်ကြီးမားပြီး ဥာဏ်တော် ပေတရာ့ရှစ်ဆယ်ခန့် အမြင့်ရှိတဲ့ ဂေါတော့ပလ္လင် လှိုဏ်ဂူတော်ဘုရားကြီးဟာ နရပတိစည်သူမင်းကြီးရဲ့ ကောင်းမှုတော်ဖြစ်ပြီး စေတီတော် တည်ထားကိုးကွယ်စဉ်အတွင်း နရပတိစည်သူမင်း ကံတော်ကုန်သွားတဲ့အခါမှာ သားတော် နားတောင်းများမင်းက ဆက်လက်တည်ထား ကိုးကွယ်ခဲ့တယ်လို့ သိရပါတယ်။
ဘုရားဖူး ဓါတ်ပုံရိုက်ပြီးမှာ မှောင်ရီပျိုးလာပါတယ်။ ဟိုတယ်ကို ပြန်နား၊ ရေချိုး အ၀တ်အစားလဲ ပြီး ညစာစားဖို့ ပြင်ဆင်ကြပါတယ်။ ဒီည ညစာကိုတော့ အပြင်မထွက်ပဲ ဟိုတယ်မှာပဲ စားမယ်လို့ စီစဉ်ထားပါတယ်။ အကြောင်းကတော့ ပုဂံသံတဲဟိုတယ်ရဲ့ ညစာစားချိန်မှာ ဖျော်ဖြေရေးအစီအစဉ်တွေထဲက တခုဖြစ်တဲ့ ရုပ်သေးအကကို သားကို ပြချင်လို့ပါ။ ဖျော်ဖြေရေးအစီအစဉ် ပထမပိုင်းမှာ တေးသံရှင်တဦးက သာယာငြိမ့်ငြောင်းတဲ့ စောင်းလက်သံနဲ့အတူ တေးသီချင်းများ သီဆိုဖျော်ဖြေပါတယ်။
ဒါကတော့ ရုပ်သေးအကပါ။ စားရင်းသောက်ရင်း ဖုန်းနဲ့ ရိုက်လာတာမို့ ပုံက သိပ်မကောင်းပေမဲ့ အမှတ်တရပေါ့။
နောက်တနေ့ မနက်ပိုင်းမှာ ထန်းရည်သောက်ချင်တယ်၊ ထန်းတောတွေကို ဓါတ်ပုံရိုက်ချင်တယ် ဆိုလို့ ထန်းတောတွေဆီကို သွားကြပါတယ်။ စီတန်း ညီညာပြီး သိပ်လှတဲ့ ထန်းတောတွေရဲ့ အလှကို ကင်မရာနဲ့ ဘောင်ခတ်လိုက်တဲ့အခါမှာ အကန့်အသတ်နဲ့ လှရတာမို့ ပုံတွေကို စိတ်တိုင်းမကျသလို ခံစားရပါတယ်။ ဒါနဲ့ ဓါတ်ပုံ သိပ်များများ မရိုက်တော့ပဲ ကင်မရာ ဘေးချပြီး သဘာဝအလှတွေကို တမေ့တမောသာ ငေးကြည့်နေမိတော့တယ်။
လမ်းမတလျှောက်မှာ အညာလက်ဆောင် လို့ ရေးထားတဲ့ ဆိုင်းဘုတ်အတော်များများနဲ့ အိမ်ဆိုင်လေးတွေ တန်းစီနေတာ တွေ့ရပါတယ်။
ဒီဆိုင်လေးမှာ ထန်းရည်အချိုကိုသောက်ရင်း ခဏထိုင်ဖြစ်တော့ အချိန်တိုင်း လူပြည့်နေတဲ့၊ တခုခုစားဖို့ဆို ထိုင်စရာနေရာ တနေရာ အရင်ရှာရတဲ့၊ တိုကင်နံပါတ်ယူပြီး နာရီနဲ့ချီအောင် တန်းစီစောင့်ဆိုင်းရတဲ့ စင်္ကာပူက အလွန်နာမည်ကြီးသော၊ တော်ရုံ နာမည်ကြီးသော၊ နာမည်မကြီးသော၊ အဆင့်အတန်း အမျိုးမျိုးသော စားသောက်ဆိုင်တွေကို ချက်ချင်း သတိရမြင်ယောင်မိပါတယ်။ အင်း……
ထန်းတောတွေ တဖက်တချက် ကာရံနေတဲ့ အဲ့ဒီလမ်းမတလျှောက်မှာ အခုလို လက်တွေ့ ဆီကြိတ်ပြနေတဲ့ ဆီဆုံတွေကိုလည်း တော်တော်များများ တွေ့ခဲ့ရပါတယ်။ ထန်းရည်၊ ထန်းလျက်၊ ထန်းရည်ကနေ ချက်တဲ့ မီးတောက်အရက် တွေအပြင် အဲဒီဆီဆုံတွေကလည်း ခရီးသွားတွေကို စိတ်ဝင်စားစရာတခုအနေနဲ့ ဆွဲဆောင်ပါတယ်။ မြေပဲဆန် ငါးပြည်ကို လေးနာရီလောက် ကြိတ်မှ ဆီ နှစ်ပိဿာလောက်ပဲ ရတယ်လို့ သိရပါတယ်။ အခုလိုဆိုတော့လည်း ဒီခေတ်ကြီးထဲမှာ ကျွန်မတို့တွေ မြေပဲဆီစစ်စစ် မစားရတာ ဘာများဆန်းသလဲလို့ ငေါ့တော့တော့ တွေးမိပါတယ်။ စားအုန်းဆီတွေနဲ့ ရောရိရောရာ ဆီတွေကို ပေါပေါများများ စားသုံးပြီး လူတွေ ရောဂါပေါင်းစုံ ရနေကြတာတွေကို ဆက်တွေးမိတော့ အတွေးစကို အဲဒီနေရာမှာပဲ မြန်မြန်ဖြတ်ရပါတယ်။ အားလပ်ရက် အပန်းဖြေခရီးမှာ မေ့ထားသင့်တာတွေကို မေ့ထားတာ အကောင်းဆုံး မဟုတ်လား။
ဒါကတော့ ထန်းလက်နဲ့ လုပ်ထားတဲ့ ဗူးကလေးတွေပါ။ ထန်းလျက်ခဲ ၀ယ်ရင် အဲဒါလေးတွေနဲ့ ထည့်ပေးပါတယ်။ ချစ်စရာလေးတွေနော်… နာမည်ကျော် LV အိတ်အဆင် လေးထောင့်ကွက်လေးတွေဟာ ဒီ အိတ်ကို တွေ့ပြီး အတုယူထားသလားလို့ ပေါက်ပေါက်ရှာရှာ တွေးမိတော့ ကိုယ့်အတွေးကို ကိုယ့်ဟာကိုယ် ရယ်လိုက်ရတာ။
အပြန်ခရီးတို့ရဲ့ ထုံးစံအတိုင်း အလာတုန်းကရှိနေခဲ့တဲ့ ပေါ့ပါးတက်ကြွမှုနဲ့ လန်းဆန်းပျော်ရွှင်မှုတွေ နည်းနည်း ရော့သွားပါတယ်။ မိုင်တိုင်တွေ တတိုင်ပြီး တတိုင် ဖြတ်ကျော်လာခဲ့တာ… လမ်းဘေးက မြင်ကွင်းတွေ တရိပ်ရိပ်နဲ့ ကျန်ခဲ့တာ… အတွေးထဲမှာတော့ သိပ်မကြာခင် နောက်တခေါက် ရောက်အုံးမှာပေါ့လေ လို့ တွေးရင်း သာတဲ့ ပုဂံမြေဟာ တဖြေးဖြေးနဲ့ ဟိုးဝေးဝေးမှာ ကျန်နေရစ်ခဲ့ပါတော့တယ်။

အခု Bonusအနေနဲ့ နေပြည်တော်မှာ ဖူးခဲ့ရတဲ့ ဘုရား နှစ်ဆူနဲ့ နေပြည်တော်တ၀ိုက်က မြင်ကွင်း ဓါတ်ပုံတွေ တင်လိုက်ပါတယ်။

ဥပ္ပါတသန္တိစေတီတော်ကို ညနေ နေ၀င်ရီတရောမှာ ဖူးတွေ့ရတဲ့ပုံပါ။
အဲဒီစေတီရဲ့ အတွင်းနံရံတွေမှာ ပန်းချီဦးဘကြည်ရဲ့ လက်ရာ ရုပ်စုံဗုဒ္ဓ၀င်တွေကို စကျင်ကျောက်နဲ့ ထွင်းထုထားတာ တွေ့ခဲ့ရပါတယ်။ အင်မတန်မှ လက်ရာမြောက်ပါတယ်။ ဒါကတော့ သားတော် ရာဟုလာ ဘုရားရှင်ဆီက အမွေတောင်းနေတဲ့ ပုံလေးပါ။
ဒါကတော့ မဟာဗောဓိစေတီတော်ပါ။ ဗုဒ္ဓဂယာက မဟာဗောဓိစေတီတော်ပုံကို ကူးယူပြီး တည်ထားကိုးကွယ်တယ်လို့ သိရပါတယ်။ နေပြည်တော်ရဲ့ ဗုဒ္ဓဂယာ လို့လည်း ခေါ်ကြပါတယ်။
ဒါကတော့ မဟာဗောဓိစေတီတော်ရဲ့ ရင်ပြင်တနေရာပါ။ ဒီဘုရားကို သွားရောက်ဖူးမျှော်မယ်ဆိုရင် ယောက်ျားလေး မိန်းကလေး လူကြီး လူငယ်မှန်သမျှ ဘောင်းဘီတွေ စကပ်တွေ ဝတ်လို့မရပါဘူး။ မဖြစ်မနေ လုံချည်ဝတ်ရပါတယ်။ လုံချည်မပါသွားရင် ငှားဝတ်လို့ရတဲ့ နေရာလေးလည်း ရှိပါတယ်။
နေပြည်တော် ဘူတာရုံ
ပြည်သူလူထုရဲ့ မေတ္တာခံယူတဲ့ နာမည်ကျော် ဗိုလ်ရှုခံ
မြန်မာနိုင်ငံရဲ့ အကျယ်ဆုံး ဆယ်လမ်းသွား လမ်းမကြီး...
နေပြည်တော်မှာရှိတဲ့ ဟိုတယ်တွေထဲက အကြီးဆုံး ဟိုတယ်လို့ ပြောကြတယ်။ နာမည် မမှတ်မိတော့ပါ။
ဒါကတော့ တနေ့ကမှ နေပြည်တော် လမ်းညွှန်မြေပုံကို ကြည့်ရင်း အမှတ်မထင် တွေ့မိတာလေးပါ။ National Landmark Garden တဲ့။ မြန်မာနိုင်ငံ မြေပုံလေး လုပ်ထားတာ ကြည့်ပြီး စိတ်ထဲ သဘောကျနေတယ်။
ဘလော့ခေတ် အလွန်မှေးမှိန်နေတဲ့ အချိန်မှာ ပုဂံပိုစ့်ကို လာဖတ်တဲ့၊ ဓါတ်ပုံတွေ လာကြည့်တဲ့ မိတ်ဆွေတွေ တယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။

သက်ဝေ
(၂၈ မေ ၂၀၁၅)

မ န က် က ဘ ယ် သူ အ ဝ တ်ေ လျှာ် သွား သ လဲ

$
0
0
အိပ်ချင်မပြေသေးပဲ နိုးထလာရတဲ့ မနက်ခင်းပဲ။ နိုးနိုးချင်း မျက်စိမဖွင့်နိုင်သေးခင် နားထဲမှာ အသံတခု ကြားရတယ်။ ပြောရရင် နားထဲမှာ အသံတွေ ကြားနေတတ်တာ ကြာပြီ။ ပြန်တွက်ကြည့်ရင် နှစ်နဲ့ချီနေပြီ ဆိုပါတော့။ ခက် ခက်ရချည်ရဲ့… နား (သို့မဟုတ်) နားရွက်ရဲ့အလုပ်က အသံတွေကို နားထောင်ဖို့ ကြားရဖို့ မဟုတ်လား၊ ဒီတော့ နားကနေတဆင့် အသံကြားရတာ ဘာများ ထူးဆန်းသလဲလို့ မေးစရာရှိတယ်။ ဒီလိုပါ… ကြားလေ့ရှိတဲ့ အသံတွေထဲမှာ စက်ကရိယာတွေ ပစ္စည်းတွေ၊ မော်တော်ယာဉ်တွေ၊ တယ်လီဖုန်း ရေဒီယို၊ ကက်ဆက် အစရှိတာတွေက ထွက်လေ့ထွက်ထရှိတဲ့ အသံမျိုးတွေသာမက မိုးထစ်ချုန်းသံ၊ လေတိုးသံ၊ လှိုင်းပုတ်သံ၊ ပြီးတော့ လေချွန်သံ၊ ခေါင်းလောင်းသံ၊ ဖန်ပုလင်းတွေ အချင်းချင်း ရိုက်ခတ်သံ၊ သတ္တ၀ါတွေရဲ့ အော်မြည်သံ ခပ်ဆန်းဆန်းတွေ၊ အရာဝတ္ထုအချင်းချင်း တခုနဲ့တခု ထိခိုက် ပွတ်တိုက်သံ၊ တစုံတခုကို ဆွဲယူ တွန်းရွှေ့လိုက်တဲ့အသံ၊ လမ်းလျှောက်ဖိနပ်အမျိုးစုံက အသံ၊ နောက်ဆုံး ကိုယ့်နာမည်ကို တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး၊ ဝေးဝေးက တမျိုး နီးနီးက တမျိုး ခေါ်နေတတ်တဲ့ အသံတွေပါ ပါတယ်။ 

အဲဒီလိုအသံတွေထဲမှာ တချို့အသံတွေက ကိုယ်နဲ့အကျွမ်းတဝင် ရင်းနှီးပြီးသား ဖြစ်ပေမဲ့ တချို့အသံတွေကတော့ တကယ့်ကို အဆန်းတကြယ်နဲ့ အစိမ်းသက်သက်ရယ်။ တချို့အသံတွေက စူးစူးရှရှနဲ့ ပီသကြည်မြ၊ တချို့အသံတွေကတော့ မသဲမကွဲ ပလုံးပထွေးနဲ့။ အဲဒီ အသံတော်တော်များများဟာ ဘယ်နေရာကနေ ဘယ်လို ရောက်လာကြတယ်ဆိုတာ သေသေချာချာ မသိဘူး။ စဉ်းစားလို့လည်း မရဘူး။ တခါတခါမှာ ဟိုးအဝေးကြီးက လွင့်လာတဲ့အသံတွေ ဖြစ်နေတတ်သလို တခါတခါမှာကျတော့ အနားနား လာကပ်ပြီး ခေါ်နေ ပြောနေသလိုလို၊ တချို့အချိန်တွေမှာဆို နားထဲမှာ တခုခု၊ ဒါမှမဟုတ် တယောက်ယောက်က လာဝင်ထိုင်ပြီး တတွတ်တွတ်နဲ့ ပြောနေတာမျိုး၊ ဒါမှမဟုတ် တီးတိုးပြောနေသလိုမျိုး၊ ဒါမှမဟုတ် လေသံသဲ့သဲ့နဲ့ ပြောနေသလိုမျိုးကို ကြားရတာ။ ဘာပဲဖြစ်ဖြစ် ကြားလိုက်ရသမျှ အသံ တော်တော်များများကတော့ အဆန်းတွေချည်းပါပဲ။ ကို်ယ်တိုင်ကပဲ ညံ့တာလား၊ အသံတွေကပဲ အမျိုးအမည် စုံလင်ပြီး ထူးခြားကြတာလားဆိုတာကတော့ အဖြေထုတ်မရတဲ့ ပုစ္ဆာတပုဒ်ပါ။ တွေးလက်စ အတွေးကို မြန်မြန်ဖြတ်ပြီး လောလောဆယ် ကြားနေရတဲ့ အသံကို စူးစမ်းဖို့ ကြိုးစားတယ်။

အခုကြားနေရတဲ့ အသံကတော့ စည်းချက်ညီညီ ပြီးတော့ အရှိန်မှန်မှန် ခုတ်မောင်းနေတဲ့ မြို့ပတ်ရထား အဟောင်းတစီးဆီက ထွက်လာတဲ့အသံမျိုးပဲ။ အသံက ခပ်လုံးလုံးနဲ့ လေးထိုင်းထိုင်းဟန် ပေါက်နေတာကိုက တမျိုးထူးခြားတယ်။ အဲဒီအသံ ဘယ်ကလာတာပါလိမ့်... အသံလာရာကို ဟိုဟိုဒီဒီ လိုက်ရှာကြည့်တော့ မြင်ကွင်းထဲကို အဖြူရောင် လေးထောင့်စပ်စပ်အရာတခု ဝင်လာတယ်။ ပြီးတော့ အဲဒီအရာဟာ တုန်ခါနှုန်းတခုခုနဲ့ တုန်ခါနေတယ်။ စိတ်ကပဲ ထင်လို့လား သူကိုယ်တိုင် တကယ်ပဲ တုန်ယင် လှုပ်ရှားနေတာလား မသေချာဘူး။ သေချာတာကတော့ အဲဒါဟာ လွန်ခဲ့တဲ့ ခြောက်လလောက်က စတိုးဆိုင်ကြီးတခုကနေ ကိုယ်တိုင် ရွေးချယ်ဝယ်ယူလာခဲ့တဲ့ အဝတ်လျှော်စက်တလုံးဖြစ်တယ် ဆိုတာပဲ၊ အဝတ်လျှော်စက်က ထွက်နေတဲ့အသံဟာ အစဉ်အမြဲကြားနေကျ ရင်းနှီးနေတဲ့ အသံတခုသာ ဖြစ်သင့်တယ် မဟုတ်ဘူးလား။ ဘာကြောင့်များ ဒီအသံကို ရုတ်တရက် မကျက်မိတာပါလိမ့်။ တဆက်တည်းမှာ တွေးမိတာ… ဒါဆို ဒီမနက် ဘယ်သူ အဝတ်လျှော်သွားတာလဲ။ ပုံမှန်ဆို ဒီအချိန်ဟာ အဝတ်လျှော်လေ့ရှိတဲ့ အချိန်မျိုးမဟုတ်ဘူး။ ပြီးတော့ အိမ်သားတွေထဲမှာ ဒီအချိန် အဝတ်လျှော်လေ့ရှိတဲ့သူ တယောက်မှ မရှိဘူး။ အားလုံးလည်း အလုပ်သွားကြပြီ။ ဒီတော့ တယောက်ယောက်က စက်ကို အလုပ်ခိုင်းခဲ့တယ် ဆိုတာ သေချာပြီ၊ အခု စက်က သူ့အလုပ် သူ လုပ်နေပြီ။

မြင်နေရတဲ့ အဝတ်လျှော်စက်ဟာ အရှေ့ဖက်ကနေ တံခါးဖွင့်ပြီး အဝတ်ထည့်ရတဲ့စက်မျိုး။ စတီးရောင် ခပ်ပြောင်ပြောင် ဘောင်ထူထူကွပ်ထားတဲ့ တံခါးပုံစံက လေးထောင့်မဟုတ်ပဲ အဝိုင်းဖြစ်နေတာ၊ ပြီးတော့ ပလတ်စတစ်သား ဖြူဖြူကြည်ကြည်နဲ့ လုပ်ထားပုံရတဲ့ အဲဒီတံခါးကနေတဆင့် အတွင်းထဲကို ထွင်းဖေါက်ပြီး မြင်နေရတာ ဒီစက်ရဲ့ ထူးခြားချက်တခုလို့ ဆိုရမယ်။ ဘာပဲဖြစ်ဖြစ် ခုနက ဆူညံသံဟာ အဲဒီအဝတ်လျှော်စက်က လာတယ်ဆိုတာ ဟုတ် မဟုတ်၊ စက်ကို တယောက်ယောက်က လည်ပတ်စေခဲ့တာ ဟုတ် မဟုတ် သေသေချာချာ သိရဖို့လိုတယ်။ ဒါကြောင့် အနားကို သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အနားရောက်တော့ အသံတွေ ပိုညံလာတယ်။ ဟုတ်တာပေါ့ ခုနက ကြားရတဲ့ ရထားသံလိုလို အသံဟာ အဲဒီအဝတ်လျှော်စက်ဆီက ထွက်နေတဲ့ အသံပဲ။ ခိုင်လုံတဲ့ အဖြေတခု ရလိုက်တာမို့ နည်းနည်း စိတ်သက်သာသွားတယ်။ 

ဒါနဲ့ စက်ကို မျက်နှာချင်းဆိုင်ပြီး ထိုင်ချလိုက်တယ်။ တံခါးဝိုင်းနဲ့ မျက်နှာနဲ့ တတန်းထဲ ဖြစ်သွားတယ်။ တံခါးကနေတဆင့် အထဲကို မြင်နေရတယ်။ အထဲမှာ အရောင်အသွေးစုံလင်တဲ့ အဝတ်စတွေ တရစ်ပြီးတရစ် ပျော်ပျော်ပါးပါး လည်ပတ်နေကြတာဟာ ရောင်စုံပန်းပွင့်ဝိုင်းဝိုင်းကြီး တပွင့်လိုပဲ။ သူတို့နဲ့ အတူတူ ကိုယ်ပါ ရောနှောပျော်ရွှင်လာတယ်။ ကြားနေရတဲ့ အသံကိုလည်း အနည်းငယ် နှစ်လိုစ ပြုလာတယ်။ ကြည့်ပါအုံး… ပျော်စရာကောင်းလိုက်တာ၊ မျက်စိရှေ့မှာ ပန်းပွင့်တွေ၊ ရောင်စုံပန်းပွင့်တွေ၊ အရောင်တမျိုးပြီး တမျိုး၊ အဆင်တမျိုးပြီး တမျိုး ရောနှောပြောင်းလဲနေတဲ့ ပန်းပွင့်တွေ။ ကြည့်နေရင်းမှာ ပန်းရောင် ပွင့်ချပ်တွေ၊ မကြာခင်မှာ အဖြူရောင်ကို နက်ပြာက အနားကွပ်ထားတဲ့ ပွင့်ချပ်တွေ၊ နောက်တခါ ရိုးတံ စိမ်းစိမ်းနဲ့ အနီရောင် နှင်းဆီတွေ၊ အဝါရောင် ကျူးလစ်ပန်းတွေ… ရောင်စုံပန်းခင်းကြီးထဲမှာ ပန်းရောင်စုံတွေ တဖျတ်ဖျတ်နဲ့။ ကိုယ် ပျော်ရွှင်မှုနဲ့အတူ လက်ခုပ် လက်ဝါးတီးပြီး အသံထွက်အောင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိတယ်။ အနားမှာ ဘယ်သူမှ ရှိမနေဘူး၊ ကိုယ့်ကို ဘယ်သူမှ ကြည့်မနေဘူး ဆိုတာ သိနေပေမဲ့ မလုံမလဲ ဘေးကို ငဲ့ကြည့်လိုက်မိတယ်။ ပြီးတော့ ကိုယ့်ရယ်သံကို ကိုယ်တိုင်သဘောကျပြီး အားရဝမ်းသာ ဆက်ရယ်နေလိုက်တယ်။

ကြည့်ကောင်းကောင်းနဲ့ ကြည့်နေရင်းမှာ စက်ရဲ့လည်ပတ်နေတဲ့နှုန်းက တဖြည်းဖြည်း ပိုမြန်လာတယ်။ ပြီးတော့ အဲဒီ စတီးလ်ရောင်ဘောင်ကွပ်ထားတဲ့ တံခါးအဝိုင်းကပါ အထဲက အဝတ်တွေနဲ့ အတူတူ တချက်ပြီး တချက် လိုက်လည်လာတယ်။ အဲဒီတံခါးချပ် လည်နေလိုက်တဲ့အသံဟာ လေချွန်သံလိုလို တရွှီရွှီနဲ့၊ ခုနက ကြားနေရတဲ့ ရထားသံလို အသံမျိုးထဲမှာ အဲဒီအသံဆန်းတခုပါ ပူးတွဲပါလာတာ။ မဟုတ်သေးပါဘူး… ဒီတံခါးက ဒီလိုလည်စရာ ဘာအကြောင်းရှိလို့လဲ။ တံခါးဆိုတာမျိုးဟာ ဟန်နဲ့ ပန်နဲ့ တည်တည်တံ့တံ့ အိနြေ္ဒသိက္ခာနဲ့နေရတဲ့ ပစ္စည်းမျိုး မဟုတ်ဘူးလား။ တပ်ဆင်အသုံးပြုထားတဲ့ နေရာဒေသနဲ့ လိုအပ်ချက်တွေကို လိုက်လို့ အမျိုးအမည်၊ အရွယ်အစား၊ ပုံပန်းသဏ္ဍာန် မတူညီကြသော်လည်း တံခါးတခုချင်းစီမှာ ဘယ်သူနဲ့မှ မတူတဲ့၊ ဘယ်သူ့ဆီမှာမှာ မရှိနိုင်တဲ့ တင်းကျပ်လုံခြုံမှု၊ စည်းစနစ်ကျမှုနဲ့ သေသပ် ခန့်ညားတဲ့ အရှိန်အ၀ါမျိုးကို ပိုင်ဆိုင်ကြတာချည်း မဟုတ်ဘူးလား။ ဘာလို့များ သူများလည်တိုင်း လွယ်လင့်တကူ လိုက်လည်နေရတာပါလိမ့်။ အတွေးတွေနဲ့အတူ မျက်လုံးကိုပွတ်ပြီး နောက်တကြိမ် သေသေချာချာ ပြန်ကြည့်တယ်။ ဟုတ်တယ် ကိုယ် မြင်တာ မမှားဘူး… အ၀တ်လျှော်စက်ရဲ့ တံခါးအဝိုင်းက တကယ်လည်နေတာပဲ၊ လည်တာမှ တရစ်ပြီး တရစ် တပတ်ပြီး တပတ်ကို မွှတ်နေအောင်ကို လည်တာ။ တဖြည်းဖြည်းနဲ့ လည်နေတဲ့ အရှိန်ကလည်း မြန်သည်ထက် မြန်လာတယ်။ စက်ရဲ့ ကိုယ်ထည်ကလည်း တလစပ် တုန်ခါလာတယ်။ စိတ်ထဲမှာတွေးနေတာက အခုလို တုန်ယင်နေတဲ့စက်ကို အသာ ဖက်ထားလိုက်ရင် ငြိမ်သွားမလား၊ တုန်ခါနေတာ သက်သာသွားမလားလို့ပဲ။ ကိုယ့်အတွေးကို ကိုယ်တိုင် ပြန်သဘောကျမဆုံးဖြစ်ပြီး နောက်ထပ်တကြိမ် အားပါးတရ ရယ်မောမိပြန်တာ။

* * * * * * *

အဆက်မပြတ် လည်ပတ်နေတဲ့ စက်ရဲ့ အသံ၊ ပြီးတော့ တံခါးချပ် လည်နေတဲ့အသံနဲ့ စက်ရဲ့ တုန်ယင်လှုပ်ရှားမှုတွေ ပေါင်းစပ်လိုက်တဲ့အခါမှာ ဘယ်တုန်းကမှ မကြားဖူးတဲ့ အသံဆန်းဆန်းတမျိုး ပေါ်ထွက်လာတာတယ်။ မြင်နေရတဲ့ အဝိုင်းထဲမှာတော့ ရောင်စုံပန်းပွင့်တွေ တပွင့်ပြီး တပွင့် မရပ်မနား ပွင့်နေဆဲ။ အဲဒီအချိန်မှာ ခေါ်သံတခု ကြားရတယ်။ သိပ်မသံကွဲတာမို့ နားစိုက်ထောင်ကြည့်တယ်။ နောက်တခါ ထပ်ခေါ်ပြန်တယ်။ ဒါ ကိုယ့်နာမည်ကို ခေါ်နေတာပဲ။ ခေါ်နေတာမှ ပီပီသသကြီးကို ခေါ်နေတာ။ အသံလာရာကလည်း အဲဒီ တံခါးချပ်ဆီကပဲ။ စက္ကန့်ပိုင်းအတွင်းမှာ ခေါ်နေတဲ့ အသံက ပိုကျယ်လာတယ်၊ ပြီးတော့ ပိုပြီး ကြည်လင်ပြတ်သားလာတယ်။ တယောက်ယောက်က တံခါးအပြင်ကို ခေါင်းထွက်ပြီး လာခေါ်နေသလိုကို ပီပီသသကြီး ကြားလာရတာ။ အသံကို နားစိုက်နေရင်း တံခါးရဲ့ အတွင်းဖက်ထဲကို လှမ်းကြည့်လိုက်တော့ ခုနက မြင်နေရတဲ့ ပန်းပွင့်တွေထဲမှာ ရုတ်တရက် နှင်းလို ဖြူဖြူအရာတွေ ဖုံးလွှမ်းသွားလိုက်တာ မြင်နေရသမျှ မြင်ကွင်းဟာ ဖွေးဆွတ်နေတဲ့ နှင်းပြင်ကြီး ဖြစ်သွားတော့တာပဲ။ ရောင်စုံပန်းပွင့်တွေလည်း နှင်းတွေကြားထဲမှာ ပျောက်ချင်းမလှ ပျောက်ဆုံးသွားတော့တယ်။ အဲဒီအချိန်မှာ ခေါ်နေတဲ့အသံဟာ ဆက်တိုက်ဖြစ်လာရုံတင်မက ရုတ်တရက် ၀ုန်း ဆို တံခါးပွင့်လာတယ်။ ပွင့်လာတဲ့ တံခါးကနေ နှင်းစက်တွေဟာ အရှိန်ပြင်းပြင်းနဲ့ သွန်ချလိုက်သလို ဖွေးကနဲ ထွက်ကျလာတယ်။ ပြီးတော့ ထပ်ခါတလဲ ကြားနေရတဲ့ ခေါ်သံက တကယ့်ကို နီးနီးကပ်ကပ်ကနေ ခေါ်လိုက်သလိုပဲ။ ဒါနဲ့ ဘာမှ ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ပဲ ချစ်စရာ ရောင်စုံပန်းပွင့်တွေရှိတဲ့နေရာ၊ အဖြူရောင် နှင်းပွင့်တွေ ရှိတဲ့နေရာထဲကို ကျေကျေနပ်နပ်ကြီး တိုးဝင်သွားလိုက်တော့တယ်။ 

ဖွေးဆွတ်အောင် ကျနေတဲ့ နှင်းတွေကြားထဲမှာ ပန်းရောင်စုံတွေဟာ ချမ်းခိုက်ပြီး တုန်ယင်နေကြတာ တွေ့ရတယ်။ ပွင့်အာနေတဲ့ နီညိုရောင်ရင့်ရင့် ပန်းပွင့်လေးက မင်းရော မချမ်းဘူးလား လို့ ကိုယ့်ကို ခပ်တိုးတိုး မေးလာတယ်။ နှင်းပွင့်တွေ တွေ့လို့ ပျော်နေတာ ချမ်းဖို့တောင် မေ့နေတယ်လို့ ပြန်ပြောလိုက်တော့ သူက အက်ရှရှအသံနဲ့ ရယ်တယ်။ နှင်းတွေနဲ့ ပျော်နေလိုက်တာ အချိန်တွေ ဘယ်လောက် ကုန်သွားတယ်ဆိုတာ ကိုယ် တကယ် မသိပါဘူး။ ပြီးတော့ နှင်းတွေကြားထဲမှာ ဆော့ရင်း မောပြီး အိပ်ချင်လာတယ်။ အိပ်ရာကနိုးရင် ပြန်ဆော့ကြမယ် နှင်းကလေးတွေရေ လို့ နှုတ်ဆက်ပြီး တခဏ အိပ်မောကျသွားတယ်။ ဒါပေမဲ့ နိုးလာတဲ့အချိန်မှာ ဖွေးဆွတ်ဆွတ် နှင်းပွင့်လေးတွေ မရှိကြတော့ဘူး။ နှင်းတွေ ဘယ်ပျောက်သွားပါလိမ့်လို့ အကဲခတ် စူးစမ်းနေတုန်းမှာ ခုနက ချမ်းအေးတုန်ယင်နေကြတဲ့ ပန်းရောင်စုံတွေက ခေါင်းတမော့မော့နဲ့ မင်္ဂလာပါ လို့ တညီတညာထဲ နှုတ်ဆက်ကြတယ်။ နှင်းတွေကို နှမြောတသစွာ လိုက်ရှာနေချိန်မို့ သူ့ရဲ့နှုတ်ဆက်စကားကို ခွန်းတုံ့မပြန်ဖြစ်ဘူး။ အဲဒီအချိန်မှာ တလက်လက်တောက်ပနေတဲ့ အဝါရောင် ကျူးလစ်ပန်းအငုံကလေးက လာပြောတယ်။ နှင်းတွေ ကုန်သွားပြီ အိမ်တွင်းပုန်းနေစရာ မလိုတော့ဘူး လွတ်လွတ်လပ်လပ်နေ၊ ပျော်သလိုသာ နေနော် တဲ့။ ယောင်နနနဲ့ ကိုယ် ခေါင်းညိတ်ပြလိုက်တယ်။ ဒါပေမဲ့ ပန်းရင့်ရောင် တိုက်ဂါးလီလီ ပန်းပွင့်ကြီးကတော့ သူ့အသံသြသြကြီးနဲ့ လှမ်းပြောတယ်… မကြာခင် မိုးတွေရွာတော့မှာ သေချာသတဲ့။ မိုးလုံတဲ့ နေစရာနေရာ တခု အမြန် ရှာထားပေတော့ တဲ့။ 

သူ့စကား မဆုံးခင်မှာပဲ လေနည်းနည်းတိုက်လာတယ်။ ပြီးတော့ လေနဲ့အတူ မိုးစက်မိုးပေါက် သေးသေးလေးတွေ တပေါက်နှစ်ပေါက် ကျလာတာ သိလိုက်တယ်။ ခုနက တိုက်ဂါးလီလီပွင့်ကြီးကတော့ ငါ မပြောလား ဆိုတဲ့ ပုံစံမျိုးနဲ့ မိန့်မိန့်ကြီး ပြုံးလို့။ မိုးစက်တွေကို အံ့သြတကြီး ငေးကြည့်နေတုန်းမှာ အညိုရောင်ဖျော့ဖျော့ မှိုပွင့်ကြီးက ကလေးမ… လာ လာ ဒီမှာ မိုးလာခိုလှည့်… လို့ လှမ်းခေါ်တယ်။ ကြီးမား ကျယ်ပြန့်တဲ့ မှိုပွင့်ကြီးအောက်ကို အပြေးကလေးသွားပြီး မိုးခိုနေရင်းက မိုးရေတွေ စိုစိုရွှဲနေတဲ့ ရောင်စုံပန်းပွင့်တွေကို လှမ်းကြည့်မိတယ်။ မိုးရွာနေပေမဲ့ သူတို့အားလုံး ပျော်နေကြတာပဲ။ တဝေါဝေါ ရွာသွန်းနေတဲ့ မိုးသံတွေအောက်မှာ သီချင်းတွေ ဆိုရင်း တပျော်တပါး ယိမ်းထိုး ကခုန်နေကြတာ။ သူတို့ကို ကြည့်ရင်း ကိုယ်ပါ အလိုလို မြူးတူး ပျော်ရွှင်လာတယ်။ ဒါနဲ့ မှိုပွင့်ကြီး အောက်က ထွက်၊ မိုးရေစက်တွေကြားထဲကို တိုးဝင်သွားပြီး ရောင်စုံပန်းကလေးတွေနဲ့ အတူတူ ရောနှော ကခုန်နေမိတယ်။ မိုးသံတွေနဲ့အတူ နားထဲမှာ ပျော်စရာ သီချင်းသံတွေ ပြည့်နှက်လို့။ အရင်က ကြားနေကျ အမည်မဖေါ်နိုင်တဲ့ အသံဆန်းဆန်းတွေ မကြားရတော့ပဲ ပန်းကလေးတွေရဲ့ စကားသံတွေ၊ ရယ်မောသံတွေ၊ မိုးစက်တွေရဲ့ တေးသံတွေ၊ ပျော်စရာ သီချင်းသံတွေပဲ နားထဲမှာ ပြည့်လျှံနေတော့တယ်။ နေထိုင်ရှင်သန်လာခဲ့ရတဲ့ ဘ၀တလျှောက်မှာ တခါမှ ဒီလောက် မပျော်ဖူးဘူးလို့ ကိုယ်ဟာ့ကိုယ် သိနေတယ်။ 

မိုးက ဗြုန်းဆို ရုတ်တရက် တိတ်သွားတယ်။ တပျော်တပါး ကခုန်နေကြတဲ့ ပန်းကလေးတွေရဲ့ ချစ်စဖွယ် အကပဒေသာလည်း တိ ကနဲ ရပ်သွားတယ်။ သီချင်းသံတွေအားလုံးလည်း တိတ်ဆိတ်၊ တိတ်ဆိတ်တာမှ အသံတွေ အကုန်လုံး ဘာဆိုဘာမှ မကြားရတော့တာ၊ ပြောရရင် ပတ်ဝန်းကျင်တခုလုံး အပ်ကျသံတောင် မကြားရတော့လောက်အောင်ကို တိတ်ဆိတ်သွားတယ်။ အဲဒီလို အသံတွေတိတ်သွားပြီး စက္ကန့်အနည်းငယ်အကြာမှာတော့ အလင်းရောင်တွေ အားလုံးလည်း ပျောက်ဆုံးပြီး ဘာဆိုဘာမှ မမြင်ရတော့အောင် မှောင်အတိ ကျသွားခဲ့တယ်။ ထိတ်လန့်တုန်လှုပ်စပြုလာတဲ့ စိတ်ကို ကြိုးစားပြီး တည်ငြိမ်အောင် နေကြည့်တယ်။ ပြီးတော့ ပါးစပ်ကနေ အသံထွက်ကြည့်ဖို့ ကြိုးစားတယ်။ စောစောက စကားလာပြောတဲ့ နီညိုရောင် ပန်းပွင့်လေး၊ ဒါမှမဟုတ် အဝါရောင်ကျူးလစ်ပန်းအငုံ၊ ဒါမှမဟုတ် အသံသြရှရှနဲ့ ပန်းရင့်ရောင် တိုက်ဂါးလီလီပန်းပွင့်ကြီး၊ ပြီးတော့ မိုးကာပေးတဲ့ မှိုပွင့်ကြီး တယောက်မဟုတ် တယောက်ကို ခေါ်ကြည့်ချင်တယ်။ ဒါပေမဲ့ အသံတွေက လည်ချောင်းဝမှာတင် ပျောက်ဆုံးသွားတယ်။ ကိုယ်ကတော့ အသံထွက်အော်လိုက်တာပဲ၊ ဒါပေမဲ့ အသံဟာ အပြင်ကို ရောက်မသွားပဲ လမ်းခုလတ်မှာတင် ပျောက်ဆုံးလို့။ နားထဲမှာ ဘာသံမှ မကြားရတော့တာ သိပ်ဆန်းကြယ်တာပဲ။ 

* * * * * * *

ဘာကိုမှ မကြားရ၊ ဘာကိုမှ မမြင်ရနဲ့ အချိန်တွေလည်း ဘယ်လောက် ကုန်သွားတယ် မသိဘူး။ အိပ်ခန်းပြတင်းဝမှာ အစာလာစားနေကျ အဝါရောင် ငှက်လှလှလေးနှစ်ကောင် ပျံလာတာကို ရုတ်တရက် တွေ့လိုက်ရတယ်။ ခါတိုင်းဆို သူတို့ရဲ့ စကားသံ ကျလိ ကျလိကို မကြားချင်မှ အဆုံး၊ အခုတော့ သူတို့လည်း တိတ်ဆိတ်လို့ပါလား။ ပြီးတော့ ဘေးဘီဝဲယာကို လိုက်ကြည့်မိတယ်။ နားထဲမှာ ကြားနေကျ အသံတွေ၊ ကြားနေမကျတဲ့ အသံတွေ၊ ထူးခြား ဆန်းပြားတဲ့ အသံတွေ ဘာဆို ဘာမှ မကြားရတော့ဘူး၊ ပြီးတော့ ခုနက အသံညံနေတဲ့ အဝတ်လျှော်စက်၊ သူနဲ့အတူ လိုက်လည်နေတဲ့ တံခါးအဝိုင်း၊ သီချင်းသံ ကျယ်ကျယ်လောင်လောင်နဲ့အတူ ကခုန်နေတဲ့ ရောင်စုံပန်းပွင့်တွေ၊ တယောက်ယောက်က ကိုယ့်နာမည်ကို ပီပီသသ ခေါ်လိုက်တဲ့အသံ၊ အဖြူရောင် နှင်းပွင့် အဆုပ်အခဲတွေ၊ သည်းသည်းမဲမဲ ရွာချလိုက်တဲ့ မိုးရေစက်တွေ၊ မိုးတိတ်ပြီးချိန်မှာ အမှောင်အတိ ကျသွားတာတွေ…။ ဘယ်ရောက်ကုန်ကြပြီလဲ။

အိပ်ရာထဲမှာ လှဲလျောင်းနေရာကနေ ထပြီး ပြတင်းပေါက်ကို တွန်းဖွင့်လိုက်တယ်။ ဆန်စေ့တွေ ထည့်ထားတဲ့ အနက်ရောင် ယွန်းခွက်ကလေးထဲက ဆန်စေ့နည်းနည်းယူပြီး ဝရန်တာ ဘောင်ပေါ်မှာ ခပ်ကျဲကျဲ ပက်ချပေးလိုက်တယ်။ စားစရာ တွေ့သွားရင် ငှက်ကလေးတွေဆီက ကြားနေကျ စကားသံတွေ ထွက်လာမှာပဲလို့ တွေးမိတာ မှားသွားတယ်။ သူတို့နှစ်ကောင်ဟာ စားစရာရှိတာကို အသံမထွက်ပဲ စားနေကြတယ်။ ပတ်ဝန်းကျင်တခုလုံးကလည်း ငြိမ်သက် တိတ်ဆိတ်လို့။ ပြတင်းပေါက်ကနေ ခွာပြီး အိမ်အနောက်ဖက်မှာ ချထားတဲ့ အဝတ်လျှော်စက်ဆီကို တလှမ်းချင်း ပြီးတော့ မရဲတရဲနဲ့ သွားကြည့်တယ်။ သူ့နေရာမှာသူ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် ရှိနေတဲ့ အဝတ်လျှော်စက်ကို တွေ့လိုက်ရတော့ ကိုယ့်နားကို ကိုယ် မယုံသင်္ကာနဲ့။ ဒါဆို ခုနက ဆူဆူညံညံနဲ့ အသံတွေဟာ သူ့ဆီက မဟုတ်ဖူးပေါ့။ ရုတ်တရက် တွေသွားတယ် ပြီးတော့ အထိတ်တလန့်နဲ့။ 

အကြားအာရုံကို ခံစားနိုင်တဲ့ နားရွက်ဆိုတဲ့အရာတွေ ရှိမှ ရှိသေးရဲ့လားဆိုတာကို စမ်းသပ်ကြည့်ဖို့ လက်တွေကို မြှောက်လိုက်တယ်။ ထိတ်လန့်စိုးရိမ်စိတ်ကြောင့် တ၀က်တပျက်နဲ့ လေထဲမှာ ရပ်တန့်သွားတဲ့ လက်တွေကို နားရွက်နားကို ရောက်အောင် ကြိုးစားပြီး ရွှေ့ယူလိုက်တယ်။ ဘုရားရေ… နားရွက်တွေကို စမ်းလို့ မရပါလား… နားရွက်တွေကို ရှာလို့ မတွေ့တော့ဘူး… တကယ်ပဲ နားရွက်တွေ မရှိတော့ဘူးလား။ ဒါမှမဟုတ် လက်ချောင်းတွေက ခံစားမှုကင်းမဲ့ပြီး ထုံကျဉ်နေတာများလား။ အဲဒီလိုတွေးပြီး လက်ဝါးနှစ်ဖက်ကို စူးစူးစိုက်စိုက် ငုံ့ကြည့်လိုက်မိတယ်။ မဟုတ်သေးပါဘူး ဒီလက်တွေက ပုံမှန်ပါ၊ ခုနက တုန်ခါနေတဲ့ အ၀တ်လျှော်စက်ကိုတောင် ဒီလက်တွေနဲ့ ထိန်းထားခဲ့သေးတာပဲ မဟုတ်လား။ မရေမရာ အတွေးတွေနဲ့ တွေဝေပြီး စက္ကန့်နည်းနည်း ငြိမ်နေမိတယ်။ ခဏနေတော့ လက်နဲ့စမ်းလို့ မတွေ့တဲ့ နားရွက်တစုံကို မှန်ထဲကနေ တဆင့် ရှာဖွေလို့ ရနိုင်တာပဲဆိုတဲ့ အသိတချက် လင်းကနဲ ၀င်လာတယ်။ ဒါနဲ့ မှန်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခြေစုံရပ်နေတဲ့နေရာကနေ မှန်ထားတဲ့နေရာဆီ မရောက်ခင် စပ်ကြားမှာ ရထားခဲ့ဖူးတဲ့ ဘုရားစာတချို့ကို တပိုင်းတစ ရွတ်လိုက်မိသေးသလိုပဲ။ မှန်အနားကို ရောက်တော့ ရုတ်တရက် မကြည့်ရဲသေးဘူး ကိုယ့်နှလုံးခုန်သံကို ကိုယ်တိုင်ပြန်ကြားနေရတယ်။ ရင်တထိတ်ထိတ်နဲ့ မှန်ကို မျက်နှာချင်းဆိုင်၊ အကြည့်တွေကို နားရွက်ရှိရာနေရာကို ဖြည်းဖြည်းလေး၊ ပြီးတော့ မရဲတရဲနဲ့ ရွှေ့လိုက်တယ်။ 

အိုး… မှန်ထဲမှာ တွေ့လိုက်ရတဲ့ ကိုယ့်ပုံရိပ်ကို သေချာအောင် အခါခါ အထပ်ထပ်ပြန်ကြည့်ရင်း အင်မတန် ၀မ်းသာ ပျော်ရွှင်သွားတယ်။ ဟုတ်တယ်… ကိုယ်လိုက်ရှာနေတဲ့ နားရွက်တွေဟာ မျက်နှာရဲ့ ဘယ် ညာ တဖက်တချက်စီမှာ ပုံမှန်အနေအထားနဲ့ နေရာမှန်မှန် ချိတ်တွယ်လို့ပါပဲ။ တဆက်တည်းမှာ အဲဒီနားရွက်တွေဟာ အသံတွေကို ကြားနိုင်စွမ်းရှိသေးရဲ့လားဆိုတာ သိရဖို့ အနီးစပ်ဆုံး စမ်းသပ်မှုအနေနဲ့ အိမ်ဝက လူခေါ်ခေါင်းလောင်းလေးကို သွားလှုပ်ကြည့်တယ်။ ခေါင်းလောင်းလေးဆီက ချိုလွင်တဲ့ အသံသာသာကို ကြားလိုက်ရတော့ ဘယ်လောက် စိတ်အေးသွားတယ်ဆိုတာ ပြောမပြတတ်အောင်ပါပဲ။ အဲဒီနောက်မှာ ဝမ်းသာပျော်ရွှင်မှုတွေနဲ့အတူ အသံတိုးတိုးထွက်လို့ ရယ်မောလိုက်မိတယ်။ ကိုယ့်ရယ်သံကို ကိုယ်တိုင် ပီပီပြင်ပြင် နားနဲ့ဆတ်ဆတ် ပြန်ကြားလိုက်ရတဲ့အခါ ကိုယ်ဟာ ကုန်လွန်ခဲ့တဲ့အချိန်တွေမှာ ရယ်မောခြင်းကို မေ့လျော့နေခဲ့သူ တယောက်ပါလားလို့ သတိပြန်လည်လာတယ်။ ပြီးတာ့ ကိုယ့်ရယ်သံကို ကိုယ်တိုင် နားထောင်ရတာ အရသာတွေ့ပြီး ရယ်ပြီးရင်း ရယ်… မရပ်မနား ရယ်မောနေမိတော့တာ…။

သက်ဝေ
(၈ မတ် ၂၀၁၅)

- ၂၀၁၅ ဇူလိုင်လ - Idea မဂ္ဂဇင်း နှစ်ပတ်လည် အထူးထုတ် တွင် ဖေါ်ပြပြီးဖြစ်သည်။

အ နီေ ရာ င် နှ င်း ဆီ ပွ င့် များ နှ င့် အ တူ - ၁

$
0
0
မင်း ရောက်တဲ့နေရာတိုင်းမှာ အနီရောင်ရင့်ရင့် နှင်းဆီပွင့်လေးတွေကို ရှာကြည့်ပါ… ပန်းကလေးတွေဟာ ကိုယ့် ကိုယ်စား မင်းကို နှုတ်ဆက်နေကြလိမ့်မယ်လို့ သူက ဆိုခဲ့တယ်။ ဆိုခဲ့တဲ့အတိုင်းပါပဲ… ဟိုတယ်ထဲကို ၀င်ဝင်ချင်း ကျွန်မ တွေ့လိုက်ရတာက ကြက်သွေးရောင်ဖက်ကို ရောက်လု ရောက်ခင်ဖြစ်နေတဲ့ ချစ်စဖွယ် နှင်းဆီပွင့်တွေ။ ခရီးစဉ်အတွက် စိတ်လှုပ်ရှား ပျော်ရွှင်မှုရယ်၊ နှင်းဆီနီတွေကို မြင်လိုက်ရလို့ ၀မ်းသာကြည်နူးမှုတွေရယ်က ကျွန်မရဲ့ ညနေခင်းကို ပြည့်စုံလှပသွားစေတယ်။ ကျွန်မ နှင်းဆီတွေအနားကို သွားပြီး ချစ်စရာ ပွင့်ဖတ် နီညိုလေးတွေကို အသာ ထိတွေ့လို့ နှုတ်ဆက်လိုက်တယ်။ ပြီးတော့ ပျော်ရွှင်ကြည်နူးတဲ့ စိတ်အစဉ်နဲ့ ကျေးဇူးတင်ပါတယ် နှင်းဆီတွေရယ် လို့ ပြောခဲ့လိုက်တယ်။
(ကျွန်မကို ကြိုနေကြတဲ့ နှင်းဆီတွေထဲက ချစ်စရာ နှင်းဆီ နှစ်ပွင့်)

တကယ်ဆို ကျွန်မ ရောက်နေတဲ့နေရာဟာ နှင်းဆီတွေနဲ့ လုံးဝ မသက်ဆိုင်ဘူးလို့ ဆိုရမဲ့ နေရာ။ အဲဒီလို မသက်ဆိုင်တဲ့နေရာမှာ သူ စေလွှတ်ထားတဲ့ နှင်းဆီတွေ ကျွန်မအနားကို ကြိုရောက်နေကြတာ ဘယ်လောက်အံ့သြစရာ ကောင်းလိုက်သလဲနော်။ ဟုတ်ပါတယ်… ကျွန်မ အခု ရောက်နေတဲ့နေရာက အင်ဒိုနီးရှားနိုင်ငံရဲ့ အထင်ကရ ကမ်းခြေလေးတခု၊ နိုင်ငံတကာက ခရီးသွားဧည့်သည်တွေနဲ့ အစဉ်အမြဲစည်ကားနေတဲ့ ဘာလီ ကမ်းခြေပါ။

မြို့တော် Denpasar မှာ ရှိတဲ့ လေယာဉ်ကွင်းကို ဆင်းဆင်းချင်း တွေ့လိုက်ရတာက ထုထည်ကြီးမားခိုင်ခံ့ပြီး အနုပညာလက်ရာမြောက် ထွင်းထုထားတဲ့ အုတ်တံတိုင်း အနီရောင်တွေ၊ ဟိုတယ်ကို အသွား လမ်းတလျောက်မှာ တွေ့ရတဲ့ လူနေအိမ်တွေ ရုံးတွေ စာသင်ကျောင်းတွေ အားလုံးမှာ အဲဒီလို အုတ်ရိုးတွေ ကိုယ်စီကာလို့။ တကယ်ကို လက်မှုပညာ အနုအလှလက်ရာတွေနဲ့ တည်ထားတဲ့ စိတ်ဝင်စားစရာ ကျွန်းမြို့ကလေး တမြို့ပါလားလို့ သဘောတကျ တွေးနေမိတယ်။
(ဘာလီကျွန်းလေးရဲ့ မြို့တော် Denpasar မှာ ရှိတဲ့ လေယာဉ်ကွင်းက အထွက်)
(ဒါကတော့ ကျွန်မ တည်းခိုမဲ့ Kuta Paradiso Hotel ပါ)

ပြောခဲ့သလိုပါပဲ… ဟိုတယ်ကိုရောက်တော့ ကျွန်မကို ကြိုနေတဲ့ နှင်းဆီတွေကို နှုတ်ဆက်ပြီး ကျွန်မ နေရမဲ့ အခန်းထဲကို ၀င်လာခဲ့တယ်။ အခန်းထဲကို ၀င်ဝင်ခြင်း တွေ့လိုက်ရတာက ကြက်သွေးရောင်ရင့်ရင့် ပန်းတပွင့်ပါတဲ့ ပန်းအိုးအပြာကလေး။ အို... ဒါကရော သူ ပို့ထားတဲ့ ပန်းကလေးပဲလားလို့ တွေးပြီး ကျွန်မ ကြည်နူး ပျော်ရွှင်သွားပြန်တယ်။ ဒီမှာကြည့်ပါအုံး...
(ကျွန်မ နေရမဲ့ အခန်းထဲက ပန်းအိုးကလေး)

အခန်းထဲမှာ ပစ္စည်းတွေကို နေရာချနေစဉ်မှာပဲ တံခါးခေါက်သံကြားတယ်။ ဖွင့်ကြည့်လိုက်တော့ Kuta Paradiso Hotel က လှိုက်လှဲစွာ ကြိုဆိုပါတယ် လို့ ခေါင်းလေးညွှတ်ရင်း ပြောပြီး Welcome Drinks လာပေးနေတဲ့ ဘာလီကျွန်းသူလေး နှစ်ယောက်ကို တွေ့ရတယ်။ သူတို့ကို ကျေးဇူးတင်စကားပြောပြီး သူတို့ယူလာပေးတဲ့ နာနတ်ဖျော်ရည် နှစ်ခွက် ကြည့်ရင်း သူ တခွက် ကိုယ်တခွက်ပေါ့ အခန့်သင့်လိုက်လေ လို့ တွေးပြီး သဘောတကျ ပြုံးရပြန်တယ်။
(Welcome Drinks နာနတ်သီးဖျော်ရည်)

အရသာရှိတဲ့ နာနတ်ဖျော်ရည်ကို သောက်၊ ခဏ နားပြီး နောက်ရက်တွေအတွက် ခရီးစဉ်ဆွဲဖို့ အောက်ကို ပြန်ဆင်းလာခဲ့တယ်။ ဒီခရီးအတွက် ကျွန်မ စီစဉ်ခဲ့တာက အသွားအပြန် လေယာဉ်ပျံလက်မှတ်ရယ်၊ လေးရက်စာ ဟိုတယ်အခန်းရယ်ပါ။ ကျွန်မ သွားချင်တဲ့နေရာတွေကို လွတ်လွတ်လပ်လပ် သွားနိုင်ဖို့အတွက် Package Tour ကို ကြိုတင် မစီစဉ်ခဲ့ပါဘူး။ Free & Easy ပဲ ဆိုပါတော့။

ဟိုတယ်အောက်ထပ်မှာ အစီအရီရှိနေတဲ့ စားပွဲလေးတွေကို တခုချင်း လိုက်လေ့လာလိုက်တော့ Spa ရယ်၊ Javanese Massage ရယ်၊ လက်သည်း ခြေသည်း အလှပြုပြင်တာတွေရယ်၊ နောက်ဆုံးမှာတော့ လက်ကမ်းကြော်ငြာလေးတွေ ထပ်ထားတဲ့ ခရီးသွားဝန်ဆောင်မှု။ ကျွန်မက သူတို့ ပြတဲ့နေရာတွေနဲ့ သူတို့ပြောတဲ့ Water Activity တွေကို စိတ်မ၀င်စားပဲ ကျွန်မ သွားချင်တဲ့နေရာတွေကို ပြောပြပြီး Tour Guide လည်း မလိုဘူးလို့ ဆိုတော့ ပထမ သူတို့ ကြောင်နေကြတယ်။ အင်္ဂလိပ်စကားကို ဖြေးဖြေးနဲ့ မှန်မှန် ကြိုးစားပြီး ပြောနေကြတဲ့ ဘာလီကျွန်းသူလေး နှစ်ယောက်၊ နောက်တော့ သူတို့ သဘောပေါက်သွားကြတယ်။ ကျွန်မကို ကားဆရာနဲ့ ကားတစီး မနက် ရှစ်နာရီကနေ ညနေ ခြောက်နာရီအထိ စီစဉ်ပေးမယ်၊ တရက်ကို ယူအက်စ်ဒေါ်လာ ခြောက်ဆယ်လို့ ဆိုတယ်။ ကျွန်မက နှစ်ရက် ငှားမယ်ဆိုတော့ သဘောကောင်းစွာနဲ့ တဆယ်လျှော့ပေးလိုက်လို့ နှစ်ရက်ကို ဒေါ်လာတရာနဲ့ ဈေးတည့်သွားခဲ့တယ်။

အဲဒီညနေမှာတော့ ကျွန်မ နေတဲ့ Kuta ဆိုတဲ့နေရာ အနီးတ၀ိုက်ကို လမ်းလျှောက်ကြည့်ပါတယ်။ ကမ်းခြေကို လျှောက်သွားတဲ့လမ်းပေါ်မှာ နေရောင်ခြည်က တလက်လက်တောက်ပနေတုန်းပဲ။ နေပူနေပေမဲ့ ကမ်းခြေကနေ ဖြတ်တိုက်လာတဲ့ လေကြောင့် ထူးထူးခြားခြား ပူနေတယ်လို့ မခံစားရဘူး။ အဲဒီ Kuta Beach မှာ နေ၀င်ချိန်ကို စောင့်ပြီး ဓါတ်ပုံရိုက်လို့ရတယ် လို့ ခုနက ဘာလီကျွန်းသူလေးနှစ်ယောက်က ပြောလိုက်တယ်။ သို့သော် ကူတာ ကမ်းခြေကို ရောက်သွားတဲ့အချိန်မှာ ကျွန်မ တော်တော် စိတ်ပျက်သွားတယ်။ ဒါလားဟဲ့ ဘာလီ လို့ အခါတသိန်း ရေရွတ်မိတယ်။ ကမ်းခြေတလျောက်မှာ ပြည့်နှက်နေတဲ့ လူတွေရယ်၊ ရောင်စုံ ပလတ်စတစ်အိတ်ခွံတွေ၊ ရေသန့်ဗူး အအေးဗူး အခွံတွေ နဲ့ ရုပ်ဆိုး အကျည်းတန်နေတဲ့ Kuta ကမ်းခြေပါ။
(လူတွေရဲ့ စည်းကမ်းမဲ့မှုကြောင့် အကျည်းတန်နေတဲ့ ကူတာ ကမ်းခြေ တနေရာ)

ဒီလောက်များတဲ့လူတွေကြားမှာ နေ၀င်ချိန်ကို ဓါတ်ပုံရိုက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တာ သေချာနေတဲ့အတွက် စိတ်ပျက်လက်ပျက်နဲ့ ကင်မရာကို အဖုံးပြန်ဖုံးလိုက်မိတယ်။ ပြီးတော့ ဒီလိုပဲ လူတွေကြားထဲ ဟိုကြည့်ဒီကြည့်နဲ့ လျှောက်လာခဲ့တယ်။ ကျွန်မ ချစ်တဲ့တိမ်တွေကတော့ အုပ်စုဖွဲ့လို့ လှလှပပ ကြိုဆိုနေကြပါတယ်။ ဒီအချိန်မှာတော့ တိမ်တွေကိုပဲ ကျွန်မ တိုးလို့ ချစ်သွားမိတယ်။ တော်တော် လှမ်းလှမ်းရောက်တော့ အမှိုက်သရိုက်ကင်းစင်တဲ့ ရေစပ်နဲ့ သဲပြင်ကိုတွေ့မှ ကျွန်မ နည်းနည်း ပြုံးနိုင်တော့တယ်။ လူတွေကတော့ ပြောမပြတတ်အောင် များနေတုန်းပဲ။ ဘာပဲဖြစ်ဖြစ် ရောက်တုန်း ခဏထိုင်မယ် ဆိုပြီး မျက်စိကစားလိုက်တော့ အအေးတို့ အုန်းရည်တို့ ဘီယာတို့ ရောင်းတဲ့ ဆိုင်ကလေးတွေ တွေ့တယ်။ သူတို့ဆီမှာ ၀ယ်ရင် အဲဒီနားမှာ ခင်းထားတဲ့ ခုံကလေးတွေမှာ ထိုင်လို့ရမယ် ဆိုတာနဲ့ လိမ်မော်ရည်တဗူးဝယ်ပြီး ထိုင်နေလိုက်တယ်။ ပတ်ဝန်းကျင်ကို မျက်စိကစားလိုက်တော့ ကမ်းခြေမှာ ရေကူးနေတဲ့သူတွေ၊ ရေစိမ်နေတဲ့သူတွေ၊ သဲတွေနဲ့ ဆော့နေတဲ့ ကလေးငယ်ကိုယ်စီနဲ့ မိသားစုတွေ၊ စွန်လွှတ်နေတဲ့လူကြီးတချို့နဲ့ လမ်းလျှောက်နေတဲ့ လူမျိုးခြား ခရီးသွားဧည့်သည်တွေကို တွေ့ရတယ်။

ခုံလေးမှာ ထိုင်၊ အအေးသောက်ရင်း ပင်လယ်ကို ငေးနေချိန်မှာ ပြဿနာက စ ပါတော့တယ်။ ခုံကလေးတွေမှာ ထိုင်လိုက်တာနဲ့ ကျွန်မအနားကို ၀ိုင်းအုံပြီး ရောက်လာကြတာကတော့ ခြေထောက်တွေ နှိပ်ပေးမယ် နှစ်ဒေါ်လာပဲ ပေးပါ လို့ ခြေဟန်လက်ဟန်နဲ့ ပြပြီး လာပြောတဲ့ အသက်ကြီးကြီး အမျိုးသမီးနှစ်ယောက်၊ ကျွန်မ အနောက်မှာရပ်နေတဲ့ တယောက်ကတော့ သိပ်မကြီးသေးဘူး၊ ဇက်ကို နှိပ်ပေးမယ် တဒေါ်လာပဲ ပေးပါ တဲ့။ ဘေးမှာကျပြန်တော့ ဘာလီရိုးရာ အ၀တ်အထည်တွေ၊ လုံချည်လို Wrap Around တွေရောင်းတဲ့ အမျိုးသမီးကြီး နှစ်ယောက် နဲ့ လက်မှာပတ်ရတဲ့ ကြိုးရောင်စုံလေးတွေ ရောင်းတဲ့ ကလေး နှစ်ယောက်။ ဒီကြားထဲ လေးနဲ့ မြား ရောင်းတဲ့ အမျိုးသားကြီးတယောက်တောင် အဆစ်ပါလိုက်သေး။ တယောက်ချင်းစီကို ဆယ်ခွန်းလောက် နိုး နိုး လို့ ငြင်းလိုက်ပြီး မျက်စိမျက်နှာ မကောင်းလှစွာနဲ့ သူတို့အားလုံး တရွေ့ရွေ့နဲ့ ထွက်သွားကြတဲ့အချိန်မှာ ကျွန်မ တော်တော်ကြီးကို အားကုန်သွားပါတယ်။ ဘေးဘီဝဲယာကို ကြည့်လိုက်တော့ ကျွန်မလို ခုံလေးတွေမှာထိုင်နေတဲ့ လူတွေအားလုံးဟာ ခြေထောက်အနှိပ်ခံတဲ့သူနဲ့ ဇက်တွေ ပုခုံးတွေ အနှိပ်ခံနေတဲ့သူတွေချည်း ဖြစ်နေတာ တွေ့ရတယ်။ ဘဝကို ဒီလိုနည်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ အနှိပ်သည်တွေကို စိတ်ထဲ သနား ဂရုဏာဖြစ်သလို လိုက်ကြည့်နေမိတယ်။ ဒါပေမဲ့သူတို့ကိုကြည့်ရတာ စိတ်ညစ်နေတဲ့ပုံ၊ သူတို့ရဲ့ အနေအထားကို စိတ်တိုင်းမကျဖြစ်နေတဲ့ပုံ၊ စိတ်ပျက်နေတဲ့ပုံ နည်းနည်းမှ မပေါက်ပဲ အေးအေးဆေးဆေး သက်တောင့်သက်သာ ရှိလှတာ သတိထားမိတယ်။ သူတို့ရဲ့ နှစ်သိမ့် ရောင့်ရဲနိုင်မှုဟာ သူတို့စိတ်တွေကို အေးချမ်းစေဟန်တူရဲ့။  အတုယူမယ်ဆို ယူချင်စရာပါ။

ဒီလိုနဲ့ ကမ်းခြေမှာ တနာရီလောက် လေတိုက်ခံပြီး ပြန်လာခဲ့တယ်။ လူတွေကြားထဲ ကင်မရာ မချိန်ရဲတာကြောင့် ဓါတ်ပုံကောင်းကောင်း မရိုက်ခဲ့ရပါဘူး။ အဲ… ဒါပေမဲ့ မှတ်မှတ်ရရ ဒါလေး တပုံတော့ ရခဲ့တယ်။ 
(ပုံထဲမှာပါတဲ့သူက ကျွန်မ ခုနက ပြောခဲ့တဲ့ လေးနဲ့ မြားတွေ လိုက်ရောင်းနေတဲ့သူပေါ့)

မြေပုံထဲမှာပါတဲ့ အညွှန်းအရ ကုတာ ကမ်းခြေနဲ့ မနီးမဝေးမှာရှိတဲ့ Beach Walk ဆိုတဲ့ စတိုးဆိုင်ကြီးရှိရာကို ညစာစားဖို့ လမ်းလျှောက်လာခဲ့တယ်။ လမ်းတလျှောက်မှာတော့ ဆိုင်ကယ်တွေ ကားတွေ လမ်းသွား လမ်းလာတွေနဲ့ ကြိတ်ကြိတ်တိုး စည်ကားနေလိုက်တာ။ လမ်းလျှောက်နေရင်းကနေ တနေရာရာမှာများ နှင်းဆီပွင့်တွေ တွေ့လေအုံးမလားလို့ မျက်စိကစားရင်း လိုက်ရှာနေမိသေးတယ်။ နှင်းဆီတွေတော့ မတွေ့ဘူး ဒါပေမဲ့ Starbucks ကော်ဖီဆိုင်တွေကိုတော့ တဆိုင်ပြီး တဆိုင် တွေ့ရတယ်။ StarBucks တဆိုင်တွေ့တိုင်း နှင်းဆီနီတပွင့်တွေ့သလို ပျော်ရွှင်မိတယ်။ အလွမ်းဆိုတဲ့ စကားလုံးကလည်း မဆီမဆိုင် ကျွန်မအနားမှာ တရစ်ဝဲ၀ဲနဲ့။ လမ်းတလျှောက် တွေ့သမျှ ကော်ဖီဆိုင်တိုင်းမှာ လူတွေကတော့ အပြည့်ပဲ။ ထမင်းမစားရသေးခင် ကော်ဖီသောက်ချင်နေတဲ့စိတ်ကို မြိုသိပ်ရင်း လမ်းဆက်လျှောက်လာခဲ့တယ်။
(ကူတာ ကမ်းခြေက ကော်ဖီဆိုင်တွေတန်းစီနေတဲ့ လမ်းမတနေရာ)

လမ်းတလျောက်မှာ ကျွန်မကို ဒုက္ခပေးတာကတော့ အများသူငါ သောက်သုံးနေကြတဲ့ စီးကရက် မီးခိုးငွေ့တွေပါ။ စီးကရက်ကို ကြိုက်တတ်ရင် စီးကရက်မီးခိုး မျက်စိထဲ ၀င်တာလောက်တော့ ခံနိုင်ရည်ရှိပါတယ်… ဆိုပေမဲ့ ကျွန်မမှ စီးကရက် မကြိုက်တတ်တာ၊ မီးခိုးနံ့တွေလည်း ဘယ် ခံနိုင်ပါ့မလဲ။ လမ်းကို သွက်သွက်လျောက်လာရင်း နောက်ဆုံးမှာ Beach Walk ကို ရောက်ခဲ့တယ်။ Zara / Mango / Pull & Bear / Tony Roma စတဲ့ ဆိုင်တွေ တွေ့တော့ ပြုံးမိတယ်။ အင်း.. သူတို့လည်း ဒီမှာ ရောက်နေကြပါလား လို့။ မိန်းမပီပီ ဈေးနှုန်းတွေ သိချင်စိတ်နဲ့ Zara ကို ၀င်ကြည့်မိတယ်။ ခေါင်းထဲက ဂဏန်းပေါင်းစက်တွေ အလုပ်လုပ်လို့ အပြီးမှာ စကာင်္ပူနဲ့ ဈေး အတူတူပဲ ဆိုတာ သိလိုက်တော့ ကျေနပ်သွားတယ်။ ဈေးသက်သာတယ်ဆို ဝယ်နေမိအုံးမှာလေ။

အဲဒီ ဆိုင်တွေကြည့်ပြီးတော့ ဘာလီကျွန်းရဲ့ အမှတ်တရပစ္စည်းတွေချည်းပဲ ရောင်းတဲ့ ဆိုင်တဆိုင်ကို တွေ့လို့ ၀င်ကြည့်ခဲ့ပါတယ်။ ကြိမ်၊ ၀ါး၊ သစ်သား၊ အုန်းသား၊ အုန်းလက် အစရှိတာတွေနဲ့ ပြုလုပ်ထားတဲ့ အမှတ်တရ ပစ္စည်းတွေ၊ ဆွဲကြိုး ပုတီး၊ လက်ကောက်တွေ၊ ဘာလီ ရဲ့ အထိမ်းအမှတ် စာတမ်းပါ ဦးထုပ် တီရှပ် ယပ်တောင် နဲ့ ပုဝါတွေ၊ ပြီးတော့ ဘာလီရဲ့ နာမည်ကျော် အရောင်အသွေး၊ အဆင်ဒီဇိုင်း စုံလင်စွာနဲ့ လှပပြီး အရည်အသွေးအမျိုးမျိုးနဲ့ ဈေးအမျိုးမျိုး မတူ ကွဲပြားတဲ့ ပါတိတ်လုံချည်တွေ အများကြီးပဲ တွေ့ခဲ့ရပါတယ်။ ဈေးသိပ်မကြီးတဲ့ ပါတိတ်လုံချည် နည်းနည်းနဲ့ ပိုးပုဝါလေး နှစ်ထည်ကို အမှတ်တရ လက်ဆောင်ပေးဖို့ ၀ယ်လာဖြစ်ပါတယ်။
(ဈေးသိပ်မကြီးတဲ့ ချစ်စရာ ချည်သား ပါတိတ်လေးတွေ)
(လက်မှုပစ္စည်းမျိုးစုံ၊ အမှတ်တရပစ္စည်းမျိုးစုံနဲ့ ချစ်စရာ အခင်းအကျင်း)

ပါတိတ်ဆိုင်က ထွက်တော့ ညနေစာ စားချိန်ရောက်နေပြီ။ အဲဒီ Beach Walk မှာ ဘာစားရင်ကောင်းမလဲ ဟို ဒီ လိုက်ကြည့်ရင်း ကျွန်မတို့ဆီက Food Republic လို ဆင်ဆင်တူတဲ့ စားသောက်ဆိုင်တန်းကြီးကို သွားတွေ့တယ်။ ယိုးဒယား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဂျပန် စတဲ့ နိုင်ငံတကာ အစားအစာတွေနဲ့အတူ မရိုးနိုင်တဲ့ စင်္ကာပူစာ ကြက်ဆီထမင်းနဲ့ ချာကွေ့တယောင်ဆိုင်ကိုလည်း တွေ့ခဲ့ပါသေးတယ်။
(Beach Walk က စားသောက်ဆိုင်တန်းလေးရဲ့ အပြင်အဆင်ကို အဝေးကနေ လှမ်းပြင်ရတဲ့ပုံလေးပါ)

အဲဒီမှာ ကျွန်မ ဗီယက်နမ်စာ Chicken Pho စားခဲ့တယ်။ အရသာ ကောင်းပြီး စားလို့ အဆင်ပြေခဲ့ပါတယ်။ ဈေးကလည်း စကာင်္ပူဈေးထက် နည်းနည်း သက်သာပါတယ်။ စားပြီး ကော်ဖီသောက်ချင်တာ ဆိုင်မှာ ထိုင်သောက်ဖို့ကတော့ စီးကရက် မီးခိုးတွေနဲ့ မဖြစ်နိုင်တာမို့ Espresso Double Shot တခွက် ဝယ်ပြီး ဟိုတယ်ကို ပြန်လာခဲ့ပါတယ်။ အတွေးထဲမှာတော့ နှင်းဆီနီတွေနဲ့ ကော်ဖီခါးခါးနဲ့ ရောလို့... ရီဝေေ၀။

အပြန်လမ်းတလျောက်မှာ ငါးနှစ် ခြောက်နှစ်အရွယ် ကလေးငယ်တသိုက် လက်မှာ အလှပတ်ရတဲ့ ကြိုးရောင်စုံလေးတွေကိုကိုင်ရင်း လမ်းသွားလမ်းလာတွေကို သူ့ထက်ငါ လုပြီး ရောင်းနေကြတယ်။ သူတို့မျက်နှာလေးတွေက အပြစ်ကင်းကင်းနဲ့ ကြည်ကြည်လင်လင်လေးတွေ၊ တကယ်ပဲ ဒါလေးတွေ ရောင်းပြီး အသက်မွေးဝမ်းကျောင်းနေကြရတာလား၊ ဒါမှမဟုတ် ခုန်ရင်း ပေါက်ရင်း ဆော့ကစားရင်း ပေါ့ပေါ့ပါးပါး ရောင်းနေကြတာလား ဆိုတာကိုတော့ ခွဲခြားရ ခက်လှတယ်။

မှောင်ရီရီလမ်းမပေါ်မှာ ကားအသွားအလာ ရှင်းစပြုပေမဲ့ လမ်းတလျောက်က ဆိုင်တွေမှာတော့ လူတွေ ပိုစည်ကားလာတယ်။ နာမည်ကျော် Hard Rock Café ကိုလည်း တွေ့ခဲ့တယ်။ အဲဒီထဲက သီချင်းသံတွေက အပြင်ကို လျှံထွက်လို့ရယ်။ အဲဒါတွေအပြင် လမ်းထောင့်တနေရာက ဟိုတယ်ကြီးတခုရဲ့ ခြံစည်းရိုး အုတ်တံတိုင်းမှာ အမှောင်ရိပ်ကျနေတာကို အမှီပြုရင်း တောင်းရမ်းနေတဲ့ အမျိုးသမီး လေး စုလောက် တွေ့ခဲ့သေးတယ်။ နိုင်ငံတိုင်း နေရာတိုင်းမှာ ဒီလိုလူတန်းစားကွာဟချက်တွေ ရှိနေတာပါပဲလားလို့ အတွေးဝင်မိတယ်။

ဟိုတယ်အ၀င်မှာ တွေ့တဲ့ နှင်းဆီနီတွေကို ကောင်းသောညပါလို့ နှုတ်ဆက်၊ နှင်းဆီတွေကို သတိတရ ပို့ပေးတဲ့သူကိုလည်း တခါတည်း လှမ်းနှုတ်ဆက်ရင်း အခန်းကို ပြန်လာခဲ့တယ်။ ဒီညအဖို့တော့ ရေမိုးချိုး၊ ကော်ဖီသောက်၊ အေးအေးဆေးဆေး နားနေရင်း မနက်ဖြန်အတွက် ကင်မရာ၊ ဖုန်းတွေ ဘက်ထရီ ပြည့်အောင် ဖြည့်၊ မနက်ဖြန်ယူသွားစရာ စာအုပ်၊ ဘောပင်၊ ပုဝါ၊ ဦးထုပ် အစရှိတဲ့ လိုမယ်ထင်တာလေးတွေ စီစစ်ပြီး စောစောပဲ အိပ်ရာဝင်ခဲ့တယ်။ မနက်ဖြန်ကျရင် မီးတောင်တွေရှိတဲ့နေရာကို သွားဖို့ စီစဉ်ထားပါတယ်။ ကျွန်မနဲ့ အတူတူ မီးတောင်တွေကြည့်ဖို့ လိုက်ခဲ့ကြပါအုံးနော်။

သက်ဝေ
(၁ ဇူလိုင် ၂၀၁၅)

အ နီေ ရာ င် နှ င်း ဆီ ပွ င့် များ နှ င့် အ တူ - ၂

$
0
0
မနေ့ညက စိတ်ကြည်လင်စွာ အိပ်မောကျသွားတာက တကြောင်း၊ ဒီနေ့ သွားရမဲ့ ခရီးစဉ်အတွက် စိတ်စောနေမိတာက တကြောင်းတို့ကြောင့် မနက်အစောကြီးမှာ နှိုးစက်မမြည်ခင် နိုးလာခဲ့တယ်။ နိုးနိုးချင်း ဖုန်းထဲမှာ ရောက်နှင့်နေတဲ့ နှင်းဆီနီနီလေး တပွင့်နဲ့ ကောင်းသောမနက်ခင်းပါ ဆိုတဲ့ နှုတ်ဆက်စကားကို တွေ့လိုက်ရတော့ ကျွန်မရဲ့ မနက်ခင်းဟာ ပိုပြီး ပြည့်စုံ သာယာသွားတော့တာ။ ညထဲက အသင့်ပြင်ထားတဲ့ ကျောပိုးအိတ်အညိုလေးထဲမှာ လိုအပ်တဲ့ ပစ္စည်း အစုံပါ မပါ တခါ ထပ်စစ်၊ ကင်မရာအတွက် ဘက်ထရီအပိုနဲ့ Lens အပိုတလုံးကို သေသေချာချာ ထည့်၊ ရေချိုး အဝတ်လဲပြီး မနက် စားဖို့ အောက်ကို ဆင်းလာခဲ့တယ်။

ဓါတ်လှေခါးက အထွက်မှာ အသင့်စောင့်ကြိုနေတဲ့ ဘာလီကျွန်းသူလေးတွေက မနက်စာ စားရမဲ့နေရာကို လိုက်ပြတယ်။ ပြီးတော့ ကျွန်မကို စကားပန်းအဖြူရောင်လေး တပွင့်ပေးပြီး သူတို့လို နားရွက်ကြားမှာ ညှပ်ထားဖို့ ပြောလာတယ်။ ပြောရရင် ကျွန်မရဲ့ ပင်ကိုယ်သဘာဝက ပန်းမကြိုက်တတ်ဘူး၊ ဒါပေမဲ့ အခုတလောမှာတော့ သူအမြဲပို့ပေးနေတဲ့ နှင်းဆီနီနီတွေကြောင့် ကျွန်မ ပန်းလေးတွေနဲ့ သိပ်စိမ်းစိမ်းကြီး ဖြစ်မနေတော့ သူတို့ ပြောသလိုပဲ စကားပန်းအဖြူလေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ နားရွက်ကြားမှာ ညှပ်လိုက်မိတယ်။ သူတို့က ကျွန်မကို ကျေနပ်သွားပြီး ဓါတ်ပုံရိုက်ပေးရမလားလို့ မေးတယ်။ ဒီတော့ ကျွန်မက လက်ထဲက ဖုန်းလေးကို သူတို့ကို ပေးပြီး ဓါတ်ပုံအရိုက်ခံလိုက်ပါတယ်။ အမှတ်တရပေါ့။
(Flower of Bali လို့ တင်စားခေါ်ဝေါ်ကြတဲ့ စကားပန်း - Frangipanis ပါ)

မနက်စာ စားရမဲ့နေရာမှာ လူတော်တော်ပြည့်နေပြီ။ ဒါနဲ့ အပြင်ဖက်က ပန်းခြံလေးလို လုပ်ထားတဲ့ ဆေးလိပ်သောက်ခွင့်ရှိတဲ့နေရာကို လျှောက်လာခဲ့တယ်။ လောလောဆယ်တော့ ဆေးလိပ်သောက်နေတဲ့သူ တယောက်မှ မရှိသေးဘူး။ အထဲမှာ လူများများနဲ့ ထိုင်နေရမဲ့အစား အပြင်မှာ လတ်ဆတ်တဲ့ လေကို ရှူရှိုက်ရင်း ထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆေးလိပ်သောက်တဲ့သူ တယောက်ယောက်များ ရောက်လာခဲ့ရင် အထဲကို ပြောင်းမယ်ဆိုတဲ့ စိတ်အတွေးနဲ့ပေါ့။ ဒါပေမဲ့ အဲဒီနေ့က ကံကောင်းထောက်မစွာ ဆေးလိပ်သောက်မဲ့သူ တယောက်မှ ရောက်မလာခဲ့ဘူး။

ဟိုတယ်က မနက်ခင်းစာက အတော်လေး ပြည့်စုံပါတယ်။ အစားအများကြီး မစားနိုင်တဲ့ ကျွန်မကတော့ လိမ်မော်ရည်နဲ့ အရွက်စုံ Salad တပန်းကန်စားပြီး စတိုင်တမျိုးနဲ့ ထူးခြားနေတဲ့ ဘာလီခေါက်ဆွဲကြော် ခပ်ခြောက်ခြောက်လေးကို နည်းနည်း စားပါတယ်။ ပြီးတော့ ကော်ဖီခါးခါးတခွက်ကို စိတ်တိုင်းကျ ဖျော်၊ မသိမသာလေး ပူနွေးစပြုလာတဲ့ နေရောင်ခြည်အောက်မှာ နာရီဝက်လောက် ဟိုငေး ဒီငေး ငေးရင်းနဲ့ လာခေါ်မဲ့ကားကို စောင့်နေလိုက်ပါတယ်။ အလာတုန်းက လေယာဉ်ပျံပေါ်မှာ သောက်ခဲ့ရတဲ့ ကော်ဖီရဲ့ ထူးခြားမှုမျိုး အခု ဒီကော်ဖီမှာ ပြန်တွေ့ရပါတယ်။ ဘာလီကော်ဖီ သိပ်နာမည်ကြီးတာ ဒါကြောင့်ကိုးလို့ ချီးကျူးရလောက်အောင် ကော်ဖီက မွှေး ဆိမ့် ခါးသက်ပြီး ဆွဲဆောင်မှုရှိလှပါတယ်။ အဲဒီ အခိုက်အတံ့လေးမှာတော့ ရှာလို့ မတွေ့သေးတဲ့ နှင်းဆီနီတွေအကြောင်းကို ခဏ မေ့သွားတာ အမှန်ပဲ။
(လိမ်မော်ရည်နဲ့ အရွက်စုံ Salad)

ရှစ်နာရီခွဲတိတိမှာ ကျွန်မကို လာခေါ်တဲ့ကားလေး ရောက်လာတယ်။ ကားဆရာက အသားညိုညို ထောင်ထောင်မောင်းမောင်းနဲ့ ချိုရွှင်ပြီး သဘောကောင်းတဲ့ မျက်နှာမျိုးကို ပိုင်ဆိုင်သူပါ။ တယောက်နဲ့ တယောက် မိတ်ဆက်စကား ပြောပြီးတော့ ကျွန်မက ကျွန်မ သွားလိုတဲ့နေရာတွေကို ပြောပြပါတယ်။ ဒီနေ့အဖို့ အဓိကရောက်ချင်တာ ကတော့ Mount Batur လို့ အမည်ရတဲ့ မီးတောင်ရှင်ပါ။ အဲဒီ မီးတောင်ရဲ့ အလှကို ထင်ထင်ရှားရှားမြင်နိုင်အောင် Kintamani လို့ အမည်ရတဲ့ တောင်ပေါ်က ရွာကလေးဆီကို သွားရမယ်။ အဲဒီမှာရှိတဲ့ နာမည်ကြီး အင်ဒိုနီးရှား စားသောက်ဆိုင်တခုမှာ နေ့လည်စာစားရင်း မီးတောင်ကိုလှမ်းကြည့်ရင် မြင်ကွင်း သိပ်ကောင်းတယ်၊ ဓါတ်ပုံကောင်းကောင်း ရိုက်လို့ရတယ်လို့ ကျွန်မ လက်ထဲမှာ ကိုင်ထားတဲ့ ကင်မရာကို ညွှန်ပြရင်း ခပ်ပြုံးပြုံးနဲ့ ပြောတယ်။ ကျွန်မ တကယ် ပျော်သွားတဲ့အပြင် ကိုယ့်ကိုကိုယ်လည်း တကယ့် ကင်မရာမန်းလိုလို ဘာလိုလိုနဲ့ စိတ်ကြီးတွေတောင် ၀င်သွားသေးတာ။ အဲဒီတောင်ကို သွားရာ လမ်းတလျှောက်မှာ ခရီးသွားဧည့်သည်တွေ ရောက်သင့်၊ ကြည့်သင့်တဲ့ ဘာလီရဲ့ အထင်ကရ နေရာလေးတွေကိုလည်း တထောက်နားရင်း ဝင်ပြမယ်လို့ ကားဆရာကြီးက ပြောတယ်။ Kintamani ကိုရောက်အောင် တနာရီခွဲလောက် မောင်းရတယ်။ အသွားလမ်းတလျှောက် မြင်ရသမျှ မြင်ကွင်းတွေကို အကြောင်းကို စိတ်ထဲကနေ သူ့ကို လှမ်းပြောပြနေခဲ့မိတယ်။ လမ်းတလျှောက်မှာ နှင်းဆီပန်းတွေတော့ မတွေ့ရဘူး။ နာရီဝက်လောက်ကြာတော့ ဘာလီရိုးရာ သီဆိုတီးမှုတ်ပုံတွေနဲ့ ရိုးရာအကတွေကို ၀င်ကြည့်ဖို့ နေရာကို ရောက်လာတယ်။

ကျွန်မတို့ ရောက်သွားတဲ့ အချိန်မှာ တခြား ခရီးသွားဧည့်သည်အဖွဲ့တွေ တဖွဲဖွဲနဲ့ ရောက်လာကြတယ်။ ကပွဲဝင်ခွင့် လက်မှတ်ဝယ်အပြီးမှာ တချို့ကတော့ ကပြမဲ့ မင်းသမီးလေးတွေနဲ့ အတူ ဓါတ်ပုံတွဲရိုက်နေကြတာ တွေ့တယ်။ ကျွန်မကတော့ ကြည်လင်သာယာလှတဲ့ မိုးကောင်းကင်ကြီးကို မော့ကြည့်ရင်း ဓါတ်ပုံတပုံ ရိုက်ခဲ့တယ်။
(ကျွန်းပင်အသေးလေးတွေနဲ့ ဘာလီရဲ့ ကောင်းကင်ပြာ)

Barong Dance လို့ အမည်ရတဲ့ ကပွဲမှာ ပွဲကြည့်ပရိသတ်က လူမျိုးပေါင်းစုံပဲ။ စုစုပေါင်း လူတရာ လောက် ရှိမယ်။ Barong ဆိုတဲ့ အကောင်က ခြင်္သေ့လို ဆင်ဆင်တူတယ်။ အဲ့အကောင်နဲ့ လူဆိုးတွေ ချကြတာ၊ နောက်ဆုံးတော့ Barong ကောင်ပဲ နိုင်တယ်ပေါ့။ အဲ့လိုပါ။ အကောင်ဆို ခွေးလောက် ကြောင်လောက်သာ ချစ်တတ်၊ အရုပ်ဆို လှမှ ချစ်စရာကောင်းမှ ချစ်တတ်သူ ကျွန်မအတွက် ကို Barong က တဆိတ်တော့ အရုပ်ဆိုးလွန်းနေတယ်။
(Barong ကောင် နဲ့ နောက်ခံတီးလုံး သီဆိုတီးမှုတ်နေသူတွေ)
(ကိုBarong ထွက်လာပြီ)
(Barong က ပရိဿတ်တွေကို ဂါရ၀ပြုနေတာ)
(Barong အက ထဲက ဇာတ်ဝင်ခန်းတချို့)
(Barong အက ထဲက ဇာတ်ဝင်ခန်းတချို့)

တခြားနိုင်ငံခြားသားတွေကတော့ သဘောတကျကြည့်ရင်း လက်ခုတ်တွေ ဘာတွေ တီးကြ၊ ဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်နေကြပေမဲ့ ကျွန်မကတော့ ပျင်းပျင်းနဲ့ အဲဒီ အဆို အငို အပြော အကတွေ၊ ထိုးခုတ် ရန်ဖြစ်ကြတာတွေကို နားမလည်တဲ့ ဘာသာစကားနဲ့ တနာရီကျော်ကြာအောင် အတော်လေး သည်းခံပြီး ကြည့်လိုက်ရတယ်။ ဒီအကတွေ ပြီးရင် ဘယ်ကိုခရီးဆက်ရမှာလဲ ဆိုတာသာ စိတ်စောနေမိတယ်။ 

ဘာလီကျွန်းမှာ စုစုပေါင်း လူဦးရေ လေးသန်းကျော်ထဲက ကိုးဆယ်ရာခိုင်နှုန်းက ဟိန္ဒူဘာသာကို ကိုးကွယ်ကြတာဖြစ်ပြီး ကျန်တာတွေကတော့ အစ္စလာမ် နည်းနည်းနဲ့ ခရစ်ယာန်တွေ ဖြစ်ကြတယ်လို့ ကားဆရာကြီးက ပြောပြတယ်။ လမ်းတလျှောက်မှာ မြင်နေရတဲ့ အိမ်တိုင်းမှာ သူတို့ကိုးကွယ်တဲ့ ဟိန္ဒူဘုရားကျောင်းဆောင်လေးကို အိမ်ရဲ့ မျက်နှာစာမှာ နေရာလေး သပ်သပ်ပေးပြီး ဆောက်ထားတာ တွေ့ရပါတယ်။ မျက်နှာစာ ခြံစည်းရိုးတွေဟာလည်း အနုပညာလက်ရာ ကနုတ်တွေပါတဲ့ အုတ်တိုင်တွေနဲ့ အခိုင်အခန့် လှလှပပ ဆောက်ထားတာ တွေ့ရတယ်။ စာအုပ်တအုပ်နဲ့ ဘောပင်ကို ကိုင်ရင်း သူပြောတာတွေ လိုက်မှတ်လိုက်၊ ကိုယ့်ဟာကိုယ် ရေးချင်တာလေးတွေ ချရေးလိုက်၊ တိမ်တွေကို ငေးလိုက်၊ ကင်မရာကို ဟို ဒီ ချိန်လိုက်၊ ဖုန်းမှာလည်း message တွေလာတဲ့အသံ တတောင်တောင်နဲ့… အဲဒီလို အလုပ်တွေရှုပ်နေတဲ့ ကျွန်မကို ကားဆရာကြီးက သတင်းထောက်လား၊ ဓါတ်ပုံဆရာလား၊ အလုပ်တာဝန် တခုခုနဲ့ လာတဲ့သူလား အဲဒီလို တွေးနေပုံရတယ်။ သိသင့်သိထိုက်တာတွေကို အတည်ပေါက်နဲ့ လေးလေးနက်နက် ရှင်းပြနေတာ။

ကျွန်မ ခရီးသွားမယ်ဆိုတော့ သားရေအဖုံးအနက်ပေါ်မှာ နှင်းဆီအနီလေးပါတဲ့ မှတ်စုစာအုပ်ကလေးကို သူကိုယ်တိုင် ဝယ်ပေးခဲ့တယ်။ ခရီးသွားမှတ်တမ်းပြန်ရေးတဲ့အခါ စုံစုံလင်လင်ဖြစ်အောင် တရက်ချင်းစီ သေသေချာချာ ရေးမှတ်လာခဲ့ဖို့၊ သူ့ကို သတိတရ ပြောချင်တာတွေရှိရင်လည်း ရောနှောပြီး ရေးထားဖို့ မှာလိုက်တယ်။ ခရီးက ပြန်ရောက်ရင် သူ့ကို ပေးဖတ်ပါတဲ့။ ကြည့်ပါအုံး… ဘယ်လောက်ချစ်စရာကောင်းတဲ့ အကြံအစည်မျိုးပါလိမ့်။ စာအုပ်ထဲမှာ ဒီနေ့အတွက် ရေးထားတာလေးတွေ ပြန်ဖတ်နေရင်းက ကျွန်မ နေ့ချင်းညချင်း သန်းကြွယ်သူဌေး ဖြစ်သွားတဲ့အကြောင်း မရေးရသေးတာကို သတိရသွားတယ်။ အဟုတ်ပဲ… တနေ့တာ အသုံးစရိတ်အတွက် စင်္ကာပူဒေါ်လာ တရာ့တဆယ်ကို လဲလိုက်တာ ရူပီးယား လို့ခေါ်တဲ့ အင်ဒိုနီးရှားပိုက်ဆံ တသန်းကျော် ရခဲ့တာကိုး။ ဒီတော့ ကျွန်မ သန်းကြွယ်သဌေး ဖြစ်တာပေါ့။

အဲဒီလို တွေးပြီး ရယ်ချင်နေတုန်းမှာပဲ ကားက သစ်ပင်ရိပ်တခုမှာ ရပ်သွားတယ်။ ကြည့်လိုက်တော့ ခြံဝင်းလေးထဲမှာ သစ်သားအိမ် နိမ့်နိမ့်လေးတလုံး။ အိမ်ရှေ့မှာ ပန်းချီကားချပ်တွေ ထောင်ထားတာကို တွေ့ရတယ်။ ကားဆရာကြီးက အစီအစဉ်ထဲမှာ မပါပေမဲ့ မင်းကို ကြည့်ရတာ ပန်းချီတွေ ကြိုက်မယ် ထင်လို့ တဲ့။ ချက်ချင်းပဲ စိတ်က သူ့ဆီ ရောက်သွားပြန်တယ်။ ကျွန်မကို ပန်းချီတွေ ကြိုက်သလား လို့ မေးခဲ့ဖူးတာ၊ ပြီးတော့ ကမ္ဘာကျော် ပြတိုက်တခုထဲက ပန်းချီကားတချို့အကြောင်း ပြောပြခဲ့ဖူးတာ။ ကျွန်မ ပန်းချီပြခန်းထဲ ၀င်လာခဲ့တယ်။ အမျိုးအမည် ဖေါ်မပြတတ်တဲ့ ရောင်စုံပန်းချီကားတွေ အများကြီးပဲ။ ၀ယ်ချင်စဖွယ်ဖြစ်အောင် ကနုတ်ဘောင် လှလှတွေ ကွပ်ထားတာ တွေ့ရတယ်။ အမှတ်တရ တခုခု ၀ယ်ချင်ပေမဲ့ ဘာဝယ်ရမှန်း မသိဘူး။ ဒါနဲ့ ဓါတ်ပုံတွေပဲ ရိုက်လာခဲ့တယ်။
 (မြက်ဖျာကို မျက်နှာကြက်အဖြစ်တပ်ထားတဲ့ ချစ်စရာ ပန်းချီအရောင်းပြခန်း)
(အေးအေးဆေးဆေး အနားယူရင်း ကြည့်နိုင်တဲ့ ချစ်စရာ ပန်းချီအရောင်းပြခန်း)
(သူ့အတွက် အမှတ်တရ ရိုက်လာတဲ့ ပန်းချီကားတချပ်)

ပန်းချီပြခန်းကနေ နောက်ထပ် ဆယ့်ငါးမိနစ်လောက် မောင်းလာပြီးတော့ ခြံဝင်းကျယ်ကြီးတခုထဲကို ရောက်သွားပြန်တယ်။ ဒီတခါကတော့ ပန်းပုဆိုင်ပါ။ အင်မတန် အနုစိတ်ပြီး လက်ရာမြောက်လှတဲ့ သစ်သားပန်းပုရုပ်တွေ အကြီး အသေး အရွယ်စုံ ပုံသဏ္ဍာန်စုံ အများကြီး တွေ့ရပါတယ်။ ဒီလောက်များတဲ့ ပန်းပုလက်ရာတွေ၊ ပြီးတော့ တနေရာကနေ တနေရာ ဝယ်ယူသယ်ဆောင်သွားဖို့ အတော်လေး ခက်ခဲတဲ့ ဒီ ပန်းပုရုပ်တွေကို ဘယ်လိုနည်းနဲ့များ ရောင်းဝယ်ဖေါက်ကားပါသလဲ လို့ မေးကြည့်တော့ နေရာအနှံ့အပြားကို ရေလမ်းခရီးနဲ့ ပို့ပေးတယ် လို့ သိရပါတယ်။ စကာင်္ပူဆိုရင် Free Shipping လို့လည်း ပြောပါသေးတယ်။ ဘာမှတော့ ဝယ်မလာဖြစ်ပါဘူး။
(ပန်းပုလက်ရာတွေထဲမှာ ကျွန်မ အနှစ်သက်ဆုံး လက်ရာတခု)

ဘာလီကျွန်းသူ ကျွန်သားအများစုဟာ ပန်းချီ၊ ပန်းပု၊ ပန်းတိမ်၊ ပါတိတ်ဆေးရေး၊ ကျောက်ထွင်းရုပ်ထုတွေ စတဲ့ အိမ်တွင်း လက်မှု အနုပညာလုပ်ငန်းကိုယ်စီနဲ့ အေးချမ်း ရောင့်ရဲစွာ အသက်မွေးဝမ်းကျောင်းမှု ပြုကြတာကိုတွေ့တော့ စိတ်ထဲ အင်မတန် အားကျမိပါတယ်။ ရပ်ကွက်အစုလေးတွေမှာ ဒါက ပန်းချီတန်း၊ ဒါက ပန်းပုတန်း၊ ဒီနေရာကတော့ ငွေပန်းတိမ်၊ ဒီလမ်းလေးကတော့ ရွှေပန်းတိမ် စသည်ဖြင့် သူ့ အစုလေးနဲ့သူ ရှိကြတယ်။ ရွှေပန်းတိမ်တွေ ရှိတဲ့ လမ်းကိုရောက်တော့ ခြံဝန်းကျယ်ကြီးထဲမှာ တကယ့်ကို လှပ ခေတ်မီတဲ့ အိမ်ကြီး အိမ်ကောင်းတွေကို တွေ့ရတယ်။

မြို့နဲ့ လှမ်းလာတဲ့ အခါမှာ မြင်ကွင်းဟာ တစ်မျိုးပြောင်းပြီး စိမ်းလန်းစိုပြေတဲ့ ပတ်ဝန်းကျင် ဖြစ်လာပါတယ်။ လမ်းဘေးတဖက်တချက်မှာ ခြံဝင်းကျယ်ကျယ်လေးတွေနဲ့ သစ်သားအိမ် တိုက်ခံအိမ်နိမ့်နိမ့်လေးတွေကို ခပ်ကျဲကျဲ တွေ့ရတယ်။ ခြံတိုင်းလိုလိုမှာ စပါးစိုက်ခင်းတွေကို တွေ့ရလို့ မေးကြည့်တော့ အိမ်တိုင်း အိမ်တိုင်း ကိုယ့်မိသားစုအတွက် တနိုင်တပိုင် စပါးစိုက်စားကြတယ်လို့ သိရပါတယ်။ တစ်နှစ်ကို နှစ်သီးစား သုံးသီးစား စိုက်ကြတယ်လို့လည်း သိရပါတယ်။ သူတို့ရဲ့ နေ့စဉ် ဘဝတွေ၊ ရှင်သန်နေထိုင်ပုံတွေ အေးချမ်းလိုက်တာလို့ တွေးပြီး တော်တော် သဘောကျမိပါတယ်။ တဆက်တည်းမှာပဲ ကိုယ် ကျင်လည် လှုပ်ရှား နေထိုင်နေရတဲ့ နေ့စဉ်ဘ၀ကို ပြန်တွေးမိတော့ အနည်းငယ် မောပန်းသွားခဲ့ပါတယ်။ ဆုတောင်းမှား၊ နေရာများ မှားခဲ့သလားရယ်…
(စပါးခင်းတွေ)

ကျွန်မတွေ့ချင် မြင်ချင်လှတဲ့ မီးတောင်ကို မရောက်ခင် အသွားလမ်းမှာ Holy Spring ဆိုတဲ့နေရာကို ခရီးတထောက်နားရင်း ၀င်ခဲ့ပါတယ်။ Holy Spring ဆိုတာ နန်းမြို့ရိုးတခုလို အုတ်တံတိုင်းထူထူ ကာထားတဲ့ ရေကန်ခပ်ငယ်ငယ်ပါ။ အဝင်ဝမှာ ကျား မ လူကြီး လူငယ်မရွေး အဝါရောင် ခါးစည်းကြိုးလေးတွေ ချည်ဖို့ လိုက်ဝေပါတယ်။ ဘောင်းဘီအတို၊ စကပ်အတိုတွေနဲ့သူတွေကတော့ အဝတ်စအကြီးကြီးတွေကို လုံချည်လို ဝတ်ရပါတယ်။ Holy Spring ဆိုတော့ ရေကန်တခုပဲ ဘာမှ သိပ်မထူးဆန်းသလိုလို၊ ဒါပေမဲ့ ရေကန်ထဲကို သေသေချာချာ ငုံ့ကြည့်လိုက်တော့မှ ကြည်လင်စိမ်းလဲ့နေတဲ့ ရေတွေရယ်၊ ပြီးတော့ ရေအောက်ခင်း ကြမ်းပြင်ကနေ သူ့အလိုလို ထွက်နေတဲ့ ရေပွက်ကလေးတွေရယ်ကို တွေ့ရတယ်။ သဘာဝဟာ အင်မတန် ဆန်းကြယ်လှတယ်။ အဲဒီရေကန်က ထွက်တဲ့ရေတွေကို ရေတံလျှောက်နဲ့ သွယ်တန်းပြီး တနေရာမှာ ရေချိုးကန် ပြုလုပ်ထားတယ်။ ပြီးတော့ လူတွေကို ရေချိုးခွင့် (ရေစိမ်ခွင့်) ပေးပါတယ်။ ဒီ Holy Spring က ရေကို ချိုးရင် ရောဂါဘယတွေ ကင်းစင်ပပျောက်နိုင်တယ် ဆိုတဲ့ ယုံကြည်မှုနဲ့ လူတွေ အများကြီးပဲ တပျော်တပါး ရေစိမ်နေကြတာ တွေ့ရပါတယ်။ ရေစိမ်နေတဲ့ ကျား မ လူကြီး လူငယ်တွေ အများကြီးကို ကြည့်ရုံပဲ ကြည့်ပြီး ဓါတ်ပုံမရိုက်ခဲ့ပါဘူး။
(Holy Spring ပါ။ သေသေချာချာကြည့်ရင် အောက်ခင်း ကြမ်းပြင်ကနေ သူ့အလိုလျောက် စိမ့်ထွက်နေတဲ့ ရေပွက်ကလေးတွေကို တွေ့နိုင်ပါတယ်။)
(Holy Spring ကျောင်းဝင်းတနေရာ)

အဲဒီ Holy Spring ကနေ ပြန်ထွက်တော့မဲ့ဆဲဆဲမှာ ကျွန်မအနားကို အသက်ကြီးကြီး အမျိုးသမီးတယောက် ရောက်လာပါတယ်။ သူ့လက်ထဲမှာ ငှက်ပျောသီး ခပ်သေးသေး တလုံးကိုင်လို့။ ကျွန်မကို သေသေချာချာ ကြည့်ရင်း အသားဖြူတယ်လို့ အင်္ဂလိပ်လို ခပ်တိုးတိုးပြောပါတယ်။ ပြီးတော့ သူ့လက်ထဲက ငှက်ပျောသီးလေးကို အခွံခွာပြီး ကျွန်မကို ကျွေးပါတယ်။ ကျွေးတာမှ ခွံ့မကျွေးရုံတမယ်ပါ။ မျက်နှာကလည်း မိခင်တယောက်၊ အဖွားတယောက်က သားသမီးကို ကျွေးနေတဲ့ ကျွေးပုံမျိုးနဲ့ဆိုတော့ ကျွန်မလည်း ရုတ်တရက်တော့ စိတ်ထဲမှာ ကြည်နူးသွားတယ်။ ပြီးတော့ ကိုယ်တိုင်ကလည်း ငှက်ပျောသီးကြိုက်တဲ့သူ ဖြစ်နေပြန်တော့ သူကျွေးနေတဲ့ ငှက်ပျောသီးလေးကို ကျွန်မ ယူစားလိုက်ပါတယ်။ တကယ်ပါ… ငှက်ပျောသီးလေးက အတော် အရသာရှိပါတယ်။ အဲဒီငှက်ပျောသီးကို စားလို့ မကုန်ခင်အချိန်လေးမှာ ကျွန်မနားကို ဗြုန်းဆို ငှက်ပျောသီးအဖီးတွေ ကိုင်ထားတဲ့ အမျိုးသမီးငါးယောက် ရောက်လာကြပါတယ်။ လက်ထဲမှာ စားလက်စ ငှက်ပျောသီးကိုကိုင်ရင်း သူတို့ကို အကြောင်သား ကြည့်နေတဲ့ ကျွန်မကို စားကောင်းတယ်မဟုတ်လားလို့ မေးပြီး သူတို့ ကိုင်လာတဲ့ ငှက်ပျောသီးအဖီးတွေ အတင်း ရောင်းတော့တာပါပဲ။

ဟိုကြည့် ဒီကြည့်နဲ့ ဘာလုပ်ရမှန်းမသိ အကြံအိုက်နေတဲ့ ကျွန်မကို ပတ်ဝန်းကျင်က တဦးတယောက်ကမှ သတိပြုမိဟန်မတူပါဘူး။ ဒါနဲ့ပဲ ကျွန်မလည်း ကိစ္စမြန်မြန်ပြီးအောင် ငှက်ပျောသီးတဖီး ဝယ်လိုက်ရပါတယ်။ သူသာသိရင်တော့ အဲဒါတွေကြောင့် စိတ်မချတာ ဘာညာ အစချီတဲ့ ဓါတ်ပြားဟောင်းကြီး ပြန်ဖွင့်အုံးမှာပါ။ ငှက်ပျောသီးတဖီးနဲ့အတူ ကားပေါ်ပြန်ရောက်လာတဲ့ ကျွန်မကို ကားဆရာကြီးက ငှက်ပျောသီး ကောင်းတယ် ဆိုတဲ့ သဘောမျိုးနဲ့ လက်မ ထောင်ပြပါတယ်။ ကျွန်မကတော့ ကိုယ့်အဖြစ်ကို ကိုယ် ရယ်ချင်နေတာနဲ့ သူ့ကိုလည်း ခေါင်းညိတ်ရင်း ရယ်ပဲ ပြလိုက်နိုင်တယ်။
(Holy Spring အဝင်ဝက သူတို့ ကိုးကွယ်တဲ့ ရုပ်ထု)

Holy Spring က ပြန်ထွက်တော့ နေ့လည် ဆယ့်နှစ်နာရီ ခွဲနေပြီ။ ကျွန်မ နေ့လည်စာ မဆာသေးရင် Art Market ကို ခဏ ဝင်မလား ဘာလီ အမှတ်တရပစ္စည်းလေးတွေ ဝယ်မလားလို့ မေးပါတယ်။ ဒါမှမဟုတ် ကျွန်မ ဆာနေပြီဆိုရင် အပြန်ကျမှ ဝင်ရင်လည်း ရတယ်လို့ ညှိညှိနှိုင်းနှိုင်း ပြောလာပါတယ်။ ကျွန်မက မဆာသေးတဲ့အကြောင်းပြောပြီး Art Market ကို သွားကြပါတယ်။ ဘာလီရဲ့ အမှတ်တရပစ္စည်း အမျိုးပေါင်းများစွာကို တွေ့ရပါတယ်။ ဈေးတွေကတော့ သိပ် သက်သက်သာသာ မဟုတ်လှဘူး။ ခရီးသွားတွေအတွက် အထူးစပါယ်ရှယ်ဖွင့်ထားတဲ့ ဈေး ဖြစ်ဟန်တူပါတယ်။ ကျွန်မ I love Bali ဆိုတဲ့ စာတမ်းရေးထိုးထားတဲ့ တီရှပ် နှစ်ထည် ဝယ်လာဖြစ်ပါတယ်။
(Art Market တနေရာ)

Art Market ကနေ ပြန်ထွက်လာတော့ Kintamani ကို တောက်လျှောက်မောင်းတော့မယ် ဘယ်မှ ဝင်စရာ မရှိတော့ဘူးလို့ ကားဆရာက ပြောတယ်။ အိုးကေ… အဲဒါဆိုရင် တောင်တက်လမ်းတလျှောက် လမ်းဘေးတဖက်တချက် မြင်ရသမျှကို ကြည့်မယ်၊ ကောင်းကင်ပြာပြာကို မော့ကြည့်မယ်၊ အနားကို တိုးဝင်လာကြတဲ့ တိမ်လိပ်တွေကို လှမ်းစကားပြောမယ်… အဲဒီလိုအတွေးတွေနဲ့ လက်ထဲက မှတ်စုစာအုပ်တွေ ဘောပင်တွေအကုန် သိမ်း၊ ကင်မရာကိုလည်း အဖုံးဖုံးပြီး အိတ်ထဲ ပြန်ထည့်လိုက်တယ်။ တောင်ပတ်လမ်းကနေ ဘေးကို ငုံ့ကြည့်လိုက်တော့ မြေပြန့်ဟာ ဟိုး အနိမ့်ထဲမှာ ကျန်နေခဲ့ပြီ။ လေထုဖိအား အပြောင်းအလဲကြောင့် နားအူလာတယ်။ မျက်စိကို စုံမှိတ်ထားလိုက်တယ်။ လောလောဆယ် ကျွန်မ အာရုံထဲမှာ တိမ်တွေနဲ့ နီးတဲ့နေရာဆီကို တရိပ်ရိပ်တိုးဝင်သွားတယ်ဆိုတဲ့ ခံစားချက်တခုပဲ ရှိနေတော့တယ်။ 

သက်ဝေ
(၅ ဇူလိုင် ၂၀၁၅)

အောက်ခြေမှတ်စု - ဒီပိုစ့်မှာ စာတွေရော ဓါတ်ပုံတွေပါ အတော်များနေပြီမို့ မီးတောင်ဆီကို မရောက်သေးခင် ဒီနေရာမှာ တပိုင်းဖြတ်ပြီး တင်လိုက်ပါတယ်။ နောက်တပိုင်းကို အမြန်ဆုံး ဆက်ရေးပါ့မယ်နော်။

အ နီေ ရာ င် နှ င်း ဆီ ပွ င့် များ နှ င့် အ တူ - ၃

$
0
0
မျက်စိမှိတ်ထားတဲ့ကြားက တောင်ပတ်လမ်းဟာ မြင့်သည်ထက် မြင့်လာတယ်လို့ အလိုလိုသိနေတယ်။ လမ်းက သိပ်အကျဉ်းကြီးမဟုတ်ပေမဲ့ တဖြည်းဖြည်း မြင့်လာချိန်မှာ နည်းနည်းတော့ ကြောက်စိတ်ဝင်မိတယ်။ ကားပြတင်းကနေ ဘေးဖက်ကို ကြည့်လိုက်တော့ မြူခိုးတွေဆိုင်းလို့၊ ရာသီဥတုကလည်း သိသိသာသာ အေးစိမ့်လာတယ်။ လွမ်းစရာကောင်းတဲ့ မြင်ကွင်းမျိုးပဲ။ စကားလုံးနဲ့ ပုံပေါ်အောင် သရုပ်ဖေါ်ပြဖို့ အတော်ခက်တယ်။ နားအူလာတယ်။ သက်သာလို သက်သာငြား အိတ်ထဲအဆင်သင့်ပါလာတဲ့ သကြားလုံးတလုံး ငုံထားလိုက်တယ်။ ရေလည်း နည်းနည်းသောက်လိုက်တယ်။
(Kintamani ကို အသွား တောင်ပတ်လမ်းဘေးက မြင်ကွင်း)

ကင်တာမာနီ (Kintamani) ဒေသဟာ ဘာလီကျွန်းရဲ့ မြောက်ပိုင်း၊ ပင်လယ်ရေမျက်နှာပြင်ထက် မီတာ ၁၅၀၀ အမြင့်မှာ တည်ရှိတယ်။ ဘာလီရဲ့ အကြီးဆုံး Batur ရေကန်ကြီး၊ Mount Batur လို့ အမည်ရတဲ့ မီးတောင်ရှင်နဲ့ လှပတဲ့ ရှုမျှော်ခင်းတွေကို မြင်နိုင်တဲ့နေရာမို့ နာမည်ကျော်တဲ့ နေရာတခုဖြစ်တယ်။ တကယ်ဆို Kintamani မှာ တညအိပ်ပြီး Mount Batur ကို မနက်စောစောတက်၊ နေထွက်ချိန်ကို ဓါတ်ပုံရိုက်ရင် သိပ်လှတယ်လို့ ကားဆရာကြီးက ပြောပြတယ်။ နှင်းဆီနီတွေနဲ့ ဝေးတဲ့နေရာဆိုပေမဲ့ ကျွန်မ ပျော်နေမိတယ်။

ခဏကြာတော့ တောင်ပေါ်ရွာကလေး ကင်တာမာနီရဲ့ နာမည်ကျော် အင်ဒိုနီးရှားရိုးရာ စားသောက်ဆိုင်ကို ရောက်လာတယ်။ တောင်စောင်းလေးမှာ မေးတင်ပြီး ဆောက်ထားတဲ့ ချစ်စရာ စားသောက်ဆိုင်ပါ။ အတော်လေးလည်း ကြီးပါတယ်။ နေ့လည်စာစားချိန်မို့ပဲလား အစဉ်အမြဲ ဒီလိုပဲလားတော့ မသိဘူး။ ခရီးသွားဧည့်သည်တွေ အများကြီးတွေ့ရတယ်။ သိပ်စည်ကားတာပဲ။ ကားပေါ်က ဆင်းလိုက်တာနဲ့ တောင်တန်းတွေပေါ်မှာ ဝေ့၀ဲနေတဲ့ မြူခိုးခပ်မှုန်မှုန်ကြားကနေ ဖြတ်လာတဲ့ အေးမြမြ လေပြေညင်းရယ်၊

မြေသင်းနံ့လိုလို သစ်ပင်တွေ သစ်ရွက်တွေဆီကလာတဲ့ အနံ့လို အနံ့ဆန်းတမျိုးရယ်က ကျွန်မကို ဆီးကြို နှုတ်ဆက်တယ်။ လှလိုက်တာ၊ အေးချမ်းလိုက်တာ၊ သာယာလိုက်တာ လို့ တဖွဖွ ရေရွတ်မိတယ်။ အဲဒီလို လှပတဲ့ မြင်ကွင်းနဲ့ အေးမြတဲ့ပတ်ဝန်းကျင်ဟာ ကျွန်မကို မိနစ်ပေါင်းများစွာ အံ့သြမှင်သက်စေခဲ့တယ်။ အိတ်ထဲကနေ ကင်မရာထုတ်ယူပြီး ဓါတ်ပုံရိုက်ဖို့တောင် သတိမရနိုင်အောင်ပါပဲ။

နေ့လည်စာအတွက် ဆိုင်အရှေ့ဖက်က ကောင်တာလေးမှာ တယောက်စာ ကျသင့်ငွေကို အရင်ပေးရပါတယ်။ စကာံပူပိုက်ဆံနဲ့တွက်ရင် နှစ်ဆယ်ပေမဲ့ သူတို့ပိုက်ဆံနဲ့က နှစ်သိန်းကျပါတယ်။ ကြိုက်တာယူ ကြိုက်သလောက်စား ဘူဖေးစနစ်ပါ။ ကျသင့်ငွေပေးပြီးတော့ အပြင်ဖက် ၀ရန်တာနဲ့ ကပ်ရက် စားပွဲကိုရဖို့ မြန်မြန်လေးသွားပြီး နေရာဦးရသေးတယ်။ နေရာရတော့ စားစရာသွားမယူနိုင်သေးပဲ မျက်စိထဲဝင်လာသမျှ မြင်ကွင်းတွေကို ငေးမောနေမိတယ်။
(ဗိုက်ဆာနေတာကို မေ့သွားစေတဲ့ မြင်ကွင်း)

သူတို့ချထားတဲ့ ဟင်းလျာတွေက တော်တော်ကို များပါတယ်။ ကိုယ်စားတတ်တာ ဘာများပါမလဲလို့ လိုက်ကြည့်တဲ့အခါ ထုံးစံအတိုင်း ဘာလီစတိုင် ခေါက်ဆွဲကြော်ကို တွေ့တယ်။ ဟင်းသီးဟင်းရွက်ကြော်၊ ကော်ပြန့်လိပ် နဲ့ ငါးမုန့်ကြော်တွေ့လို့ နည်းနည်းစီ ယူလာခဲ့တယ်။ ကြက်သားချက်ထားတာတွေ့လို့ တခု ယူလာခဲ့တယ်။ ကျန်တဲ့ ဟင်းအစိုတွေကတော့ ကျွန်မ မစားတတ်ဘူး။
(ကြိုက်တာယူ ကြိုက်သလောက်စား)
(၀ါးဇကာလေးပေါ်မှာ စက္ကူလေး ခံထားပေးတဲ့ ပန်းကန်)

အချိုပွဲတွေလည်း တော်တော်များတယ်။ သစ်သီးတွေလည်း အများကြီးတွေ့တယ်။ ကျွန်မတို့ မြန်မာမုန့်လို ဆင်ဆင်တူတာတွေလည်း တွေ့တယ်။ ကျွန်မကတော့ သစ်သီးနည်းနည်းရယ်၊  ကောက်ညှင်းငါးချိတ်ကို သကြားနဲ့ ပြုတ်ထားပြီး အုန်းသီးဖြူးထားတာလေး ယူလာခဲ့တယ်။ အုန်းသီးကြိုက်တဲ့သူမို့ အုန်းသီးတွေ အများကြီးထည့်ခဲ့တယ်။ ကားဆရာကြီးက ဒီနေရာမှာ အချိန် တနာရီလိုချင်လား၊ တနာရီခွဲလိုချင်လား မေးတာ ကျွန်မက နောက် ဆက်ရန်တွေအတွက် အချိန်နည်းနေမှာစိုးလို့ တနာရီလို့ ပြောလိုက်တယ်။ ဒီတော့ စားစရာရှိတာတွေကို ခပ်မြန်မြန်စားလိုက်တယ်။
(ကောက်ညှင်းငါးချိတ် အုန်းသီးများများနဲ့ အချိုပွဲ)

စားလို့ပြီးတော့ ကော်ဖီတခွက် သွားယူတယ်။ ကော်ဖီအရသာ သက်သက်ကိုသာ သောက်ချင်တာမို့ နို့ရော သကြားပါ ထည့်မလာခဲ့ဘူး။ ကော်ဖီ အရမ်းကောင်းတယ်။ စတားဘတ်စ်နဲ့ လဲမလားမေးရင်တောင် နည်းနည်း ဖြေရခက်လိမ့်မယ်။ ကော်ဖီခွက်လေး ဘေးချရင်း မြင်နေရတဲ့ မီးတောင်ကို မျက်စိကလည်းကြည့်၊ ကင်မရာ မှန်ပြောင်းထဲကလည်း ကြည့်နဲ့ တယောက်တည်း အလုပ်တွေ ရှုပ်နေခဲ့တယ်။
(Mount Batur မီးတောင်ရှင်)
(မီးတောင်ဘေးက ဘာလီရဲ့ အကြီးဆုံး Batur ရေကန်ကြီး)

Mount Batur မီးတောင်နဲ့ ရေကန်ကျယ်ကို ငေးမောနေလိုက်တာ နာရီကြည့်ဖို့ မေ့လျော့နေခဲ့တယ်။ သတိရလို့ ကြည့်လိုက်တော့ ကားဆရာကြီးနဲ့ ပြောထားတဲ့အချိန်ထက် ငါးမိနစ်ကျော်နေပြီ။ ဒါနဲ့ ကားဆီကို ပြန်သွားတော့ ကားဆရာကြီးက ဆိုင်ရှေ့က နားနေစရာနေရာလေးမှာ အိပ်ပျော်နေတယ်။ ဒါနဲ့ လမ်းတဖက်ခြမ်းကို ကူးပြီး မျောလွင့်နေတဲ့ တိမ်တိုက်တွေအောက်မှာ ငြိမ်သက်နေတဲ့ မီးတောင်ကို ဓါတ်ပုံထပ်ရိုက်မိပြန်တယ်။
(ပြေးနေတဲ့ တိမ်တွေအောက်က မီးတောင်)

ကြည့်နေရင်းမှာပဲ ကားဆရာကြီး နိုးလာပြီး ကျွန်မတို့ ခရီးဆက်ကြတယ်။ အခုသွားမဲ့နေရာကတော့ Rice Terrace တဲ့။ စပါးစိုက်ခင်းတွေလို့ ရိုးရိုးပဲ နားလည်လိုက်တယ်။ ဟိုရောက်တော့မှ သိလိုက်တာက ကျွန်မတို့ မြန်မာနိုင်ငံမှာ အရင်ထဲက ရှိပြီးသား၊ ကျွန်မတို့နဲ့ အတော်လေး ရင်းနှီးပြီးသား လှေခါးထစ်စိုက်ခင်းတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ စပါးကို လှေခါးထစ်အဆင့်ဆင့်မှာ စိုက်ထားတဲ့နေရာ၊ ခရီးသွားတွေအတွက် တထောက်နားလို့ရတဲ့ အပန်းဖြေစခန်းလေးပါ။ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ရှိတဲ့ စားသောက်ဆိုင်၊ ကော်ဖီဆိုင်တွေနဲ့အတူ နောက်ခံရှုခင်းနဲ့ ဓါတ်ပုံရိုက်စရာ Photo Spot လို နေရာလေးလည်း လုပ်ထားပေးတယ်။ ဘာမှ သိပ်မထူးခြားလှတဲ့နေရာလေးကို လူစိတ်ဝင်စားအောင် ပြုပြင်ဖန်တီးပြီး ပိုက်ဆံရှာတဲ့ နေရာတခုဆိုလည်း မမှားပါဘူး။ လာသမျှလူတိုင်းဟာ အနည်းဆုံး ကော်ဖီတခွက် အအေးတဗူးတော့ သောက်ဖြစ်ကြတာချည်းပဲ မဟုတ်လား။
(Rice Terrace Café)
(ဟိုးတောင်ဆီက ရွာမယ်ဟန်ပြင်)
(လှေခါးထစ် စိုက်ခင်းတွေ)

Rice Terrace မှာ ကော်ဖီတခွက် ထပ်သောက်လိုက်တယ်။ အပြန်လမ်းမှာတော့ ကော်ဖီခြံနဲ့ ပါတိတ်ဆေးရေးတွေကို ၀င်ကြမယ်လို့ သိရတယ်။ တနာရီလောက် မောင်းရမှာမို့ ပင်ပန်းနေရင် စိတ်အေးလက်အေး အိပ်ပြီး လိုက်ခဲ့၊ မြင်ကွင်းတွေက အလာတုန်းကလိုပဲ တူတူတွေပဲ လို့ ကားဆရာကြီးက ပြောတယ်။ ခက်တာက ကျွန်မက ကားပေါ်မှာ မအိပ်တတ်တာ။ ဒါပေမဲ့ မနက်က စောစောထလာခဲ့ရတာမို့ ကျွန်မ အိပ်ချင်နေတယ်။ နှင်းဆီနီတွေ တွေ့လိမ့်နိုးဆိုတဲ့စိတ်ကိုလည်း ဒီနေ့အဖို့တော့ လက်လျှော့ရမလို ဖြစ်နေတယ်။ နှင်းဆီတွေ မရှိနိုင်တဲ့နေရာမှာမှ လိုက်ရှာနေမိတာကိုး။ အဲဒီအချိန်မှာ ရွေ့လျားနေတဲ့ တိမ်လိပ်တွေကို မော့ကြည့်ရင်း ကျွန်မမျက်လုံးတွေ ခဏ မှေးစင်းသွားခဲ့တယ်။ တိမ်တွေဟာ နှင်းဆီပွင့် အပြာရောင်တွေအဖြစ်နဲ့ လှည့်စားတတ်ကြသလား... ကျွန်မ မသေချာပါဘူး။

သိပ်မကြာခင်မှာ ကော်ဖီခြံကို ရောက်လာခဲ့တယ်။ ခြံဝမှာ ကားရပ်ပြီး ကွန်ကရစ်အ၀ိုင်းပြားလေးတွေ ခင်းထားတဲ့ လမ်းကလေးအတိုင်း လျှောက်ဝင်လာခဲ့တယ်။ ဘေးတဖက်တချက်မှာတော့ ကော်ဖီသီးတွေ သီးနေတဲ့ ကော်ဖီပင်တွေ တွေ့တယ်။ ကြက်ကလေး သားအမိ လမ်းလျှောက်ထွက်နေတာ တွေ့တယ်။ စုံတွဲဖြစ်ဟန်တူတဲ့ ရစ်နှစ်ကောင်ကို တွေ့တယ်။ ချဉ်ပေါင်သီးနီနီတွေ ပြည့်နေတဲ့ ချဉ်ပေါင်ခင်း တွေ့တယ်။ ငှက်ကလေးတွေရဲ့ တေးသံတွေကိုလည်း ဟိုတစ ဒီတစ ကြားနာရပါသေးတယ်။
(ကော်ဖီသီးတွေ ဒီလိုသီးကြတယ်)
(ခြောက်သွားအောင် နေပြထားတဲ့ ကော်ဖီစေ့တွေ)

ကော်ဖီစေ့တွေကို ခူးဆွတ်ပြီး အခြောက်ခံထားတဲ့ ဗန်းတွေထဲမှာ ဘာလီရဲ့ နာမည်ကျော် Luwak Coffee ကို တွေ့ရမှာပါ။ အဲဒီကော်ဖီဟာ အတော် ထူးဆန်းပါတယ်။ ကျွန်မအတွက်ဆို သောက်ကို မသောက်ချင်လောက်အောင် ထူးဆန်းပါတယ်။ သူတို့မို့ ကြံကြံဖန်ဖန်လို့ စိတ်တိုမိအောင် ထူးဆန်းပါတယ်။ ဘာလို့ဆို အဲဒီ Luwak ဆိုတာ အကောင်တမျိုးရဲ့ နာမည်ဖြစ်တယ်။ ရုပ်ကတော့ မျောက်လိုလို၊ ကြွက်လိုလို၊ ကြောင်လိုလို... မျက်လုံးပြူးပြူး၊ နှုတ်သီးချွန်ချွန်၊ အမွှေးညိုညစ်ညစ်နဲ့ အကောင်လေးပါ။ သူက အဲဒီ ကော်ဖီစေ့တွေကို စားတယ်။ စားတယ်ဆိုတာထက် မြိုချတယ် ဆိုရင် ပိုမှန်မလားပဲ။ ပြီးတော့ သူ အညစ်အကြေးစွန့်တဲ့အခါ ပြန်ပါလာတဲ့ အဲဒီကော်ဖီစေ့တွေကို ကောက်ယူ၊ သန့်စင်ပြီး ကြိတ်သောက်ကြရတာပါ။ အင်မတန် ကောင်း၊ အင်မတန် မွှေး၊ အင်မတန် အရသာရှိ ဆိုပဲ။ ဈေးကလည်း သာမန်ကော်ဖီတွေထက် နှစ်ဆ သုံးဆ ပိုများပါတယ်။ လုဝကော်ဖီဟာ ဘယ်လောက် ကောင်းတယ်၊ ဘယ်လောက် မွှေးတယ်၊ ဘယ်လို အရသာရှိတယ်၊ ဘယ်လောက် အဖိုးတန်တယ် ပြောပြော ကျွန်မကတော့ လုံးဝဆို လုံးဝမှ မသောက်နိုင်ပါဘူး။ စိတ်ထဲ ဘယ်လိုမှ သောက်ချင်စိတ်မပေါ်တာ။ အဲဒါသာ အတင်းတိုက်လို့ကတော့ ကျွန်မ ကော်ဖီပြတ်မလားတောင် ထင်မိတယ်။ ကော်ဖီမသောက်ခဲ့ပေမဲ့ လုဝ ကောင်လေးကိုတော့ အမှတ်တရ ဓါတ်ပုံရိုက်ခဲ့ပါတယ်။
(အိပ်နေတဲ့ အိပ်ပုတ် လုဝ)
(လုဝလေးတွေကို အခုလို ချီလို့လည်း ရတယ် ဒါက လုဝ အငယ်စားလေး)
(ဒါတွေကတော့ အမြည်းပေးတဲ့ လဖက်ရည် ကော်ဖီတွေ)

အပေါ်ကပုံမှာ တွေ့ရသလို လဖက်ရည်တွေ ကော်ဖီတွေကို အမြည်းပေးပါတယ်။ လုဝကော်ဖီကတော့ အမြည်းတောင် မပေးနိုင်ဘူး။ တန်ဖိုးကြီးလွန်းလို့တဲ့လေ။ ကျွန်မလည်း ဘာမှမ၀ယ်မဲ့အတူတူ အမြည်းသောက်ရမှာ အားနာတာကြောင့် မသောက်ဖြစ်ခဲ့ပါဘူး။ ကော်ဖီတွေအနားရောက်ရဲ့သားနဲ့ ကော်ဖီမသောက်ခဲ့ရတာကတော့ အမှတ်တရပါပဲ။

ကော်ဖီခြံက အပြန် မနီးမဝေးမှာရှိတဲ့ ပါတိတ်ဆေးရေးတဲ့နေရာကို ဆက်သွားကြတယ်။ တကယ်တော့ ကျွန်မက ပါတိတ် မကြိုက်ဘူး၊ ပါတိတ်တွေက အနံတိုတယ်လေ... အဲဒီတော့ ကျွန်မအရပ်နဲ့ အဆင်မပြေဘူး။ ၀တ်လိုက်ရင် တိုနံ့နံ့နဲ့ ကြည့်ရဆိုးတာမို့ ၀တ်လေ့ဝတ်ထလည်း မရှိဘူး။ ဒါပေမဲ့ သူတို့ ဘယ်လို ရေးကြတယ်ဆိုတာကိုတော့ ကြည့်ချင်ပါတယ်။ အင်ဒိုနီးရှားပါတိတ်ဆိုတာ အင်မတန် နာမည်ကြီးလေတော့ လက်ဆောင်လေးဘာလေးလည်း ၀ယ်ရင်းပေါ့။

ပါတိတ်ဆိုင်ကြီးက အကြီးကြီးပဲ။ ဆိုင်ရဲ့ အရှေ့ဖက်မှာ ကွင်းပြင်ကျယ်ကြီး ဓနိမိုးလား သက်ကယ်မိုးလား အဲ့လိုအမိုးမျိုး မိုးထားတယ်။ အမိုးအောက်ရောက်တာနဲ့ အေးစိမ့်သွားတာပဲ။ အဲဒီမှာ အေးအေးဆေးဆေးထိုင်ပြီး ပါတိတ်ဆေးရေးနေသူတွေအပြင် အထည်တွေကို စက်နဲ့ ချုပ်နေတဲ့သူတွေကိုပါ တွေ့ရတယ်။ ပါတိတ်တွေကို ပန်းချီဆရာတယောက် ပန်းချီဆွဲသလို လက်နဲ့ တယုတယ ပုံဖေါ်ရေးဆွဲနေကြသူတွေကို သူတို့ရဲ့ ခွင့်ပြုချက်နဲ့ ကျွန်မ ဓါတ်ပုံရိုက်ပါတယ်။ ဆိုင်ထဲမှာတော့ ဓါတ်ပုံရိုက်ခွင့် မပြုပါဘူး။
(ပါတိတ်ဆိုင် အ၀င်မှာ တွေ့ရတဲ့မြင်ကွင်း)
(ပါတိတ်ဆေးရေး အစ)
(ရွှေရေးလို့ ပြောတယ် ပိတ်စပေါ်မှာ ဖေါင်းကြွဖြစ်အောင်ရေးထားတာ)

အင်မတန်ကျယ်ဝန်းတဲ့ ပါတိတ်ဆိုင်ကြီးထဲမှာ အရောင်အသွေး စုံလင်လှပပြီး အမျိုးအမည်မခေါ်တတ်အောင် များပြားလှတဲ့ ပါတိတ်တွေကို တောင်ပုံရာပုံ တွေ့ရပါတယ်။ ဆိုင်က တယောက်က ကျွန်မကို ဒါက ဆေးရေး၊ ဒါက လက်ရေး၊ ဒါက ရွှေပါတိတ်၊ ဒါက ပိုးပါတိတ်၊ ဒါက ဇင်းမယ်ဆင် အစရှိသည်ဖြင့် သေသေချာချာ လိုက်ရှင်းပြပါတယ်။ ကြည့်ပြီးတော့ မေမေ့အတွက် ဇင်းမယ်ဆင် တထည်နဲ့ ပါတိတ်တစုံ ၀ယ်ဖြစ်ပါတယ်။ ဈေးကတော့ မသေးပါဘူး။ ပိုးဇင်းမယ်တထည်ကို ယူအက်စ်ဒေါ်လာ ၁၀၀ နီးပါး ကျပါတယ်။ ပါတိတ်ဖိုး ပိုက်ဆံရှင်းပြီး ပြန်အထွက်မှာ ပါတိတ်ဆင် ပိုးပ၀ါပါးလေးတွေကို တွေ့တာနဲ့ ပ၀ါကြိုက်တတ်တဲ့ ညီမတယောက်ကို သတိရပြီး ၀ယ်ဖြစ်ပါသေးတယ်။ ဈေးပြန်တွက်ကြည့်တော့ စင်္ကာပူမှာ ရောင်းတဲ့ဈေးနဲ့ အတူတူလောက်ပဲ။
(ကျွန်မ ၀ယ်လာတဲ့ ပါတိတ်သုံးမျိုး)

ပါတိတ်ဆိုင်ကနေ ဟိုတယ်ကို ပြန်လာရာလမ်းတလျှောက်မှာ လူက အတော်လေး ပင်ပန်းနေပြီ။ ဟိုတယ်ပြန်ရောက်တော့ ည ၇ နာရီ… မှောင်နေပြီ။ ဘာစာမှလည်း မရေးနိုင်၊ မရေးချင်… ပြီးတော့ ဘာမှလည်း မတွေးချင်တော့ဘူး။ တောင်တန်းတွေ၊ တိမ်လိပ်တွေ၊ ညစာတွေ၊ ကော်ဖီတွေ၊ မတွေ့ခဲ့ရတဲ့ နှင်းဆီနီတွေ အားလုံးကို အာရုံထဲက ဖျောက်၊ သူ့ကိုပါ မေ့ဖျောက်ပြီး အခန်းထဲပြန်ရောက်တာနဲ့ ရေချိုးပြီး အိပ်လိုက်တယ်။

သက်ဝေ
(၁၅ ဇူလိုင် ၂၀၁၅)

#SupportMyanmar

$
0
0
Myanmar (or Burma) has been suffering from the recent flood disaster. This flood can be regarded as one of the worst disasters in decades. Most of the cities in 10 out of 14 States (or Divisions) are already under water now.
Reportedly, up to 150,000 people had been displaced or had their livelihoods affected due to this terrible flood. More torrential rain is expected in the coming days according to weather forecast.
This post has been posted in order to create the awareness for this flood disaster in Myanmar and let all countries across the world know that flood victims are in need of help for their survival and rehabilitation.
Moreover, people in disaster zones are dying everyday due to lack of food, clean water and basic necessities for life.
For people in Burma, you can check this Hashtag Page ‪#‎SupportMyanmarhttps://www.facebook.com/hashtag/supportmyanmar for more information and donation. 
And also please copy and paste this post on your blog along with hash-tags below to create international awareness. Your help is one of the necessities for flood victims.
#SupportMyanmar ‪#‎SaveBurma‪#‎SupportBurma‪#‎SaveMyanmar‪#‎Flood_Area‪#‎Donate‪#‎Help‪#‎Myanmar‪#‎Flood‪#‎Flooding
Thank you.

Breaking News... 

For those who would like to donate from other countries, please visit to the link below..
https://m.2c2p.com/charityfund
From there, you can make your donation for Myanmar Flood Victims using your Master or Visa without any transaction fees. If you need more informations, please visit here.

https://medium.com/@aungkyawmoe/q-a-for-donation-for-myanmar-flood-8570544787ce

Thank you...!!!

အ နီေ ရာ င် နှ င်း ဆီ ပွ င့် များ နှ င့် အ တူ - ၎

$
0
0
အပြန်လမ်းတလျှောက်မှာ လူက အတော်လေး ပင်ပန်းနေပြီ။ ဟိုတယ်ပြန်ရောက်တော့ ည ၇ နာရီ… အတော် မှောင်နေပြီ။ ဘာစာမှလည်း မရေးနိုင်၊ မရေးချင်… ပြီးတော့ ဘာမှလည်း မတွေးချင်တော့ဘူး။ တောင်တန်းတွေ၊ တိမ်လိပ်တွေ၊ ညစာတွေ၊ ကော်ဖီတွေ၊ မတွေ့ခဲ့ရတဲ့ နှင်းဆီနီတွေ အားလုံးကို အာရုံထဲက ဖျောက်၊ သူ့ကိုပါ မေ့ဖျောက်ပြီး အခန်းထဲပြန်ရောက်တာနဲ့ ရေချိုးပြီး အိပ်လိုက်တယ်။

ဖုန်းမြည်သံခပ်တိုးတိုးကြောင့် အိပ်ရာကနိုးလာတယ်။ ဖုန်းမျက်နှာပြင်မှာ ပေါ်လာတဲ့ ကော်ဖီတခွက်နဲ့ နှင်းဆီပန်းနီနီတွေကို တွေ့လိုက်ရတော့မှ ကျွန်မ အခု ဘယ်ကိုရောက်နေတယ်ဆိုတာ ပြန်ုပီး သတိဝင်လာတယ်။ နာရီကိုကြည့်လိုက်တော့ ကိုးနာရီခွဲနေပြီ။ တယောက်ထဲ အောက်ဆင်းပြီး ညစာ စားမနေချင်တော့တာမို့ ဘာလုပ်ရရင်ကောင်းမလဲ စဉ်းစားရင်း ဟိုဟိုဒီဒီ မျက်စိကစားလိုက်တော့ နေ့လည်က လမ်းဘေးသစ်သီးဆိုင်လေးက ၀ယ်လာတဲ့ စတော်ဘယ်ရီသီး သုံးဗူးကို သွားတွေ့တယ်။ အဲဒါလေးတွေကို ရေဆေးစားပြီး အခန်းထဲမှာ အဆင်သင့်ရှိနေတဲ့ ကော်ဖီတခွက်နဲ့ဆို အဆင်ပြေပြီ။
(Kintamani က အပြန်လမ်းမှာ ၀ယ်လာတဲ့ စတော်ဘယ်ရီသီးတွေ)

တော်တော်နဲ့ ပြန်အိပ်လို့မရတော့မဲ့အတူတူ ကော်ဖီသောက်ရင်း နေ့လည်က အကြမ်းရေးမှတ်လာခဲ့တဲ့ ခရီးသွားမှတ်တမ်းကို ပြန်ဖတ်ကြည့်နေမိတယ်။ ကျွန်မ ဘာလီကိုရောက်တာ နှစ်ရက်ရှိပြီ။ ဟိုး မိုးကုတ်စက်ဝိုင်းအစွန်းအထိ မျက်စိတဆုံး မြင်ရမဲ့ ရေပြင်ပြာပြာတွေနဲ့ လှိုင်းဖွေးဖွေးတွေကို မတွေ့ရသေးတာမို့ စိတ်ထဲမှာတော့ တမျိုးပဲ။ ဟိုတွေးဒီတွေးနဲ့ မအိပ်ချင်ပေမဲ့ နောက်တနေ့ ခရီးဆက်စရာ ရှိနေသေးတာမို့ ညဆယ့်နှစ်နာရီလောက်မှာ ပြန်အိပ်ပျော်အောင် ကြိုးစားရတယ်။

မနက်ကျတော့လည်း ထုံးစံအတိုင်း အစောကြီးနိုးနေပြန်တာပါပဲ။ ရေမိုးချိုး၊ လိုအပ်တဲ့ပစ္စည်း စုံ မစုံ စစ်ဆေးပြီး မနက်စာ စားဖို့ အောက်ကို ဆင်းလာခဲ့တယ်။ ညက ညစာမစားခဲ့တာမို့ ဗိုက်ဆာနေပြီ။ ခါတိုင်း မနက်စာကို များများစားလေ့မရှိသော်လည်း ဒီမနက်တော့ ခေါက်ဆွဲကြော်၊ မှိုဟင်း၊ ကြက်သား စတာတွေကို အမျိုးစုံအောင် နည်းနည်းချင်းစီ ယူစားဖြစ်တယ်။ ပြီးတော့ ကော်ဖီနဲ့ မုန့်။ ဘာလီကော်ဖီကို ကျွန်မ တော်တော်ကြိုက်နေပြီ။ ဒီမနက် ဖုန်းပြောတော့ အဲဒီအကြောင်း သူ့ကို ပြောပြဖြစ်တယ်။ ဘာလီကော်ဖီ ဓါတ်ပုံလေးပို့လိုက်တော့ ဓါတ်ပုံထဲက နေရောင်ထိုးနေတဲ့ မှန်သားစားပွဲပြင်ပေါ်မှာ၊ ကော်ဖီခွက်ထဲမှာ ကျွန်မရဲ့ အရိပ်တစွန်းတစကို တွေ့လိုတွေ့ငြား လိုက်ရှာနေသေးတယ် တဲ့။ ပြီးတော့ နှင်းဆီနီတွေ အများကြီး ပို့ထားတယ် ဒီနေ့လည်း လိုက်ရှာကြည့်အုံးနော်လို့ မှာတယ်။
 (မနက်စာ ခေါက်ဆွဲကြော်၊ မှိုဟင်းနဲ့ ကြက်သားဟင်း)
(ကော်ဖီနဲ့ မုန့်အချို)

 ခဏကြာတော့ ကားဆရာကြီး ရောက်လာတယ်။ ပြုံးပြုံး ပြုံးပြုံးနဲ့ ကျွန်မကို မင်္ဂလာပါ လို့ မြန်မာလိုနှုတ်ဆက်လို့ ရယ်မိတယ်။ ဒီနေ့ခရီးစဉ်က ဘာလီရဲ့ နာမည်ကျော် ဘုရားကျောင်းတွေဖြစ်တယ်၊ မင်းသဘောကျမှာ သေချာတယ်လို့ ပြောတယ်။ ပြောရရင် ကျွန်မစိတ်ထဲမှာ ဘာလီဆိုတာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းကလေးတခု၊ လှပတဲ့ ကမ်းခြေတွေကြောင့် နာမည်ကျော်တဲ့ ကျွန်းနိုင်ငံလေးလို့သာ သိထားခဲ့တာ။ တကယ်တမ်းမှာ ဘာလီဆိုတာ ကမ်းခြေအလှတခုထဲ မဟုတ်ပဲ ရှေးဟောင်း အမွေအနှစ် အနုပညာလက်ရာတွေနဲ့ ဘုရားကျောင်းတွေ၊ ပြီးတော့ စိမ်းလန်းစိုပြေတဲ့ ပန်းခြံတွေ စပါးစိုက်ခင်းတွေ၊ ယဉ်ကျေးမှုလက်ရာတွေနဲ့ လက်မှုပညာအမျိုးစုံ ထွန်းကားတဲ့ စိတ်ဝင်စားဖွယ် ကျွန်းကလေးဆိုတာ အခုမှ သိလာရတယ်။ လမ်းတလျှောက် တွေ့နေရတဲ့ ဘာလီရဲ့ ရိုးရာအိမ်ကလေးတွေမှာ ပန်းခက်ပန်းနွယ်တွေ ကနုတ်တွေနဲ့ ပုံဖေါ်ထားတဲ့ ခိုင်ခံ့တဲ့ ခြံစည်းရိုး၊ အိမ်အ၀င်က သစ်သားတံခါး ပိန်ရှည်ရှည်လေးတွေ၊ ဘေးတဖက်တချက်မှာ သူတို့ရဲ့အထိမ်းအမှတ် ကျောက်ထွင်းရုပ်တုတွေနဲ့ ပြီးတော့ အိမ်တိုင်း အိမ်တိုင်းမှာ ဘုရားကျောင်းလေးတွေ သီးသန့် ထားတတ်တာကို သတိပြုမိတယ်။ အနီရောင် အုတ်ကြွပ်မိုးတွေနဲ့ တထပ်အိမ်ပြားပြားလေးတွေများတယ်၊ အထပ်မြင့်အိမ် နည်းပါးတယ်။
(ဂိတ်တံခါးတွေရဲ့ ဘေးမှာ ထားတတ်တဲ့ ကျောက်တုံးကို ထွင်းထုထားတဲ့ ရုပ်တုတွေ)

မကြာခင်မှာ Taman Bencingah Puri Ageng လို့ အမည်ရတဲ့ ပန်းခြံတခုကို ရောက်လာပါတယ်။ Taman ဆိုတာကတော့ ပန်းခြံမှန်း စကာင်္ပူသူ ကျွန်မက သိနေပြီးသားပါ။ အထဲမှာ နေရာအကျယ်ကြီးပါပဲ၊ မြက်ခင်းစိမ်းနဲ့ သစ်ပင်တွေလည်း အများကြီးတွေ့ရပါတယ်။ ပန်းပွင့်တော့ သိပ်မရှိဘူး။ နှင်းဆီနီတွေလည်း မရှိပါဘူး။ အထဲရောက်သွားတော့ နန်းမြို့ရိုးလို အုတ်တံတိုင်းကို တွေ့ရပါတယ်။
(Taman Bencingah Puri Ageng အမည်ရ ပန်းခြံအ၀င်ဝ)
(ပန်းခြံထဲက နန်းမြို့ရိုးလို အုတ်တံတိုင်း)
(Taman Bencingah Puri Ageng ပန်းခြံအတွင်းပိုင်း)

ပန်းခြံထဲမှာ ဓါတ်ပုံရိုက်လို့ အားရတော့ နောက်တနေရာကို ခရီးဆက်ကြတယ်။ အဲဒီနေရာကို မသွားခင် ပန်းခြံကအထွက်မှာ မုခ်ဦးတခုတွေ့တယ်၊ အဲဒီမုခ်ဦးရဲ့ ဘယ် ညာ တဖက်တချက်မှာ ပုဆိုး အဖြူနဲ့ အနက်ကွက်ကို စည်းထားပြီး ထိုင်နေတဲ့ အရုပ်တခုစီကို တွေ့တယ်။ အဲဒါ ဘာအထိမ်းအမှတ်လဲ လို့ မေးကြည့်တော့ ဟိန္ဒူနတ်ဘုရား ကျောက်ရုပ်တုတွေ တဲ့၊ မကောင်းဆိုးဝါးတွေကို မောင်းနှင်ပေးနိုင်တာမို့ ရပ်ကွက်အ၀င်ဝတွေ၊ လမ်းဆုံလမ်းခွတွေမှာ တည်ထားတယ်လို့ သိရတယ်။
(လမ်းဆုံလမ်းခွတွေက ဟိန္ဒူနတ်ဘုရား ကျောက်ရုပ်တုတွေ)

အခု ဆက်သွားမဲ့နေရာကတော့ Ulun Danu Temple တဲ့။ Temple in the Lake လို့ ခေါ်ကြတယ်။ ပင်လယ်ရေမျက်နှာပြင်ကနေ မီတာ ၁၂၀၀ အမြင့်မှာရှိတဲ့ Bratan ရေကန်ကြီး (Lake Bratan) ထဲမှာ တည်ထားတဲ့ ဟိန္ဒူဘုရားကျောင်းတခု လို့ သိရတယ်။ အဲဒီ Lake Bratan ဟာ တကယ်တော့ မီးတောင်အ၀ လို့ ပြောရမယ်။ ၁၇ ရာစုထဲက တည်ထားတဲ့ Ulun Danu Temple ကိုတော့ အဲဒီရေကန်ရဲ့ အစပ်နားမှာတွေ့ရတယ်။ တောင်ပေါ်ဒေသမို့ အေးမြတဲ့ရာသီဥတုရယ်၊ သာယာပြီး လှပတဲ့ ပတ်ဝန်းကျင်ရယ်၊ တည်ငြိမ်တဲ့ ကန်ရေပြင်အလှရယ်ကြောင့် ခရီးသွားတွေမရောက် မဖြစ် ရောက်အောင်သွားကြရမဲ့ နေရာတခုပါ။
(Ulun Danu Temple အ၀င်ဝ)
(အေးစိမ့်ပြီး မြူခိုးတွေ တောင်ခိုးတွေ ဝေနေတဲ့ Lake Bratan ထဲက ဟိန္ဒူဘုရားကျောင်း)
(Ulun Danu Temple အနီးကပ်မြင်ကွင်း)

လူတွေ ပြုပြင်ဖန်တီးယူလို့မရတဲ့ တောတောင်ရေမြေ သဘာဝအလှအပတွေထဲမှာ တမေ့တမော နစ်မျော ပျော်ဝင်နေရတဲ့အရသာဟာ ဘာနဲ့မှ မတူဘူး။ အထူးသဖြင့် အခုလို အေးမြတဲ့ တောင်ပေါ်ရာသီတွေကို နှစ်သက်တဲ့ ကျွန်မအတွက် Lake Bratan ဟာ အင်မတန် အသက်ရှူလို့ဝပြီး စိတ်အေးချမ်းသာရှိစေတယ်။ မြင်မြင်သမျှအရာ အားလုံး လှပနေခဲ့တယ်။ မြေပြင်ပေါ်မှာ အလေ့ကျပေါက်နေတဲ့ သစ်ပင်ကလေးတွေ၊ သစ်ကိုင်းလေးတွေ၊ သစ်ရွက်ကလေးတွေကအစ လှနေတာပဲ။ နှင်းဆီနီတွေ မတွေ့ရပေမဲ့ တွေ့တဲ့ ပန်းတိုင်းဟာ ကျွန်မမျက်စိထဲမှာ သိပ်လှနေခဲ့တယ်။
(တယောက်ကို တယောက် မှီတွယ်နေတဲ့ ချစ်စဖွယ် ပန်းကလေးနှစ်ပွင့်)

Lake Bratan က ပြန်တော့ နေ့လည်စာ စားချိန်ရောက်နေပြီ။ မနေ့ကလိုပဲ တောင်စောင်းမှာရှိတဲ့ ဆိုင်ကလေးတခုကို သွားကြတယ်။ သိပ်ထူးခြားဆန်းပြားတဲ့ စားစရာတွေ မရှိပေမဲ့ ကော်ဖီကောင်းကောင်းရယ် မြင်ကွင်းလှလှတွေရယ်ဆို ကျွန်မရဲ့ နေ့လည်စာက အဆင်ပြေပြီ မဟုတ်လား။ ဆိုင်လေးကိုရောက်တော့ မနေ့ကလိုပဲ တကယ့်တောင်စွန်းလေးမှာ… သိပ်သာယာတာပဲ။ အောက်ကို ငုံ့ကြည့်လိုက်ရင် အတန်းလိုက် စီရီ ညီညာနေတဲ့ စိုက်ခင်းကလေးတခုကို တွေ့ရတယ်။ မလှမ်းမကမ်းမှာကတော့ လှေခါးထစ် စိုက်ခင်းတွေ၊ ပြီး ဟိုးဝေးဝေးကို လှမ်းကြည့်လိုက်ရင်တော့ တောင်ခိုးတွေဝေနေတဲ့ကြားက သစ်တောအုပ် စိမ်းစိမ်းတွေ… သိပ်လှတာပဲ။
(တောင်စောင်းက ဆိုင်ကလေးရဲ့ အခင်းအကျင်း)
(ဆိုင်ကလေးကနေ မြင်ရတဲ့ စိုက်ခင်း)

နေ့လည်စာ စားပြီးတော့ Tanah Lot Temple ကို သွားကြမယ်လို့ ကားဆရာကြီးက ပြောတယ်။ အသွားလမ်းမှာ တနာရီလောက် မောင်းပြီးတော့ (Butterfly Park) လိပ်ပြာဥယျာဉ်ကို ရောက်တယ်။ အညောင်းအညာဖြေဖို့ ခဏ ၀င်ကြတယ်။ Butterfly Park ဆိုသော်လည်း လိပ်ပြာတွေ များများစားစား မတွေ့ခဲ့ရဘူး၊ တွေ့တဲ့လိပ်ပြာတွေကလည်း တစက်ကလေးမှ အငြိမ်မနေကြဘူး။ သူတို့နောက်ကနေ လိုက်ပြီး ဓါတ်ပုံရိုက်ဖို့ ချိန်ရတာ ကြာတော့ ကျွန်မ မောလာတယ်။ ဒါနဲ့ ပြတိုက်ထဲက လိပ်ပြာတွေကိုပဲ ဓါတ်ပုံရိုက်ခဲ့တယ်။
(ပြတိုက်ထဲက လိပ်ပြာတွေ)
(ရှားရှားပါးပါး လိပ်ပြာလေးတကောင်ကတော့ ငြိမ်ငြိမ်နေပြီး ဓါတ်ပုံအရိုက်ခံတယ်)

လိပ်ပြာတွေကြည့်ပြီးတော့ Tanah Lot Temple ကို ခရီးဆက်ကြတယ်။ Tanah Lot Temple ဆိုတာ အင်္ဂလိပ်လိုဆို Temple in the Sea လို့ ခေါ်ကြတယ်။ ပင်လယ်ထဲက ဘုရားပေါ့။ ပင်လယ် ဒီရေတိုက်စားပြီး အရစ်အရစ်ထနေတဲ့ ကျောက်ဆောင်ပေါ်မှာ တည်ထားတဲ့ ဟိန္ဒူဘုရားကျောင်းပါ။ အဲဒီဘုရားကျောင်းရဲ့ အောက်ခြေက လှိုဏ်ဂူတွေထဲမှာ အဆိပ်ပြင်းတဲ့ ပင်လယ်မြွေတွေ နေထိုင်ပြီး ဘုရားကျောင်းကို စောင့်ရှောက်တယ်လို့ ဆိုကြတယ်။ ကျွန်မတို့ ရောက်သွားတဲ့အချိန်က ပင်လယ် ဒီရေကျချိန် ဖြစ်နေတယ်။ ဒါကြောင့် ဘုရားတည်ထားရာ ကျောက်ဆောင်တွေအနားအထိ ရေစပ်စပ်ကြားထဲက လျှောက်ပြီး သွားလို့ရပါတယ်။ ကျွန်မကတော့ မြွေဆိုတဲ့ အသံကြားတာနဲ့ ခြေလှမ်းတွေက အလိုလိုနေရင်း တုံ့နှေးနေပြီးသားပါ။ ခပ်လှမ်းလှမ်းကနေပဲ ဓါတ်ပုံရိုက်ခဲ့ပါတယ်။
(ရေတိုက်စားထားတဲ့ ကျောက်ဆောင်ပေါ်မှာ တည်ထားတဲ့ Tanah Lot Temple)
(ရေကျချိန်မို့ ကျောက်ဆောင်တွေအနားအထိ သွားနေကြသူတွေ)

Tanah Lot Temple ရဲ့ မြောက်ဖက် မနီးမဝေးမှာလည်း ဘုရားကျောင်းတခုကို ထပ်တွေ့ရပါတယ်။ သူလည်း ပင်လယ်ရေတိုက်စားထားတဲ့ ကျောက်အငူတခုပေါ်မှာ တည်ထားတဲ့ ဘုရားပါပဲ။ ဘာလီကို မလာခင်က တံတားလိုလို ဘာလိုလို၊ အောက်မှာ အပေါက်ကြီးနဲ့ ရေတွေတိုးနေတဲ့ ကျောက်ဆောင်ကြီးကို အင်တာနက်ထဲမှာ၊ ဓါတ်ပုံတွေထဲမှာပဲ တွေ့ဖူးနေခဲ့တာ။ ပင်လယ်ရေတိုးသံတွေ တ၀ုန်းဝုန်းကြားမှာ အလွှာအလွှာ အရစ် အရစ်ထနေတဲ့ အဲဒီ ကျောက်ဆောင်ကြီးကို အခုလို မျက်ဝါးထင်ထင်တွေ့လိုက်ရတော့ ကျွန်မ အကြာကြီး ငေးကြည့်နေမိတယ်။ ပြီးတော့ သဘာဝဟာ ထူးဆန်းလိုက်တာ လို့ပဲ မကြာခဏ ရေရွတ်နေမိတယ်။ လေတွေကလည်း တိုက်လိုက်တာဆိုတာ လူကို လွင့်ပါသွားတော့မတတ်ပါပဲ။
(သဘာဝက ဖန်တီးထားတဲ့ ကျောက်ဆောင်ပေါ်မှာ တည်ထားတဲ့ Temple)

Temple ကနေ ပြန်ကြတော့ မိုးတွေအုံ့လာတယ်။ ဒီနေ့ ရာသီဥတုကောင်းတယ်၊ မိုးမရွာဘူး တိမ်လည်း မထူဘူး ပင်လယ်ရေကလည်း ကျတယ် မင်းတော့ ဓါတ်ပုံကောင်းကောင်းတွေ အများကြီး ရခဲ့မှာပဲ လို့ ကားဆရာကြီးက ပြောတယ်။ အဲဒီဘုရားကျောင်းနဲ့ ဟိုတယ်နဲ့က ကီလိုမီတာ နှစ်ဆယ်လောက်ပဲ ရှိတာမို့ သိပ်အကြာကြီး မမောင်းရဘူး။ ဒါကြောင့် ဒီညနေတော့ ဟိုတယ်ကို နည်းနည်းစောစောပြန်ရောက်တယ်။ ဒီနေ့ ခရီးစဉ်တလျောက်မှာ ရိုက်လာခဲ့တဲ့ ဓါတ်ပုံတွေကို သဘောတကျ ပြန်ကြည့်ရင်း ညနေစာ စားဖို့ကိုရော၊ အနီရောင်နှင်းဆီပန်းတွေကိုပါ ကျွန်မ မေ့လျော့နေခဲ့တယ် ဆိုတာ ၀န်ခံရမှာပါပဲ။

သက်ဝေ
(၁၂ သြဂက်စ် ၂၀၁၅)

Blog Day အမှတ်တရပိုစ့်

$
0
0

ဘလော့ဂါ သက်တမ်း ခုနှစ်နှစ်နီးပါးရှိခဲ့ပြီ။

မျက်နှာစာအုပ် မပေါ်သေးခင် ဘလော့ဂ်များ ခေတ်ကောင်းချိန် အစောပိုင်းကာလများမှာ ဘလော့ဂါတစ်ယောက်အဖြစ် အလွန် တက်တက်ကြွကြွ ရှိခဲ့ဖူးသည်။ အချိန်ရှိတိုင်း ကိုယ့်ဘလောဂ့်မှာ ဘာလေး ရေးရပါ့မလဲ ဟု တွေးနေခဲ့ဖူးသည်။ အလုပ်တစ်ဖက်၊ မိသားစုတာဝန်က တစ်ဖက်၊ အခြားသော လူမှုရေး ဝေယျာဝစ္စများကြားမှ မပျက်မကွက် ဘလော့ဂင်းနိုင်ရန် အိပ်ချိန်ကို လျှော့ချခဲ့ရဖူးသည်။ သောကြာ၊ စနေညမျိုးမှာ ကော်ဖီပြင်းပြင်းတစ်ခွက် ဘေးနားချရင်း ဘလော့ဂ်စာမျက်နှာများပေါ်မှာ တစ်ညလုံးနီးပါး မအိပ်မနေ အချိန်ပေးခဲ့ဖူးသည်။ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှု အားနည်းသောကြောင့် မတော်တဆ ဘလော့ဂ် Template မှာ အမှားအယွင်း ဖြစ်သွားချိန်၊Cbox ပျောက်သွားချိန်၊ စာလုံးများ မညီမညာ ဖြစ်သွားချိန်များမှာ ကိုယ့် ဘလောဂ်လေးအတွက် စိုးရိမ်စိတ်က ငယ်ထိပ်ရောက်ပြီး မစားနိုင် မအိပ်နိုင်လည်း ဖြစ်ခဲ့ဖူးသည်။ ရသမျှအချိန်တိုင်းမှာ တစ်ဘလော့ဂ်ဝင် တစ်ဘလော့ဂ်ထွက် လိုက်လည်၊ စာဖတ်၊ မှတ်ချက်ရေးခဲ့ဖူးသည်။ Cbox ဟု ခေါ်သော Chat box များမှာ သူများတွေ စကားပြောနေကြသည်ကို ခဖ၀ရ* လုပ်ခဲ့ဖူးသည်။ နောက်ပိုင်း ထို Cbox များမှာ ကိုယ်နဲ့ မျက်မှန်းတန်းမိပြီး အတန်အသင့် ရင်းနှီးသောသူ တစ်ယောက်စ နှစ်ယောက်စ တွေ့ပါက စကားနည်းနည်းပါးပါး ဝင်ပြောဖြစ်သည်။ ထို့အပြင် သီချင်းစာသားများကို စိတ်ရှည်လက်ရှည် ရေးသားကာ တစ်ယောက် တစ်ပေါက် သီချင်းဆိုခဲ့ကြဖူးသည်။

ရေးထားသောစာ အသွားအလာနှင့် ကလောင်နာမည်ပေါ် မူတည်၍ အနှီဘလော့ဂါ သည် ကျားလော မလော၊ မည်သည့် တိုင်းပြည်တွင် အခြေချ နေထိုင်သနည်း၊ မည်သို့သော အလုပ်အကိုင်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသနည်း၊ သူ့အသက် မည်၍ မည်မျှရှိနိုင်မည်နည်း၊ ကိုယ့်ထက် ကြီးသူလော ငယ်သူလော တို့ မှ အစချီကာ အိမ်ထောင်ရှိသူလော မရှိသူလော၊ ဘာညာ သာရကာ… အစရှိသည်ဖြင့် စုစုစပ်စပ် ခန့်မှန်းခဲ့ဖူးသည်။ အတန်အသင့်ရင်းနှီးသော ဘလော့ဂါတစ်ချို့နှင့် တိုးတိုးတိတ်တိတ် အဖြေတိုက်ခဲ့ရဖူးသည်။ ကိုယ်မှန်းဆထားသည်မှာ မှန်နေလျှင် ပျော်ရွှင်ခဲ့ရသည်။

ဟိုး အစောကြီးထဲက ကိုယ်က တစ်ဖက်သတ် သိနေသော မမခင်ဦးမေကို လူရွှင်တော်တစ်ယောက် လေသံမျိုဖြင့် သိနေတယ်လေ ဟု ပြောပြီး မကြာခဏ သွား စခဲ့ နောက်ခဲ့ ဖူးသည်။ အမ စိတ်တိုသည်ကိုတွေ့လျှင် တိတ်တိတ်ကလေး ပျော်ရွှင်ရယ်မောခဲ့ဖူးသည်။ (သက်ဝေတို့ ဆိုးချက်) ကိုအောင်သာငယ်ကို ငယ်ငယ်ကအကြောင်း အနည်းငယ် အစဖေါ်ပေးကာ သက်ဝေ ဘယ်သူလဲ သိလား ဟု ပဟေဠိ လုပ်ခဲ့ဖူးသည်။ ကေသွယ့်ကိုလည်း ကေနဲ့ တို့ တွေ့ဖူးကြတယ်နော် မှတ်မိလား ဟု လှမ်းပြောခဲ့ဖူးသည်။ ပန်ဒိုရာကတော့ အနီးဆုံးသူမို့ ကိုယ် ဘယ်သူ ဆိုတာ အချိန်အတော်ကြာမှ (ရှက်ရှက်နှင့်) ဖွင့်ပြောခဲ့ရသည်။ ငယ်သူငယ်ချင်း ချစ်ကြည်အေးကို မိုက်ဖေါ်မိုက်ဖက် တစ်ယောက်တော့ တိုးပဟ ဟုဆိုပြီး ဘလော့တစ်ခု ဖွင့်ပေးခဲ့သည်။ တန်ခူး၊ တီတီဆွိ၊ မသီတာ နှင့် စုချစ်သူတို့ကို သူငယ်ချင်းအရင်းကြီးတွေလေ ဟု ပြောင်ချော်ချော် သွားပြောပြီး ပဟေဠိ လုပ်ခဲ့ဖူးသည်။ နောက်မှ ပြန်သိရသည်မှာ သူတို့ကလည်း ကိုယ် ဘယ်သူဆိုတာ တိတိကျကျ မှန်မှန်ကန်ကန် ခန့်မှန်းပြီးသား၊ သိနေပြီးသားတဲ့။ ((((တိန်))))

အနည်းငယ် ပါစင်နယ်ဆန်သော Tag Post များရေးကြရင်း သူ့အကြောင်း ကိုယ့်အကြောင်း၊ သူ့အကြိုက် ကိုယ့်အကြိုက်၊ သူ့ဝါသနာ ကိုယ့်ဝါသနာ…အစရှိသည်တို့ တစ်စ တစ်စ ပေါ်လွင်လာခဲ့သည်။ ဘယ်သူက ဘယ်နိုင်ငံမှာနေသည်ကို သိလာခဲ့သည်။ဘယ်သူက မကြာခဏ ခေါင်းကိုက်တတ်သလဲ သိနေကြသည်။ သောက်စရာ ဆေးအမည် လှမ်းပြောတတ်ကြသည်။ ကိုယ် မီးပူတိုက် အလွန်ပျင်းတာ သူတို့တွေ သိကုန်ကြသလို နေ့လည်စာကို ရုံးမှာ ထမင်းမစားပဲ ပန်းသီးနဲ့ ကော်ဖီ၊ ဘီစကစ် သာ စားသည်ကိုလည်း သိကုန်ကြသည်။ နေထိုင်မကောင်းဖြစ်လည်း သိကြသည်။ အလုပ်များပြီး စာမရေးနိုင်လျှင်လည်း တစ်ယောက် တစ်ယောက် သတင်းမေးကြသည်။ ထိုစဉ်က ပွင့်လင်းမြင်သာသော ကာလ မဟုတ်သေးသောကြောင့် တချို့ကိစ္စများမှာ အချင်းချင်း သဘောထား ကွဲလွဲတတ်ကြသည်။ ကော်မန့်များမှ တစ်ဆင့် ငြင်းခုန်ကြသည်။ စကားနိုင်လုကြသည်။ ပြီးတော့လည်း ပြေပြေလည်လည် ပြန်ဖြစ်ကြသည်။ ဘာပဲဖြစ်ဖြစ် များစွာ ပျော်ရွှင်ဖွယ်ရာကောင်းလှသော၊ လွမ်းဆွတ်ဖွယ်ကောင်းလှသော အချိန်များ ဖြစ်ပါသည်။

ဘလော့ဂ်တကာမှ Banner များကို ကော်ပီကူးကာ နောက်တစ်နေ့တွင် ကော်မန့်ရေးကာ လာရွေးခိုင်းပြီး ဘလော့ဂ် ကျီးမနိုးပွဲ ကျင်းပဖူးသည်။ သကြံန်အချိန်များတွင် ဘလော့ဂ်တွေမှာ သင်္ကြန်သံချပ်အတွက် မဏ္ဍပ်ဖွင့်ကြသည်။ ဓါတ်ပုံများမှ တဆင့် စတုဒီသာ ကျွေးကြသည်။ ထိုအချိန်က ကလောင်စွမ်းထက်လှသော၊ အသောအထေ့ ပိုင်နိုင်လှသော သံချပ်ပေါင်း အမြောက်အများ ဖတ်ခဲ့ကြရသည်။ သီတင်းကျွတ်ဆိုလျှင် ကြီးသူတွေကို ငယ်သူတွေက ဘလော့ဂ်တစ်ကာ လိုက်လည်ကာ ကန်တော့တတ်ကြသေးသည်၊ မုန့်ဖိုးများလည်း တောင်းတတ်ကြသေးသည်။ ဧပြီလ တစ်ရက်နေ့တွင် ဘလော့ဂ်ပေါ်မှာပင် မရမက ဧပရယ်ဖူးလ် လုပ်ကြသေးသည်။ 

ထိုမျှသာမက ဒီကိုလာ ဘလော့ဂ်ပိုင်ရှင် တီဇက်အေ ခရီးတစ်ခေါက်သွားလျှင် ပိုစ့် ဆယ်ပိုစ့်မက ဖတ်ရမှန်း သိလာခဲ့သည်။ ကလူသစ် သမီးလေးမွေးသည်ကို သိပြီးနောက် သမီးနှင့် ပတ်သက်သမျှ သူ ဘာရေးရေး မပျက်မကွက် ဖတ်ခဲ့ဖူးသည်။ ကင်မရာအကြီးကြီး ထမ်းထားသော ပုံနှင့် ဘလော့ထိပ်စည်းမှာ ရေးထားသော လွတ်မြောက်ခြင်းဆိုသည်မှာ ရွေးချယ်ပိုင်ခွင့်ပင် ဖြစ်သည် ဟူသော စာသားကို နှစ်သက်ပြီး ထိုဘလော့ဂ်ပိုင်ရှင် အမကိုတော့ သတင်းကြေငြာသော အစီအစဉ်တွင် ကျွန်မ ခင်မင်းဇော်ပါရှင် ဟု ပြောနေစဉ်မှာ အရင်ဆုံး တွေ့ဖူးခဲ့သည်။ ကျွန်တော်တို့ ကျွန်မတို့သည်ဘလော့ပိုင်ရှင် ကိုအန်ဒီ တစ်ယောက် မျက်စိရှေ့တွင်ပင် သမီးတစ်ယောက်၊ သားတစ်ယောက် ထွန်းကားခဲ့သည်ကို မှတ်မိနေသည်။ စာရေးကောင်းပြီး မြန်မာစာပေကို တလေးတစားရှိလှသော မေဓါဝီ ပိုစ့်အသစ်တက်တိုင်း မှန်မှန်သွားဖတ်ခဲ့ရသည်။ မောင်မျိုး သူ့ အမေအကြောင်း၊ သူ့မိသားစုကို သတိရကြောင်းရေးလျှင် ကိုယ်ချင်းစာစိတ်ဖြင့် ဖတ်ခဲ့ရဖူးသည်။ ဝတ္ထုတိုများ အရေးကောင်းသော ပုံရိပ်ကို စာများများရေးပါဟု မကြာမကြာ သွားတိုက်တွန်းခဲ့ဖူးသည်။ အိမ်လွမ်းသော ရွှေဂျမ်း၏ လက်စွမ်းပြ ပဲပြုတ်နှင့်ငချိတ်ပေါင်းကို အနီးကပ်ရိုက်ထားသော ဓါတ်ပုံကို ကိုယ် အခုထိ မမေ့သေး။ ဂျပန်ပြည်မှနုစံကို ဂျပန်ကီမိုနိုလေးဖြင့် စိတ်ကူး ပုံဖေါ်ကြည့်ခဲ့ဖူးသည်။ ကိုအောင် ပျူနိုင်ငံ ရေးလေ့ရှိသော သရဲပိုစ့်များကို စေ့စေ့စပ်စပ် မဖတ်ရဲသောကြောင့် အမြဲတမ်း ကျော်လွှားပြီး အသာ ရှပ် ဖတ်ခဲ့ရသည်ကိုလည်း မမေ့။ ကိုယ်နှင့် တစ်တိုက်ထဲ အပေါ်ထပ် အောက်ထပ် နေသော ပြုံးပြုံးပြုံးပြုံးနှင့် ခပ်ဝဝ အနှီလူသားသည် ဘလော့ဂါ ပီတိမှန်း အိမ်ပြောင်းပြီးမှ သိခဲ့ရသည်။ (တော်သေးပါရဲ့… တော်သေးပါရဲ့…) 

ထို့အပြင် နှလုံးသားရပ်ဝန်းမှ အသံများ ဘလော့ပိုင်ရှင် ကိုဘွိုင်းဇ် သူ့ဘလော့ဂ်မှာ ကောင်မလေးပုံ တစ်ပုံတင်သည်ကို သေသေချာချာ မှတ်ထားကာ ယခုထက်တိုင် လစ်လျှင် လစ်သလို ကြပ်နေရဆဲ။ စာရေးကောင်းသော ရွာသားလေးကို စာပြန်ရေးဖို့ မကြာခဏ တိုက်တွန်းရပြီး သူ့ဘလော့ဂ်ကို ပိတ်လိုက် ဖွင့်လိုက် လုပ်နေလျှင် စိတ်တိုရဆဲ။ Cbox များတွင် သီချင်းဆိုဖေါ် ဆိုဖက် ချစ်ပေါက်ကို အပြင်မှာ မတွေ့ရသေးသော်လည်း ချစ်ခင်စွာ အမျိုးတော်ထားဆဲ။ နာမည်ရင်း ပျောက်ကာ စင်စင်ဟု အမည်တွင်နေသူ (ယခု မှုံမှုံနှင့် မောင်မောင်တို့ မိခင်) ကို ဘလော့အလည်နိုင်ဆုံး ဆု ပေးချင်စိတ်ရှိနေဆဲ။ 

ဤသို့ ဤသို့သောချစ်စဖွယ် အလေ့အထများ နှင့် အမှတ်တရ အဖြစ်အပျက်များ ဘလော့ဂ်စာမျက်နှာများပေါ်တွင် တစ်ချိန်က အမှန်တကယ် ရှိခဲ့ဖူးပါသည်။ 

ထိုအချိန်က စာရေးအသား အလွန်ကောင်းပြီး စာရေးအားလည်း ကောင်းသော ဘလော့ဂါ များအနက်က အခုအချိန်တွင် ဘယ်ဆီ ဘယ်ဝယ်ကို ရောက်နေမှန်း မသိနိုင်အောင် ပျောက်ချက်သားကောင်းလှသော စာရေးဖေါ် ဘလော့ဂါများကို သတိရမိပါသည်။ တစ်ချို့ကိုတော့ စာဆက်မရေးကြတော့သော်လည်း မျက်နှာစာအုပ်တွင် ပြန်တွေ့ရပါသည်။ ပြန်ရှာမတွေ့ပဲ ပျောက်ချင်းမလှပျောက်နေသော ကိုယ် သတိတရ ရှိနေသော ဘလော့ဂါ တစ်ချို့မှာ လေးမ၊ ကိုဇနိ မဇနိ၊ မီယာ၊ နုသွဲ့ တို့ ဖြစ်သည်။

ဘလော့ဂါများသည် သူတို့၏ ကိုယ်ပိုင်ဟန်၊သူတို့ ရေးလေ့ရှိသော အကြောင်းအရာ၊ သူတို့၏ စိတ်ဝင်စားမှုများ တစ်ဦးနှင့် တစ်ဦးမည်သို့ပင် ကွဲပြားခြားနားသည်ဖြစ်စေ ဘလော့ဂ်အပေါ် ချစ်ခင် သံယောဇဉ်ကြီးကြခြင်းမှာတော့ အားလုံး တူညီကြပါသည်။ 

သည်နေ့ Blog Day အတွက် အမှတ်တရ ပိုစ့်ကိုရေးရန် အန်တီတင့်က လွန်ခဲ့သော နှစ်ပတ်ခန့်ထဲက တိုက်တွန်း နှိုးဆော်ခဲ့ပါသည်။ မည်သည့်အကြောင်းအရာကို ဦးတည်ရေးရမှန်း မသိသောကြောင့် (ထုံးစံအတိုင်း) နောက်ဆုံးမိနစ် မရောက်မချင်း အချိန်ဆွဲနေမိပါသည်။ သို့သော် အန်တီတင့်က မရေးမချင်း မျက်နှာစာအုပ်ပေါ်တွင် တုတ်ကိုင်ပြီး စောင့်နေဟန်တူသောကြောင့် စာမပြီးမချင်း မျက်နှာစာအုပ်ပေါ်လည်း မတက်ရဲပါ။ သည်လိုနှင့် ဟိုတွေး ဒီတွေး တွေးရင်းက ဟိုး အရင်အချိန်များဆီက အရှိန်အဟုန် ကောင်းကောင်းနှင့် လှလှပပ စီးဆင်းခဲ့သော ဘလော့ဂ်များ နှင့် ဘလော့ဂါများအကြောင်း လက်လှမ်းမီသရွေ့ သတိတရကြိုးစားပမ်းစား ရေးသားလိုက်ရပါသည်။ 

ချစ်သော အန်တီတင့် ကျေနပ်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ဒီတစ်ခါ စင်္ကာပူကို လာလျှင် မုန့်ဝယ်ကျွေးပါ အန်တီတင့်…

သက်ဝေ
(၃၁ သြဂုတ် ၂၀၁၄)

*ခဖဝရ - ခိုး ဖတ် ဝိုင်း ရယ်
Viewing all 164 articles
Browse latest View live